<

နိဗ္ဗာန်ဈေး လက်မှတ်တိုးရာမှ စကားများရန်ဖြစ်ပြီး လင်မယားနှစ်ဦးအား အခြားနှစ်ဦးက ဓားဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်မှု ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်တွင် နိဗ္ဗာန်ဈေးလက်မှတ် တိုးဝှေ့ရာမှ  စကားများရန်ဖြစ်ပြီး လင်မယားနှစ်ဦးအား အခြားလူနှစ်ဦးက ဓားဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်နှက်မှု နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ သာကေတမြို့နယ် ကျူးကျော်ရပ်ကွက်နေ ကို…. (၃၄ နှစ်) နှင့် ၎င်း၏ဇနီး  ဖြစ်သူ မ…. (၂၃ နှစ်) တို့သည် ပုဇွန်တောင်မြို့နယ် သီတာဆိပ်လမ်းမပေါ်တွင် နိဗ္ဗာန်ဈေး လက်မှတ်တိုးရာမှ စိန်ကုလား၊ ဝေဠုကျော်ဆိုသူတို့နှစ်ဦးနှင့် စကားများရန်ဖြစ်ခဲ့ကြကြောင်း၊ ထိုသို့စကားများစဉ် ကို…. (၃၄ နှစ်) နှင့် ဇနီးဖြစ်သူ မ….(၂၃ နှစ်) တို့အား စိန်ကုလားဆိုသူက အရှည်တစ်တောင်ခန့်ရှိ ဓားဖြင့်လည်းကောင်း၊ ဝေဠုကျော်ဆိုသူက  အရှည်တစ်တောင်ခန့်ရှိ သစ်သားတုတ်ဖြင့်လည်းကောင်း ၀ိုင်းဝန်းထိုးခုတ်ရိုက်နှက်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

ယင်းသို့ ဓားဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်နှက်ခံခဲ့ရသဖြင့် ကို…. (၃၄ နှစ်) မှာ ဦးခေါင်းချို စောင်းပြတ်ရှ၊ ၀ဲလက်ဖျံပြတ်ရှ၊ ယာမျက်လုံး ဖူးရောင်ဒဏ်ရာနှင့် မ…. (၂၃ နှစ်) မှာ ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ လေးချက်တို့ရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် တင်ပို့ကုသထားရကြောင်း သိရသည်။

“ဓားနဲ့ခုတ်၊ တုတ်နဲ့အရိုက်ခံရတဲ့ လင်မယားကတော့ခု ဆေးရုံမှာပါ။ စိုးရိမ်ရတဲ့ အနေအထားတော့ မရှိတော့ဘူးလို့ သိရတယ်။  နိဗ္ဗာန်ဈေးလက်မှတ်တိုးကြရင်းနဲ့ ဖြစ်တာပါ။ ကျူးလွန်သူနှစ်ဦးကို ဖမ်းမမိသေးပါဘူး။ ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို ပုဇွန်တောင်မြို့မရဲ စခန်းက (ပ) ၂၆၉/ ၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆/  ၃၂၅ /၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

November 21, 2017














Copy Protected by Chetan's WP-Copyprotect.