မန္တလေးမြို့အတွင်း ကျုံးနံဘေးဝန်းကျင်မှ ဆိုင်ကယ်များ ခိုးခဲ့သူအား ဖမ်းဆီးရမိ

မန္တလေးမြို့အတွင်း ကျုံးနံဘေးဝန်းကျင်မှ ဆိုင်ကယ်များ ခိုးခဲ့သူအား ဖမ်းဆီးရမိ
Published 31 October 2017

ဆိုင်ကယ်ခိုးယူသူထံမှ ဖမ်းဆီးရမိသည့် ဆိုင်ကယ်များအား တွေ့ရစဉ်

မန္တလေးမြို့၏ အထင်ကရ နေရာဖြစ်သည့် ကျုံးနံဘေး ဝန်းကျင်မှ Click နှင့် Scoopy ဆိုင်ကယ်များ ခိုးသူအား ဖမ်းဆီးရမိခဲ့ကြောင်း နယ်မြေရဲစခန်း အမှတ် (၂) မှ နယ်ထိန်းရဲ အရာရှိ ရဲအုပ်ကမ်အောင်မြင့်က အောက်တိုဘာ ၃၀ ရက်က ပြောကြားသည်။

“ဆိုင်ကယ်သူခိုးမိတာက ကျုံးဘေးရေပန်းဥယျာဉ်နားမှာ ဖမ်းမိတာပါ။ သော့အတုနဲ့ ခိုးနေတာပါ။ အနီးက ဆိုင်ကယ် Taxi သမား နှစ်ဦးကို သက်သေအနေနဲ့ခေါ်ပြီး ဖမ်းဆီးခဲ့တာပါ။ Scoopy ဆိုင်ကယ်တစ်စီးကနေစပြီး အမှုဖွင့်လိုက်တယ်။ နောက် စစ်ဆေးပေါ်ပေါက်ချက်အရ မြင်းခြံမှာ ဆိုင်ကယ် ၁၀ စီး၊ မိတ္ထီလာမှာ လေးစီး သွားရောက်သိမ်းဆည်းခဲ့ပါတယ်။ ကျန်တဲ့ ဆိုင်ကယ် တစ်စီး နှစ်စီးကို ဆက်လက်သိမ်းဖို့ ရှိပါတယ်။ အခု လောလောဆယ်တော့ ဆိုင်ကယ် ၁၅ စီး ဖော်ထုတ်နိုင်ပါတယ်” ဟု ရဲအုပ်ကမ်အောင်မြင့်က ပြောကြားသည်။

အောက်တိုဘာ ၂၆ ရက်က ကျုံးဘေး ၂၆ လမ်း ကျုံးနံဘေး ပလက်ဖောင်းပေါ်တွင် အားကစား လုပ်သူများ ရပ်ထားသည့် ဆိုင်ကယ်များ အနီးတွင် မသင်္ကာဖွယ် လူတစ်ဦးက ရပ်ထားသည့် ဆိုင်ကယ်တစ်စီးအား သော့ဖွင့်ရန် ပြုလုပ်နေသည်ကို တွေ့ရှိခဲ့သောကြောင့် တာဝန်ရှိသူများက ရှာဖွေခဲ့ရာ Honda တံဆိပ်ပါ ဆိုင်ကယ်သော့ သုံးချောင်းကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီးနောက် ရဲစခန်းသို့ ခေါ်ဆောင်ပြီး သက်သေများရှေ့တွင် စစ်မေးခဲ့ရာ လွန်ခဲ့သည့် ခြောက်လခန့်က ည ၉ နာရီခန့်တွင် ၂၆ လမ်း၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြား၊ ကျုံးနံဘေးတွင် ရပ်ထားသော Honda Scoopy ဆိုင်ကယ်တစ်စီးအား ခိုးယူပြီး ပြည်ကြီးတံခွန်မြို့နယ် (ခ) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသား တစ်ဦးထံတွင် ငွေကျပ် ၅၅၀၀၀၀ ဖြင့် ပေါင်နှံထားသောကြောင့် သိမ်းဆည်းခဲ့သည်။

တရားခံမှာ ကိုမင်းမင်း (၃၂ နှစ်) ယခင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် နေသူဖြစ်ပြီး ယခုလက်ရှိတွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်မြို့ တိုးချဲ့ (၂) ရပ်ကွက် ကျန်တန်းတွင် အိမ်ငှားဖြင့် နေထိုင်လာသည်မှာ သုံးလဝန်းကျင် ရှိပြီဖြစ်ကြောင်း ရဲအုပ်က ဆိုသည်။

“တရားခံ ထွက်ဆိုချက်အရ ဆိုင်ကယ်တွေကို ကျုံးနံဘေး ပတ်ဝန်းကျင်ကနေ ခိုးလာတယ်။ အများဆုံးက ၂၆ လမ်း၊ ၇၁ လမ်းနဲ့ ၇၃ လမ်းကြား၊ ညနေပိုင်း လမ်းလျှောက်ချိန်နဲ့ ညပိုင်းအချိန်တွေမှာ ခိုးခဲ့တယ်။ သူကိုယ်တိုင် တစ်ကိုယ်တော်ပဲ ခိုးခဲ့တယ်လို့ ထွက်ဆိုတယ်။ သူ့ကို တစ်စီးတစ်မှုနဲ့ အမှုဖွင့်သွားမှာပါ” ဟု ရဲအုပ်ကမ်အောင်မြင့်က ဆက်လက်ပြောကြားသည်။

သိမ်းဆည်းရမိသည့် ဆိုင်ကယ်များမှာ Honda Click ခြောက်စီး၊ Honda Scoopy ခြောက်စီးနှင့် တရုတ်ဆိုင်ကယ် ဂီယာဘီး သုံးစီးတို့ဖြစ်ပြီး ဆိုင်ကယ်ပျောက်ဆုံးသူများ အနေဖြင့် အမှတ် (၂) နယ်မြေရဲစခန်းတွင် လာရောက်စုံစမ်းနိုင်ကြောင်း သိရသည်။

ကျုံးနံဘေးတွင် ဆိုင်ကယ်ပျောက်ဆုံးခြင်းများကို ရဲစခန်းသို့ လာရောက်တိုင်ကြားခြင်း၊ တခြားသက်ဆိုင်ရာ ရဲစခန်းတွင် တိုင်ကြားထားခြင်းများ ရှိသောကြောင့် အမှုဖွင့်ထားမှုများရှိကြောင်း သိရသည်။

Most Read

Most Recent