နယ်ခြားစောင့်ဗိုလ်ကြီးနှင့်ဇနီးအား သတ်ဖြတ်ပြီး ကားနောက်ဖုံးတွင် ထည့်သွင်းရာတွင်ပါဝင်သူ လူငယ်တစ်ဦးအား ဖမ်းဆီးရမိ

နယ်ခြားစောင့်ဗိုလ်ကြီးနှင့်ဇနီးအား သတ်ဖြတ်ပြီး ကားနောက်ဖုံးတွင် ထည့်သွင်းရာတွင်ပါဝင်သူ လူငယ်တစ်ဦးအား ဖမ်းဆီးရမိ
Published 23 November 2017

နယ်ခြားစောင့်တပ်တံဆိပ်များ ပါဝင်သော ကားတစ်စီးမှ မိတ္ထီလာမြို့တွင်ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဘော်ဒီရုံ အပ်နှံထားခဲ့စဉ် အနံ့ထွက်လာသဖြင့်ရှာဖွေရာ ကားနောက်ဖုံးတွင်း ထည့်ထားသော လူသေအလောင်း နှစ်လောင်းတွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ အမျိုးသားအလောင်းမှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ၊ BFG အမှတ်(၁)တပ်နယ်မှ ဗိုလ်ကြီးစိုင်းစိုးအောင် (၃၈ နှစ်)ခန့် ဖြစ်ပြီး စီးပွားရေးတာဝန်ခံအဖြစ် မန္တလေးမြို့ မဟာမြိုင် (၁) တွင် နေထိုင်သူတစ်ဦးဖြစ်ကာ သေဆုံးသူ အမျိုးသမီးမှာ မလင်းလင်း (၃၀ နှစ်)  ပျော်ဘွယ်မြို့နယ် ချောင်းကောက်ကျေးရွာနေသူ တစ်ဦးဖြစ်ကြောင်း သိရှိရပြီး ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ခဲ့ရာ ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ အုတ်တွင်းမြို့နေ လှမိုးထက် (၁၉ နှစ်) အရွယ်ရှိ လူငယ်တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက်က မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက် ဇွဲရုံဂိတ် အနီး ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၃၃၇ အနီး လမ်းမဘေးအုတ်ခုံအား ကြယ်တံဆိပ်ပါ ကားတစ်စီးမှ တိုက်မိရပ်တန့်ထားခဲ့ကြောင်း သတင်းအရ မြို့မရဲစခန်းတာဝန်ရှိသူများသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်အမှတ် 9J/-------နံပါတ်ပါ Nissan fuga ယာဉ်အား တွေ့ရှိရပြီး ယာဉ်မောင်းမတွေ့ရှိရသဖြင့် စစ်ဆေးကြည့်ခဲ့ရာ အမှတ်(၁)တပ်နယ် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ တပ်ပိုင်ယာဉ်ဟု ရေးသားထားသော သက်သေခံ လက်မှတ်တစ်ခု၊ အမှတ် (၁)တပ်နယ် တံဆိပ်တစ်ခု၊ ၂၀၁၈ ခုနှစ် ဘီးခွန်ကောက်ခံပြီး အဝိုင်းတစ်ခုတို့ တွေ့ရှိခဲ့ရပြီး ကားသော့ဖွင့်မရသဖြင့် နီးစပ်ရာ ကားဝပ်ရှော့သို့ တွန်းပို့ခဲ့ကြကြောင်း၊ ထိုသို့တွန်းပို့ခဲ့ပြီးနောက် မိတ္ထီလာမြို့မရဲစခန်းတာဝန်ရှိသူများက သက်ဆိုင်ရာသို့ ဆက်သွယ်စုံစမ်းနေစဉ် ကားဝပ်ရှော့ ပိုင်ရှင်မှ ယမန်နေ့က အပ်နှံထားသော ကားအတွင်းမှ  အပုပ်နံ့များရရှိကြောင်း သတင်းပို့ခဲ့သဖြင့် နိုဝင်ဘာ ၁၈ ရက် နံနက် ၁၁ နာရီခန့်က  မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးညွန့်ထွန်းနှင့် အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ကားနောက်ဖုံးတွင်းမှ ဦးခေါင်းပခုံးနှင့်လည်ပင်းတို့တွင် ပြတ်ရှထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသော  အသက် ၃၀ ခန့်ရှိ အမျိုးသားအလောင်းတစ်လောင်း နှင့်  အသက် ၃၀ ခန့်ရှိ အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“စစ်ဆေးဆဲမို့ ဘာမှသေချာပြောလို့မရ သေးပါဘူး။ မနေ့က တစ်ယောက်ဖမ်းလာတယ်။ ဒီအမှုက မန္တလေးကိုလွှဲမှာပါ” ဟု မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ၂၂ ရက် မနက်ပိုင်းက ပြောကြားသည်။ အဆိုပါအမှုအား မိတ္ထီလာမြို့မြို့မရဲ စခန်းမှူး ဒုရဲမှူး ခင်မောင်စိုးက အမှုစစ်အဖြစ် တာဝန်ယူကာ (ပ)၄၇၁/ ၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent