ဈေးရောင်းနေသည့်ဇနီးအား ခင်ပွန်းဖြစ်သူက သံတူးရွင်းဖြင့်ရိုက်သတ်မှု လသာမြို့နယ်၌ ဖြစ်ပွား

ဈေးရောင်းနေသည့်ဇနီးအား ခင်ပွန်းဖြစ်သူက သံတူးရွင်းဖြင့်ရိုက်သတ်မှု လသာမြို့နယ်၌ ဖြစ်ပွား
Published 28 November 2017

အခင်းဖြစ်နေရာအား တာဝန်ရှိသူများ စစ်ဆေးစဉ်

ဈေးရောင်းနေသည့်ဇနီးအား ခင်ပွန်းဖြစ်သူက သံတူးရွင်းဖြင့်ရိုက်သတ်မှု လသာ မြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် အခင်းဖြစ်ပွားရာရပ်ကွက်ရှိ အုပ်ချုပ်ရေးအဖွဲ့မှ စုံစမ်းသိရသည်။

နိုဝင်ဘာ ၂၆ ရက် နံနက် ၇ နာရီ ဝန်းကျင်ခန့်တွင် လသာမြို့နယ် (၂) ရပ်ကွက် ၁၈ လမ်းရှိ ဈေးတစ်ခုတွင် ဈေးရောင်းနေသည့် အမျိုးသမီးတစ်ဦး အရိုက်ခံရသဖြင့် ဒဏ်ရာများရရှိကာ လဲကျနေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာ ဒဏ်ရာများရရှိပြီး လဲကျနေသူမှာ အဆိုပါဈေးတွင် ဈေးရောင်းသည့် မ....(၃၈ နှစ်) ဖြစ်ပြီး ၎င်းမှာ ဦးခေါင်းတွင် ဒဏ်ရာများရရှိကာ လဲကျနေသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ သက်ဆိုင်ရာမှ တင်ပို့ပေးခဲ့ ကြောင်း သိရသည်။

ယင်းသို့ ဆေးရုံတင်ထားရစဉ် အခင်းဖြစ်သည့်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် မ...(၃၈ နှစ်) မှာ သေဆုံးသွားကြောင်း သိရသည်။

“ကောင်မလေးက အဲဒီမှာ ဈေးရောင်းတာ။ အဲဒီလိုဈေးရောင်းနေရင်း သူ့ရဲ့ ခင်ပွန်းပေါ့။ ဆောက်လုပ်ရေးသုံး သံတူးရွင်းနဲ့ လာပြီးရိုက်သွားတာပါ။ ကျွန်တော်တို့ကလည်း ရိုက်နှက်မှုဖြစ်တယ်ဆိုတာ သတင်းရတော့ သွားရောက်ပြီး စစ်ဆေးမှုတွေပြုလုပ်ပါတယ်။ ပြီးတော့ သက်ဆိုင်ရာရဲစခန်းကိုလည်း ဆက်သွယ်ပြီးတော့ ဒဏ်ရာရတဲ့ ကောင်မလေးကို ဆေးရုံကိုပို့လိုက်ပါတယ်။ ကောင်မလေးက အဲဒီနေ့ မွန်းလွဲ ၁ နာရီ လောက်မှာပဲ ဆုံးသွားပါတယ်”ဟု အခင်းဖြစ်ပွားသည့်ရပ်ကွက်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

သေဆုံးခဲ့သည့် မ...(၃၈ နှစ်) တွင် ၁၅ နှစ်အရွယ်နှင့် ကိုးနှစ်အရွယ် သမီးနှစ်ဦးရှိကြောင်း သိရပြီး ၎င်းက ခင်ပွန်းဖြစ်သူ ဇင်ကိုကိုလတ် (၄၃ နှစ်) နှင့်အတူ နေထိုင်ခြင်းမရှိသည်မှာ လေးလခန့်ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

ဇနီးအား သံတူရွင်းဖြင့် ရိုက်သတ်ခဲ့သူအား CCTV မှတစ်ဆင့် တွေ့ရစဉ်

“အမေရယ်၊ သမီးရယ်၊ သမီးညီမလေးရယ်က အဒေါ်တို့အိမ်မှာ နေကြတာ။ လွန်ခဲ့တဲ့ လေးလလောက်ကတည်းက အဖေက သမီးကိုရိုက်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမေက မကျေနပ်ဖြစ်ပြီး သမီးအဒေါ်အိမ်မှာနေတာ။အဖေနဲ့က အဲဒီကတည်းက အတူတူမနေတော့ အဲဒါကို အဖေက မကျေမနပ်ဖြစ်ပြီး ခဏခဏ ပြဿနာရှာတယ်။ အမေ့ကိုလည်း အရင်က ဆိုင်ကယ်နဲ့တိုက်ဖူးတယ်”ဟု သေ ဆုံးခဲ့သည့် မ....(၃၈ နှစ်) ၏ ၁၅ နှစ်အရွယ် သမီးဖြစ်သူက ပြောကြားသည်။

သံတူးရွင်းဖြင့် ရိုက်သတ်ခဲ့သည့် ဇင်ကိုကိုလတ် (၄၃ နှစ်) မှာ လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်ကယ်ရီမောင်းသူဖြစ်သည်။

ဖြစ်စဉ်မှ မ....(၃၈ နှစ်) အား သံတူးရွင်းဖြင့်ရိုက်သတ်ခဲ့သည့် ၎င်း၏ခင်ပွန်း ဇင်ကိုကိုလတ် (၄၃ နှစ်) အား နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်း၌ တွံတေးမြို့နယ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သည့် မ...(၃၈ နှစ်) ၏ ကျန်ရှိခဲ့သည့် သမီးနှစ်ဦးအတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် NLD ဗဟို လူမှုအထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူများ ဦးဆောင်ပြီး ၁၈ လမ်းနှင့် ၁၇ လမ်းတို့တွင် အလှူငွေများ ကောက်ခံပေးခဲ့ကြောင်း သိရသည်။

“အလှူငွေကောက်ခံတာ ရှစ်သိန်းကျော် ရပါတယ်။ ရတဲ့ငွေကို သေဆုံးသူရဲ့ သမီးနှစ်ဦးထံကို သူတို့လိုအပ်တဲ့နေရာမှာသုံးဖို့ ပေးအပ်ထားပါတယ်”ဟု (၂) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ လသာ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက”ကျူးလွန်သူကို နိုဝင်ဘာ ၂၇ ရက်မှာ ဖမ်းဆီးရမိထားပါတယ်။ အခုတော့ စစ်ဆေးမှုတွေပြုလုပ်နေပြီး ရမန်ယူဖို့ ဆောင်ရွက်နေပါတယ်”ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇင်ကိုကိုလတ် (၄၃ နှစ်) အား လသာမြို့မရဲစခန်း က (ပ) ၃၈၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

Most Read

Most Recent