ထားဝယ်မြို့နယ် တောင်သုံးလုံးကျေးရွာ၌ မူးယစ်ဆေးဝါး ဖမ်းဆီးရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ဆေးဝါး သံသယတရားခံသေဆုံးကာ လက်နက်နှင့် ကျည်ဆန်အများအပြား ဖမ်းမိ

ထားဝယ်မြို့နယ် တောင်သုံးလုံးကျေးရွာ၌ မူးယစ်ဆေးဝါး ဖမ်းဆီးရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ဆေးဝါး သံသယတရားခံသေဆုံးကာ လက်နက်နှင့် ကျည်ဆန်အများအပြား ဖမ်းမိ
Published 14 October 2017

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ တောင်သုံးလုံးကျေးရွာတွင် အောက်တိုဘာ ၁၃ ရက် နံနက် ၅ နာရီခွဲခန့်က မူးယစ်ဆေးဝါးသတင်းအရ နေအိမ်တစ်အိမ်အား ထားဝယ်ခရိုင်ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေ ဖမ်းဆီးရာ သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားပြီး မူးယစ်ဆေးဝါး သံသယတရားခံ သေဆုံးကာ လက်နက်နှင့်ကျည်ဆန် အများအပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာသည် တောင်သုံးလုံးကျေးရွာ BIA အထိမ်းအမှတ်ကျောက်တိုင်ရှေ့ မျက်နှာချင်းဆိုင်ရှိ နေအိမ်တွင်ဖြစ်ပြီး မူးယစ်ဆေးဝါးသတင်းအရ နေအိမ်အား ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားစဉ် မူးယစ်ဆေးဝါး သံသယတရားခံဖြစ်သူ ကိုဦးက နေအိမ်အတွင်းမှနေ၍ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဒုရဲမှူးသန်းဇော်ဦးတွင် ညာဘက်လက်ဖျံတွင် သေနတ်ထိမှန်ခဲ့ကြောင်း၊ ထို့နောက် နေအိမ်အားဝိုင်းဝန်းပိတ်ဆို့ထားပြီး အသာတကြည် လက်နက်ချ အဖမ်းခံရန်နှင့် အသံချဲ့စက်ဖြင့် ဖျောင်းဖျပြောဆိုသော်လည်း လိုက်နာခြင်းမရှိဘဲ ၎င်း၏နေအိမ်အတွင်းစက္ကူများနှင့် သက်သေခံ မူးယစ်ဆေးဝါးများဟု ယူဆရသည်များအား မီးရှို့နေသည်ကို တွေ့ရှိရကြောင်း၊ မူးယစ်ဆေးဝါး သံသယတရားခံဖြစ်သူ ကိုဦးအား ဖမ်းဆီးနိုင်ရေးအတွက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ရှဲဂန်း (မျက်ရည်ယိုဗုံး) သုံးလုံးအား နေအိမ်အတွင်း ပစ်သွင်းခဲ့ရာ မူးယစ်ဆေးဝါး သံသယတရားခံဖြစ်သူ ကိုဦး၏ဇနီး မသဇင် (စိစစ်ဆဲ) နှင့် ကလေးနှစ်ဦးတို့ ထွက်ပြေးလာခဲ့ပြီး ၎င်းနောက်မှ ကိုဦးမှာ သေနတ်ကျည်ထိုးပြီး ပစ်ခတ်ရန်အသင့် အနေအထားဖြင့် ကိုင်ဆောင်ပြီး ခုခံပစ်ခတ်မည့် အသွင်ဖြင့် ထွက်လာသောကြောင့် ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ မူးယစ်ဆေးဝါး သံသယတရားခံဖြစ်သူ ကိုဦးအား သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးရမိပြီး ဆေးဝါးကုသနိုင်ရေးအတွက် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ တောင်သုံးလုံး TTL အာယုဒါနအဖွဲ့၏ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ရာ လမ်း၌သေဆုံးသွားသည်ဟု မှုခင်းမှတ်တမ်းများအရ သိရသည်။

“ကိုဦးဆိုတာက တောင်သုံးလုံးမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကျော်စောသတင်း ထွက်နေတာကြာပြီပေါ့။ ငါတို့ကတော့ စောင့်နေတာကြာပြီ။ မနေ့ညက အဖွဲ့ဖွဲ့ပြီး နံနက် ၃ နာရီမှာ ဒီကထွက်သွားပြီးတော့ မနက် ၅ နာရီကျော်ကျော်လောက်မှာ သူ့အိမ်ကို ဝိုင်းထားတယ်။ ပထမတစ်ချက်ကတော့ သူပစ်ကိုယ်ပစ်ဆိုတော့ မထိဘူးပေါ့။ နောက်တစ်ချက်ပစ်မှ ဒုရဲမှူးသန်းဇော်ဦး လက်ဖျံကိုထိသွားတာ။ အဲဒီတော့ ဝိုင်းထားပြီး ရွာထဲအိမ်တွေ ကြားထဲဖြစ်နေတဲ့ အပြင်အထဲမှာ သူ့မိန်းမနဲ့ ကလေးလည်းရှိနေတယ်။ သူ့ကိုထွက်ဖို့ အသံချဲ့စက်နဲ့ ပြောပေမယ့်မထွက်ဘူး။ ဒီတော့ မျက်ရည်ယိုဗုံးနဲ့ ပစ်တယ်။ ပစ်တော့မွှန်ပြီး သူ့မိန်းမနဲ့ ကလေးတွေ ထွက်လာတယ်။ ပြီးတော့သူကနောက်ကနေ သေနတ်ကျည်ထိုးပြီး ထွက်လာတယ်။ အဲဒီတော့ သေနတ်ချဖို့ ပြောပေမယ့်မချဘူး။ ဒါကြောင့်ပစ်လိုက်တာပါ။ အိမ်ထဲမှာသေနတ်နဲ့ ကျည်ဆန်တွေတွေ့တယ်။ ဓားတွေအိမ်အနှံ့မှာ ချိတ်ထားတာတွေ့တယ်။ သူကတော့လူမိုက်ပဲ။ မူးယစ်ဆေးကို ရောင်းလည်းရောင်းတယ်၊ အရမ်းလည်းသုံးလည်းသုံးတယ်လို့ သိရတယ်။ ရွာမှာ မိုက်ကြေးခွဲတဲ့သဘောရှိတော့ ရွာသားတွေလည်း ဒီကောင်သေသွားတဲ့ အတွက်ကြောင့် ဝမ်းသာတဲ့သဘောရှိတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီးနေမျိုးက ပြောကြားသည်။

ပစ်ခတ်ဖမ်းဆီးမှုဖြစ်ပွားပြီးနောက် ၎င်း၏နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာ စိတ်ကြွမူးယစ်ဆေးပြားများ မီးလောင်ထားသည့် အနံ့များတွေ့ရှိခဲ့ပြီး ကျည်ထိုးလျက်တွေ့ရသည့် ပွိုင့် ၂၂ ပြောင်းရှည်သေနတ်တစ်လက်၊ အသံတိတ်ကိရိယာတစ်ခု၊ ပွိုင့် ၂၂ ကျည် ၃၁ တောင့်နှင့် ကျည်ခွံနှစ်ခု၊ ပွိုင့် ၃၈ ကျည် ကိုးတောင့်၊ ပွိုင့် ၄၅ ကျည်နှစ်တောင့်၊ ၉ မမ ကျည်သုံးတောင့်၊ ၅.၅၆ ကျည်နှစ်တောင့်၊ ဓားမျိုးစုံကိုးချောင်း၊ ပုဆိန် (ကပ်ပါး) နှစ်လက်နှင့် ကျည်အိမ်ပါဂက်စ်သုံးပစ္စတိုတစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း၊ တရားခံကိုဦးအား ဆေးရုံတွင် စစ်ဆေးချက်အရ ယာမျက်ခုံးစွန်းရှပ်မှန်၍ နားရွက်ဖောက်ထွက်ဒဏ်ရာ တစ်ချက်၊ ဝဲဘက်နို့အုံအောက်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ယာဘက်ကျောရိုးဘေး (ခါးဆစ်ရိုးအနီး) ဒဏ်ရာတစ်ချက်နှင့် ယာလက်ဖျံ ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု မှုခင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်မဲတောင်နယ်မြေရဲစခန်း၌ တောင်သုံးလုံးရွာနေ တရားခံကိုဦး (၃၄ နှစ်) နှင့် ဇနီးဖြစ်သူ မသဇင် (၂၈ နှစ်) တို့အား မယ(ပ)၁/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့်လည်းကောင်း၊ တရားခံကိုဦးနှင့် ပခက်ကျေးရွာနေ ညီညီ (ခ) ညီညီဇင် (၃၂ နှစ်) အား (ပ) ၃ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၃၃/ ၁၁၄ ဖြင့်လည်းကောင်း၊ တရားခံ ကိုဦးအား (ပ) ၄/၂၀၁၇ လက်နက်ပုဒ်မ ၁၉ (စ) နှင့် သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၇) တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ ရရှိသည့် မှုခင်းမှတ်တမ်းများအရ သိရသည်။

လက်ရှိတွင် တရားခံဖြစ်သူ၏ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာ၌ တွေ့ရှိခဲ့သည့် မူးယစ်ဆေးဝါးများကို မီးရှို့ထားသည့် ပြာမှုန့်များအား စစ်ဆေးရန်ဓာတ်ခွဲခန်းသို့ ပေးပို့ထားပြီး တရားခံဖြစ်သူ၏ဇနီးအား စစ်ဆေးနေသည့်အပြင် ကွင်းဆက်တရားခံများ ဖမ်းဆီးနိုင်ရန်လည်း ဖော်ထုတ်နေကြောင်း ရဲမှူးကြီးနေမျိုးက ပြောကြားသည်။ “ကျွန်တော်တို့ ဘာမှမသိဘူးဗျ။ အသံတွေပဲကြားနေရတယ်။ ကျွန်တော်တို့ကိုလာခေါ်တော့ သွားသယ်တဲ့အချိန်ဆို လက်ဖျံမှာထိထားတဲ့ ရဲတစ်ယောက်ပါပဲ။ နောက်တစ်စီးထပ်သယ်တဲ့အချိန်မှ သေနတ်ဒဏ်ရာထိထားတဲ့လူကို သယ်လာတာပါ။ ဆေးရုံမရောက်ခင်လမ်းမှာ ဆုံးသွားပါတယ်” ဟု တောင်သုံးလုံး TTL အာယုဒါန အရေးပေါ်လူနာတင်ယာဉ်အဖွဲ့မှ ကိုပြည့်ဇော်ဟိန်းက ပြောကြားသည်။

ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး သေဆုံးခဲ့သည့် တရားခံကိုဦး၏ဇနီး၌ ကိုယ်ဝန်ရှိနေကာ သားသမီးနှစ်ဦးရှိပြီး ပစ်ခတ်မှုဖြစ်ပွားစဉ် တရားခံဖြစ်သူ၏ မိသားစုဝင်များတွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ မူးယစ်တရားခံအား ဖမ်းဆီးရာမှ ပစ်ခတ်မှုဖြစ်ပွားကာ ညာလက်ဖျံ၌ သေနတ်ဒဏ်ရာရရှိခဲ့ပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီး အရိုးနှင့်အကြောကုသဆောင်၌ ကုသမှုခံယူနေသည့် ဒုရဲမှူးသန်းဇော်ဦးအား တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့က အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

Most Read

Most Recent