အသက် ၇၀ ကျော်အရွယ် လင်မယားချင်း စကားများရာမှ ဝါးတုတ်ဖြင့်ရိုက်မိပြီး ဇနီးဖြစ်သူ သေဆုံးမှု သန်လျင်မြို့နယ်၌ ဖြစ်ပွား

အသက် ၇၀ ကျော်အရွယ် လင်မယားချင်း စကားများရာမှ ဝါးတုတ်ဖြင့်ရိုက်မိပြီး ဇနီးဖြစ်သူ သေဆုံးမှု သန်လျင်မြို့နယ်၌ ဖြစ်ပွား
Published 22 October 2017

အသက် ၇၀ ကျော်အရွယ် လင်မယားချင်း စကားများရာမှ ယောကျ်ားဖြစ်သူက ဝါးတုတ်နှင့် ရိုက်မိသဖြင့် ဇနီးဖြစ်သူ သေဆုံးမှု သန်လျင်မြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အမှုဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် ည ၈ နာရီ ၄၅ မိနစ်က ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ပြည်သူ့ဆေးရုံ၌ လင်မယားချင်း စကားများရာမှ ဝါးတုတ်ဖြင့်အရိုက်ခံရ၍ သေဆုံးသွားသူ အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သန်လျင်မြို့မရဲ စခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးရာ သေဆုံးသူမှာ ကွမ်းခြံကုန်းကျေးရွာနေ ဒေါ်...... (၇၃ နှစ်) ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ဆက်လက်စစ်ဆေးရာ ဒေါ်..... (၇၃ နှစ်) နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦး..... (၇၂ နှစ်) တို့သည် လင်မယားချင်း စကားများရန်ဖြစ်ခဲ့ကြကြောင်း၊ ထိုသို့ စကားများရန်ဖြစ်စဉ် ဦး..... (၇၂ နှစ်) မှ  ဒေါ်...... (၇၃ နှစ်) ကို ဝါးတုတ်ဖြင့် ရိုက်ခဲ့သောကြောင့် ဒေါ်...... (၇၃ နှစ်) မှာ ဒဏ်ရာများရရှိကာ သေဆုံးသွားခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းကြောင့် ဦး...... (၇၂ နှစ်) အား သန်လျင်မြို့မရဲစခန်းက (ပ) ၃၁၁၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

Most Read

Most Recent