တရားဝင် သွားရောက်ခဲ့သော်လည်း အလုပ်မရဘဲ ပြန်လာရသူ ၄၅ ဦးအား ပို့ဆောင်ပေးသည့် Lucky အေဂျင်စီက နစ်နာကြေးပေး

တရားဝင် သွားရောက်ခဲ့သော်လည်း အလုပ်မရဘဲ ပြန်လာရသူ ၄၅ ဦးအား ပို့ဆောင်ပေးသည့် Lucky အေဂျင်စီက နစ်နာကြေးပေး
Published 29 October 2017

ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် တရားဝင် သွားရောက်ခဲ့သော်လည်း အလုပ်မရဘဲ ဒုက္ခဖြစ်ကာ ပြန်လာခဲ့ကြသည့် လုပ်သား ၄၅ ဦးအား Lucky အေဂျင်စီက တစ်ဦးလျှင် ကျပ်ရှစ်သိန်းစီကို နစ်နာကြေးအဖြစ် အောက်တိုဘာ ၂၈ ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီ ဖြစ်သည့် Lucky ကုမ္ပဏီက ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည့် မြန်မာလုပ်သား ၁၅၉ ဦးအနက် အလုပ်မရဘဲ ရက်ပေါင်း ၄၀ ကျော် နေခဲ့ရသည့် အလုပ်သမား ၄၅ ဦးမှာ မြန်မာအလုပ်သမား သံအရာရှိ၏ လမ်းညွှန်ချက်၊ AAC အဖွဲ့၏ ကူညီမှုဖြင့် အောက်တိုဘာ ၂၇ ရက် နံနက် ၁၀ နာရီခန့်က မြဝတီမြို့သို့ ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီများမှ ပို့ဆောင်သည့် MoU လုပ်သားများကို ထိုင်းဘက်က အလုပ်ရှင် (သို့) ပွဲစားများက စာချုပ်ပါအတိုင်း စက်ရုံများသို့ တာဝန်ယူ ပို့ဆောင်ခြင်း မရှိဘဲ ဈေးဗန်းရွက် ရောင်းသလို အရောင်းခံနေရသည်ဟု အလုပ်သမားများက ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း ၄၀ ကျော် အလုပ်မရဘဲ အငတ်ငတ် အပြတ်ပြတ် ဒုက္ခခံနေခဲ့ရသည့် မြန်မာလုပ်သား ၄၅ ဦးအား မြန်မာနိုင်ငံ မြဝတီမြို့သို့ လာရောက်ပို့ဆောင်ခဲ့သူ ACC မဟာမိတ်အဖွဲ့မှ ပြန်ကြားရေးတာ ဝန်ခံကိုရဲမင်းက အလုပ်သမားများအတွက် တာဝန်ယူမှု တာဝန်ခံမှု မရှိသော Lucky ကုမ္ပဏီမှ တာဝန်ရှိသူများကို အလုပ်သမားများနှင့်အတူ တရားစွဲဆိုရန် စီစဉ်ခဲ့သော်လည်း ယခုလို တာဝန်ယူမှု တာဝန်ခံမှုဖြင့် နစ်နာကြေး ပေးသည့်အတွက် တရားမစွဲတော့ဟု ဆိုသည်။

ထို့ပြင် လွန်ခဲ့သည့် လဆန်းပိုင်းကလည်း တရားဝင် MoU လုပ်သားများမှာ တရားမဝင် လုပ်သားအဖြစ် အလုပ်ဖြုတ် အဖမ်းခံရကာ ပြန်လည်ရောက်ရှိခဲ့သော မြန်မာလုပ်သား တစ်ရာကျော်ကိုလည်း ရွှေစင်ကိုးပွင့် ကုမ္ပဏီက နစ်နာကြေးပေးခဲ့သည်။