မိမိအား ဓားဖြင့်ထိုးသူကို ဖုန်းဖြင့်ဓာတ်ပုံရိုက်ကာ သူငယ်ချင်းများထံ ပေးပို့ခဲ့သဖြင့် တရားခံအား ဖမ်းမိ

မိမိအား ဓားဖြင့်ထိုးသူကို ဖုန်းဖြင့်ဓာတ်ပုံရိုက်ကာ သူငယ်ချင်းများထံ ပေးပို့ခဲ့သဖြင့် တရားခံအား ဖမ်းမိ
Published 2 November 2017

မိမိအား ဓားဖြင့်ထိုးသူကို ဖုန်းဖြင့်ဓာတ်ပုံရိုက်ကာ သူငယ်ချင်းများထံ ပေးပို့ခဲ့သဖြင့် တရားခံအား အမြန်ဆုံးဖမ်းမိခြင်းဖြစ်ကြောင်း အသတ်ခံရသူ အသက် ၁၇ နှစ်အရွယ် လူငယ်၏ ဆွေမျိုးများထံမှ သိရသည် ။

လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်နေ ဖိုးခွား (ခ) အာကာဝင်း (၁၇ နှစ်) မှာ အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီခန့်တွင် လောပိတ ကျေးရွာအုပ်စု လေးမိုင်ရွာအနီး လမ်းမပေါ်တွင် ဓားဒဏ်ရာများဖြင့် လဲကျနေစဉ် ရဲလှည့်ကင်းယာဉ်မှ တွေ့ရှိသဖြင့် လွိုင်ကော်ဆေးရုံ သို့ တင်ပို့ကုသစဉ် အောက်တိုဘာ ၃၀ ရက် ၁ နာရီခွဲတွင် သေဆုံးသွားကြောင်း သိရသည်။

“ဖိုးခွား ဆေးရုံရောက်နေတယ်ဆိုလို့ သွားကြည့်တော့ ဝမ်းဗိုက်နဲ့ နောက်ကျော ဒဏ်ရာနှစ်ချက်တွေ့ရတယ်။ သား ဘာဖြစ်လဲမေးတော့ လောပိတဘက်သွားတဲ့ လေးမိုင် ဓာတ်အားခွဲရုံနားမှာ သူ့သူငယ်ချင်း ကုလားက ထိုးတယ်လို့ပြောတယ်။ ကုလားက သူတို့ စီးလာတဲ့ဆိုင်ကယ် ယူသွားတယ်လို့ပြောတယ် ။ သူက ဓားနဲ့အထိုးခံရပြီး လဲကျတော့ ကုလားကို ဖုန်းနဲ့ ဓာတ်ပုံရိုက်တယ်။ သူ့ သူငယ်ချင်းတွေကို စာပို့တယ်။ ရဲကို ဖုန်းထဲက ပုံပြတော့ ရဲက သက်သေအဖြစ် ယူသွားတယ်။ ကုလားက ဖိုးခွားနဲ့ တစ်ရပ်ကွက်ထဲနေတာ။ သူတို့ခင်ကြတယ်။ ဆိုင်ကယ်လိုချင်တာ ယူသွားပေါ့နော်။ ဘာလို့ကလေးကို ဓားနဲ့ထိုးရ တာလဲ။ စိတ်မကောင်းဘူး” ဟု အဒေါ်ဖြစ်သူက ပြောကြားသည်။

ရဲဝဏ္ဏကို (ခ) ဂျူဘိုင် (ခ) ကုလား (၂၀ နှစ်) အား ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ရှာဖွေရာ လောပိတစံပြရွာတွင် ခိုအောင်းနေသည်ဟု သတင်းရရှိခဲ့ပြီး အောက်တိုဘာ ၃၀ ရက်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

“သားတို့က ဒေါဥခူ ဂိမ်းဆိုင်ဘေးမှာ ည ၈ နာရီလောက် ဘောလုံးကန်နေတာ ကုလားက ရောက်လာပြီး ဖိုးခွားကို တပ်ရှေ့အထိ လိုက်ပို့ဖို့ပြောတယ်။ မင်းကို ထမင်းလည်း ကျွေးမယ်။ မုန့်ဖိုးလည်းပေးမယ်လို့ ပြောသံကြားရတယ်။ ဖိုးခွားက ဂိမ်းဆိုင်က ဆိုင်ကယ်ငှားပြီး လိုက်ပို့တယ်။ ၉ နာရီခွဲလောက်ရှိမယ် ထင်တယ်။ Message ပို့တယ်။ ကုလားပုံ ပို့လာတယ်။ ငါ့ကို ကုလား ဓားနဲ့ထိုးတယ်တဲ့” ဟု သေဆုံးသူ၏သူငယ်ချင်းက ပြောကြားသည်။

Most Read

Most Recent