ပုဇွန်တောင်မြို့နယ်ရှိ အစိုးရပိုင်ကြေးမုံသတင်းစာတိုက် မီးခံသေတ္တာမီးလောင်မှုမှာ ငွေကိုင်တာဝန်ခံ အမျိုးသမီးက ငွေများကို အလွဲသုံးစားလုပ်ရန်ရည်ရွယ်၍ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရ

ပုဇွန်တောင်မြို့နယ်ရှိ အစိုးရပိုင်ကြေးမုံသတင်းစာတိုက် မီးခံသေတ္တာမီးလောင်မှုမှာ ငွေကိုင်တာဝန်ခံ အမျိုးသမီးက ငွေများကို အလွဲသုံးစားလုပ်ရန်ရည်ရွယ်၍ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရ
Published 1 November 2017

မီးလောင်ကျွမ်းထားသည့် ပီနံအိတ်၊ ငွေစက္ကူပုံသဏ္ဍန် ပြုလုပ်ထားသည့် သတင်းစာစက္ကူဖြတ်စ၊ ၅၀၀ ကျပ်တန် ငွေစက္ကူများနှင့် ငွေကိုင်တာဝန်ခံ ဒေါ်ဖြူဖြူဝင်းအား တွေ့ရစဉ် (ဓာတ်ပုံ - Yangon Police)

ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလမ်းနှင့် ၅၂ လမ်းထောင့်ရှိ အစိုးရပိုင်ကြေးမုံသတင်း စာတိုက်မှ မီးခံသေတ္တာမီးလောင်မှုမှာ ယင်းသတင်းစာတိုက်မှ ငွေကိုင်တာဝန်ခံ အမျိုးသမီးက ငွေများကို အလွဲသုံးစားလုပ်ရန် ရည်ရွယ်၍ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့၏ အောက်တိုဘာ ၃၁ ရက် ၇ နာရီ မိနစ် ၃၀ ခန့်က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားမှုအရ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၃၀ ရက် ညနေပိုင်းက အဆိုပါကြေးမုံသတင်းဌာနမှ ဝန်ထမ်းတစ်ဦးက သတင်းစာတိုက်တွင် ဝိုင်ယာရှော့ဖြစ်၍ မီးလန့်နေကြောင်း မန်နေဂျာအား အကြောင်းကြားခဲ့ရာ မန်နေဂျာက သွား ရောက်စစ်ဆေးခဲ့ကြောင်း ထိုသို့သွားရောက် စစ်ဆေးရာတွင် ၎င်းအခန်းအတွင်းရှိ ပြေစာ စာအုပ်သစ်များ မီးလောင်ကျွမ်းနေပြီး မီးခံ သေတ္တာမှာ ပွင့်လျက်အတွင်းရှိ ပီနံအိတ်ဖြင့် ထည့်ထားသည့် နေ့စဉ်ဝင်ငွေများ မီးလောင် ကျွမ်းနေသည်ကို တွေ့ရှိရသဖြင့် မီးအားဝိုင်း ဝန်းငြှိမ်းသတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါမီးခံသေတ္တာအတွင်းသို့ ငွေစာရင်းမည်မျှ ထည့်ထားသည်ကို မသိရှိရ၍ စာရင်းအဖွဲ့အားခေါ်ယူမေးမြန်းရာ ငွေကျပ် ၈၈၈ သိန်းကျော် ထည့်ထားသည်ဟု သိရှိရသဖြင့် ပုဇွန်တောင်မြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ ကြကြောင်း သိရှိရသည်။

ထို့နောက် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ မီးခံသေတ္တာသော့မှာ ငွေကိုင်တာဝန်ခံ ဒေါ်ဖြူဖြူဝင်း (၅၉ နှစ်) တစ်ဦးတည်းသာ ကိုင်ဆောင်သည်ဟု စစ်ဆေးသိရှိရပြီး ဒေါ်ဖြူဖြူဝင်းက အဆိုပါတိုက်မှ လုံခြုံရေးတစ်ဦးအား ပီနံအိတ်ကို သယ်ဆောင်စေ၍ မီးခံသေတ္တာအတွင်းသို့ ထည့်သွင်းစေခဲ့သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း၊ မီးလောင်ကျွမ်းထားသည့် ပီနံအိတ်အတွင်းရှိ ငွေစက္ကူဆိုသော အရာများအား စစ်ဆေးရာ သတင်းစာ စက္ကူအဟောင်းများ ငွေစက္ကူပုံသဏ္ဌာန် ပြုလုပ်ထားသည့် သရေကွင်းစည်းထားသော သတင်းစာစက္ကူဖြတ်စများ တစ်ဝက်တစ်ပျက် မီးလောင်ကျွမ်းထားသည့် ကျပ် ၅၀၀ တန် ငွေစက္ကူအဟောင်း ၁၀ အုပ်ခန့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုသို့ မန်နေဂျာအခန်းတွင်းရှိ မီးခံသေတ္တာမှာ သော့ပွင့်လျက် ကျပ်သိန်း ၈၀၀ ကျော်ထည့်ထားသည် ဆိုသည့် ပီနန်အိတ်မှာ မီးခံသေတ္တာအတွင်း၌ မီးတစ်ဝက်တစ်ပျက် လောင်ကျွမ်းနေသည်ကို စစ်ဆေးတွေ့ရှိရ ခြင်း မီးနံအိတ်အတွင်း ငွေအချို့နှင့်ရောလျက် သတင်းစာစက္ကူများ ငွေစက္ကူပုံသဏ္ဌာန်ပြုလုပ်ထားသည့် စက္ကူများသာတွေ့ရှိခြင်း အခန်းအတွင်း၌ ဓာတ်ဆီလောင်း၍ မီးရှို့ရာတွင် အသုံးပြုသော ဓာတ်ဆီများထည့်ထားသည့် ပလတ်စတစ်ဘူးအား တွေ့ရှိခဲ့ရခြင်း၊ သော့ ကိုင်ဆောင်သူ၏ ငွေကိုင်အခန်းအတွင်းမှ ၅၀၀ တန်ငွေစက္ကူခြောက်အုပ်အား ရှာဖွေ တွေ့ရှိရခြင်း ရှာဖွေတွေ့ရှိခဲ့ရခြင်းတို့ကြောင့် မီးခံသေတ္တာသော့ ကိုင်ဆောင်သူ ဒေါ်ဖြူဖြူ ဝင်းမှာငွေများအား မီးခံသေတ္တာအတွင်းသို့ ထည့်သွင်းခြင်း မရှိဘဲ အလွဲသုံးစားပြုကာ မန်နေဂျာရုံးခန်းအား မီးရှို့ခဲ့ခြင်းဖြစ်နိုင်ကြောင်း သံသယဖြစ်ဖွယ်ရာများ တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ထိုသို့ စစ်ဆေးမှုများပြုလုပ်ပြီးနောက်တွင် အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ ဝိုင်ယာရှော့ဖြစ်၍ မီးလောင်မှုမဟုတ်ဘဲ ငွေကိုင်တာဝန်ခံ ဒေါ်ဖြူဖြူဝင်း အလွဲသုံးစားရန် ရည်ရွယ်၍ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ် ပေါက်ခဲ့သဖြင့်ဒေါ်ဖြူဖြူဝင်းကို ပုဇွန်တောင် မြို့မရဲစခန်း၌(ပ) ၂၆၀/၂၀၁၇ ၊ ရာဇသတ် ကြီး ဥပဒေပုဒ်မ ၄၀၉/၄၃၆ ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent