တရုတ် အမျိုးသားနှင့် သုံးလ လက်ထပ်ပေါင်းသင်းပါက ကျပ်သိန်း ၂၀ ရမည်ဟု အမျိုးသမီးနှစ်ဦးအား စည်းရုံးသူကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေဖြင့် ဖမ်းဆီး

တရုတ် အမျိုးသားနှင့် သုံးလ လက်ထပ်ပေါင်းသင်းပါက ကျပ်သိန်း ၂၀ ရမည်ဟု အမျိုးသမီးနှစ်ဦးအား စည်းရုံးသူကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေဖြင့် ဖမ်းဆီး
Published 28 November 2017

တရုတ်နိုင်ငံတွင်  တရုတ်အမျိုးသားနှင့် သုံးလ လက်ထပ်ပေါင်းသင်းပါက ကျပ်သိန်း ၂၀ ရမည်ဟု အမျိုးသမီးနှစ်ဦးအား စည်းရုံးသူကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ကာ လှိုင်သာယာမြို့မရဲစခန်းမှ ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရှမ်းချောင်းရပ်ကွက်၌ တရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ် ပို့ဆောင်ရန်အတွက် ငွေပေးစည်းရုံးမှုများ ရှိနေသည်ဟူသာ သတင်းအရ နိုဝင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သက်သေများနှင့် သွားရောက် စစ်ဆေးခဲ့သည်။

ထို့သို့ သွားရောက်စစ်ဆေးရာ စည်းရုံးခံရသူများမှာ မ...... (၃၉ နှစ်) နှင့် မ......(၁၈ နှစ်) တို့ဖြစ်ကြောင်း သိရသဖြင့် ရဲတပ်ဖွဲ့မှ စုံစမ်းမေးမြန်းရာ နိုဝင်ဘာ ၂၅ ရက်တွင် ယခင်က တစ်ရပ်ကွက်တည်း နေထိုင်ဖူးသည့် မရင် (ခ) မနိုင် (ခ) မလှလှဆိုသူက ၎င်းတို့အား တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားနှင့် သုံးလ လက်ထပ်ပေါင်းသင်းပါက ကျပ်သိန်း ၂၀ ရမည်ဖြစ်ကြောင်း၊ သုံးလပြည့်ပါက ပြန်ခေါ်ပေးမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် ၎င်းတို့က သဘောတူညီခဲ့ကြောင်း၊ ထို့နောက် နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီခန့်တွင် မရင် (ခ) မနိုင် (ခ) မလှလှ ဆိုသူရောက်လာပြီး ၎င်းတို့နှစ်ဦးအား လာရောက်ခေါ်ဆောင်ကာ လောလောဆယ် အသုံးပြုရန်ဟုဆိုကာ ကျပ်နှစ်သောင်းစီ ပေးသဖြင့် လက်ခံခဲ့ကြောင်း၊ ထိုသို့ရှိစဉ် အနီးပတ်ဝန်းကျင်မှ လူများက မရင် (ခ) မနိုင် (ခ) မလှလှ ဆိုသူသည် အမျိုးသမီးများအား တရုတ်နိုင်ငံသို့ ယခင်က ပို့ဆောင်ရောင်းစားကြောင်းများ ပြောပြသဖြင့် တာဝန်ရှိသူများထံ ဆက်သွယ် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

ထို့ကြောင့် ၃၉ နှစ်အရွယ် အမျိုးသမီး နှင့် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တို့အား တရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ် ပို့ဆောင်ပြီး ကာမရာဂအား ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်နှင့် ကြိုတင်ငွေပေး စည်းရုံးဆောင်ရွက်မှုဖြင့် မရင် (ခ) မနိုင် (ခ) မလှလှ ဆိုသူကို အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက တရားလိုပြုလုပ်ကာ လှိုင်သာယာမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့မှုကြောင့် လှိုင်သာယာမြို့မရဲစခန်းမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄ ဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent