ဘူးလက်ဂျာနယ်တွင် လုပ်ကိုင်ခဲ့သည့် သတင်းထောက်အား YBS ဘတ်စ်ကား လမ်းညွှန်ဆိုင်းဘုတ် ဖျက်ဆီးမှုဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်

ဘူးလက်ဂျာနယ်တွင် လုပ်ကိုင်ခဲ့သည့် သတင်းထောက်အား YBS ဘတ်စ်ကား လမ်းညွှန်ဆိုင်းဘုတ် ဖျက်ဆီးမှုဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်
Published 21 October 2017

ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည့် YBS မှတ်တိုင် ဖျက်ဆီးသူနှင့် ဖျက်ဆီးခံရသည့် မှတ်တိုင်ကို တွေ့ရစဉ်

YBS ဘတ်စ်ကား ခရီးသွားလမ်းညွှန်ဆိုင်းဘုတ် ဖျက်ဆီးမှုဖြင့် ဘူးလက်ဂျာနယ်တွင် သတင်းထောက် လုပ်ခဲ့ဖူးသည့် အမျိုးသားအား ပုဒ်မ ၆ (၁) ဖြင့် အောက်တိုဘာ ၂၀ ရက်က ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် တရားရုံးက ထောင်ဒဏ်သုံးနှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရသူ အမျိုးသားမှာ ကိုဝင်းဦးဆိုသူဖြစ်ပြီး ၎င်းကို ၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆ (၁) ဖြင့် တရားစွဲဆိုပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ကိုဝင်းဦးကို ထောင်ဒဏ်သုံးနှစ် ချလိုက်ပါတယ်။ ပုဒ်မ ၆ (၁) နဲ့ ချလိုက်တာပါ။ ၁ လပိုင်း ၁၆ ရက် ညပိုင်းက ဖြစ်ခဲ့တာပါ။ သုံးနှစ် အမိန့်ချလိုက်တယ်။ ချုပ်ရက်တွေ ဘာတွေလည်း မပြောဘူး။ ချက်ချင်းပဲ ရဲတွေက ခေါ်ပြီးတော့ ကားပေါ်ကို တင်သွားတယ်။ သူ့ကျန်းမာရေးကတော့ အခု အသည်းကြီးတယ်။ အသည်းမှာ အဆီဖုံးတယ်။ ဘူးလက်ဂျာနယ်မှာလည်း အလုပ် မလုပ်တော့ဘူး။ အလုပ်ထုတ်လိုက်ပြီ။ တရားဝင် ထုတ်တာ မဟုတ်ဘူး။ နင့်ယောကျ်ားကို အလုပ်ထုတ်လိုက်ပြီဆိုပြီး ပါးစပ်နဲ့ ပြောတာပါ။ အဲဒါက ပြဿနာဖြစ်ပြီး ကတည်းက ထုတ်လိုက်တာပါ” ဟု ကိုဝင်းဦး၏ဇနီး မစန္ဒာဦးက ပြောကြားသည်။

ကိုဝင်းဦးမှာ ဖမ်းဆီးခံရပြီး အကျဉ်းချခံရချိန်အတွင်း ကျန်းမာရေး ချို့ယွင်းမှုများ ရှိသောကြောင့် ဆေးရုံတွင် တက်ရောက်ကုသခဲ့ရပြီး လက်ရှိတွင် အသည်းကြီးခြင်း၊ အသည်းအဆီဖုံးခြင်းနှင့် သွေးအတွင်းမှ ပိုးတွေ့သည့် ရောဂါများရှိကြောင်း မစန္ဒာဦး၏ ပြောကြားချက်အရ သိရသည်။

ကိုဝင်းဦးမှာ ဘူးလက်ဂျာနယ်တွင် မလုပ်ကိုင်မီက အခြားသော မီဒီယာများတွင်လည်း လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုပုဒ် မ ၆ (၁)ဆိုသည်မှာ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ (၁၉၅၇/၈၃) တွင် ပြဋ္ဌာန်းထားသည့် ပုဒ်မ ၆၊ အပိုဒ်ခွဲ ၁ ကို ဆိုလိုခြင်း ဖြစ်သည်။

ပြည်သူပိုင်ပစ္စည်း တစ်စုံတစ်ရာကို (က) ပိုင်ဆိုင်ခွင့် မရှိဘဲ လက်ဝယ်ထားခြင်း၊ (ခ) ခိုးယူခြင်း၊ (ဂ) အလွဲသုံးစားမှုပြုခြင်း၊ (ဃ) အကျိုး ပျက်စီးစေခြင်းများကို ပြုလုပ်လျှင် ကျူးလွန်သူအား ခုနစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကြိမ်ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ကြိမ်ဒဏ်နှစ်ရပ်လုံးအပြင် ငွေဒဏ်ပါ တပေါင်းတည်း ကျခံစေရန် ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

အမှုဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက် ည ၁၁ နာရီခန့်က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရာဇဓိရာဇ်လမ်းတွင် အမျိုးသားတစ်ဦး အော်ဟစ်ဆဲဆိုနေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာ ရဲတာဝန်ရှိသူများက သွားရောက်ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ထို့သို့ ထိန်းသိမ်းရာ အဆိုပါ အမျိုးသားမှာ ပြည်ထောင်စုလမ်းပေါ်ရှိ ဧရာဝတီဘဏ် အနီးတွင် စိုက်ထူထားသည့် YBS ယာဉ်လိုင်း ပြေးဆွဲမည့် ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်ကို လက်ဖြင့် ဆွဲနုတ်တွန်းလှဲခဲ့သည့်အတွက် ယင်းဆိုင်းဘုတ်မှာ အောက်ခြေတစ်ဖက် ကျွတ်ထွက်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ကျွတ်ထွက်သွားသည့်အတွက် အဆိုပါ အမျိုးသားအား ဖမ်းဆီးစစ်ဆေးရာ ၎င်းသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် နေထိုင်သည့် ဇော်မင်းထွန်း (ခ) ဝင်းဦး (၄၁ နှစ်) ဆိုသူဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ဆိုင်းဘုတ်ဖျက်ဆီးခဲ့သူအား ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းက (ပ)၈၀/၂၀၁၇၊ ၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent