မုံရွာ နှစ်လောင်းပြိုင် လူသတ်မှုအား သေဒဏ် အပါအဝင် အလုပ်နှင့် ထောင်ဒဏ် ၂၄ နှစ် သီးခြားစီ ချမှတ်

မုံရွာ နှစ်လောင်းပြိုင် လူသတ်မှုအား သေဒဏ် အပါအဝင် အလုပ်နှင့် ထောင်ဒဏ် ၂၄ နှစ် သီးခြားစီ ချမှတ်
Published 31 October 2017

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့တွင် ဖြစ်ပွားသည့် လူနှစ်လောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်ပြီး အောက်တိုဘာ ၃၀ ရက်က လူသတ်တရားခံအား သေဒဏ် အပါအဝင် အလုပ်နှင့်ထောင်ဒဏ် ၂၄ နှစ် ပစ်ဒဏ် ပစ်မိန့် သီးခြားစီကျခံစေရန် မုံရွာခရိုင် တရားရုံးမှ စီရင်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၇ ရက် ညပိုင်းက မုံရွာမြို့ ကန်သာဦး (အင်းရွာသစ်) ရပ်ကွက် သမာဓိလမ်း အိမ်နံပါတ်၂/၉၉ တွင် အိမ်အငှားနေထိုင်သော ဦးအဲချိုနှင့် ဒေါ်ထားထားတို့ လင်မယားသည် အိပ်ပျော်နေစဉ် လူသတ်တရားခံ ကောင်းကောင်း (ခ)ကောင်းခန့်သော် (၂၀ နှစ်)သည် အသင့်ပါလာသည့် ဓားဖြင့် လင်မယားနှစ်ဦးအား မသေမချင်း ခုတ်သတ်ခဲ့ကြောင်း အဆိုပါဖြစ်စဉ်သည် တစ်နှစ်နီးပါး အမှုရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

“လူသတ်မှု အပါအဝင် ပုဒ်မသုံးခုနဲ့ ဒီနေ့ဘဲ အမိန့်ချလိုက်တာ။ တရားခံက တစ်ယောက်တည်းပါ။ သေဒဏ်ရယ် အလုပ်နဲ့ ထောင်ဒဏ် (၁၄ နှစ်) ရယ် နောက်ပုဒ်မ တစ်ခုကတော့ ထောင်ဒဏ် (၁၀ နှစ်) ဆိုပြီး အမိန့် ချမှတ်ခဲ့တာပါ။ တရားခံ တစ်ယောက်တည်းကို ပုဒ်မသုံးခုနဲ့ အမိန့်ချခဲ့တာပါ” ဟု မုံရွာမြို့ခရိုင် တရားရုံးမှ တရားသူကြီးတစ်ဦးက ပြောကြားသည်။

နှစ်လောင်းပြိုင် လူသတ်မှုတွင် ကျူးလွန်ခဲ့သူ ကောင်းကောင်း (ခ) ကောင်းခန့်သော်သည် လင်မယားနှစ်ဦးအား မသေမချင်းဓားဖြင့် ခုတ်သတ်ခဲ့သည့်အပြင် အခင်းဖြင့် အိမ်အတွင်းမှ ကျပ်ငွေ ၁၂ သိန်းကျော် အပါအဝင် ရွှေထည်ပစ္စည်းများနှင့် FZ ဆိုင်ကယ်တို့ကို ယူဆောင်သွားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

Most Read

Most Recent