ဘုံကထိန်သို့ ငွေလာရောက် လှူဒါန်းသူတစ်ဦးထံမှ ကျပ် ၁၆ သိန်းကျော် တန်ဖိုးရှိ ကျပ် ၁၀၀၀၀ တန်နှင့် ကျပ် ၅၀၀၀ တန် ငွေစက္ကူအတုများ မြောက်ဥက္ကလာပမြို့နယ်တွင် ဖမ်းမိ

ဘုံကထိန်သို့ ငွေလာရောက် လှူဒါန်းသူတစ်ဦးထံမှ ကျပ် ၁၆ သိန်းကျော် တန်ဖိုးရှိ ကျပ် ၁၀၀၀၀ တန်နှင့် ကျပ် ၅၀၀၀ တန် ငွေစက္ကူအတုများ မြောက်ဥက္ကလာပမြို့နယ်တွင် ဖမ်းမိ
Published 30 October 2017

မြောက်ဥက္ကလာပမြို့နယ်တွင် ငွေစက္ကူအတုများနှင့်အတူ ဖမ်းဆီးရမိသည့် တရားခံအား တွေ့ရစဉ် (ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် ဘုံကထိန်သို့ ငွေလာရောက် လှူဒါန်းသူတစ်ဦးထံမှ ငွေကျပ် ၁၆ သိန်း ကျော်တန်ဖိုးရှိ ကျပ် ၁၀၀၀၀ တန်နှင့် ကျပ် ၅၀၀၀ တန် ငွေစက္ကူအတုများကို အောက်တိုဘာ ၂၈ ရက် ည ၈ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိသည့် ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်ရှိ ဘုံကထိန် အလှူခံတစ်ခု၌  ကျပ် ၁၀၀၀၀ တန်နှင့် ကျပ် ၅၀၀၀ တန်ငွေစက္ကူအတုများကို အမျိုးသားတစ်ဦးက ကိုင်ဆောင်၍ လှူဒါန်းသုံးစွဲနေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများသွားရောက် စစ်ဆေးခဲ့ရာ ငွေစက္ကူအတုများ လှူဒါန်းသုံးစွဲနေသည့် အမျိုးသားမှာ ဦးအောင်ကျော် (၅၉ နှစ်) ဆိုသူဖြစ်ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများက ရှာဖွေရာ ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်း မှ  ကျပ် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၃၉ ရွက်၊ ကျပ် ၅၀၀၀ တန်ငွေစက္ကူအတု အရွက် ၆၀ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းသို့သိမ်းဆည်းရမိခဲ့သဖြင့် ဦးအောင် ကျော်ဆိုသူအား ဝေဘာဂီနယ်မြေရဲစခန်းက (ပ)၁၁၇၇/၂၀၁၇၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငွေစက္ကူအတုများ သိမ်းဆည်းရမိခဲ့သည့် ဖြစ်စဉ်များမှာ ရန်ကုန်မြို့၌ ယခုလအတွင်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး အောက်တိုဘာ ၂၅ ရက်နေ့က မရမ်းကုန်းမြို့နယ်ရှိ ဘဏ်တစ်ခုသို့ လာရောက်အပ်နှံ သည့်ငွေများထဲမှ ကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိ ငွေစက္ကူအတုများကိုလည်းကောင်း၊ အောက်တိုဘာ ၂၇ ရက်က ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်ရှိ ဘဏ်တစ်ခုသို့ လာရောက်အပ်နှံသည့် ငွေများထဲမှ  ကျပ် ၁၀၀၀၀ တန်ငွေစက္ကူအတု လေးရွက်နှင့် ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု ရှစ်ရွက်တို့ကိုလည်းကောင်း၊ အောက်တိုဘာ ၁၃ ရက်က လမ်းမ တော်မြို့နယ်၊ (၆) ရပ်ကွက်ရှိ ရိုးမဘဏ်ခွဲသို့ ရန်ကင်းမြို့နယ်နေ အမျိုးသားတစ်ဦး လာရောက် အပ်နှံသည့် ငွေများထဲမှ ကျပ် ၅၀၀၀ တန်ငွေစက္ကူ အတုတစ်ရွက်ကိုလည်းကောင်း အသီးသီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ငွေစက္ကူအတုများကို ရဲတပ်ဖွဲ့က စိစစ်ရာတွင် နိုင်ငံခြားစက္ကူအမျိုးအစားဖြစ်ပြီး  စက္ကူသားချောနေခြင်း၊ ငွေစက္ကူအတုသည် အစစ်ထက်အလျားနှင့်အနံ တစ်မီလီမီတာ တိုနေခြင်း၊ အက္ခရာ/ ဂဏန်းများ အရောင် မှေးမှိန်ခြင်း၊  ရုပ်ပုံတန်ဖိုး ရေစာပုံရိပ်သဏ္ဌာန်သာ ပါရှိခြင်း၊ လုံခြုံရေးကြိုးခရမ်း/ငွေမင်ရောင်သာ ပါရှိပြီး အရောင်ပြောင်းလဲမှု မရှိခြင်း ကာလာပရင်တာနည်းဖြင့်  တုပထားပြီး လျှို့ဝှက်ချက်များ မပါရှိကြောင်းသိရပြီး ငွေစက္ကူအတုများ ဝင်ရောက်ရာ လမ်းကြောင်းကို စိစစ်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent