ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ဓားဖြင့်ထိုးခဲ့သူအမျိုးသားကို အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲ

ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ဓားဖြင့်ထိုးခဲ့သူအမျိုးသားကို အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲ
Published 10 October 2017

ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ဓားဖြင့်ထိုးခဲ့သူ အမျိုးသားကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးတွင် အောက်တိုဘာ ၉ ရက်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် စတင်တရားစွဲဆိုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အသက် ၂၄ နှစ်အရွယ် အမျိုးသားကို အနောက်ပိုင်း ခရိုင်တရားရုံး ဒုတိယ ခရိုင်တရားသူကြီး-၅ တရားခွင်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဧပြီ ၂၂ ရက် ညပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ်၊ ဗဟိုစံပြငါးဈေးတွင် အမျိုးသားနှစ်ဦးစကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

ထိုသို့သွားရောက်စစ်ဆေးရာ စကားများရန်ဖြစ်သူနှစ်ဦးမှာ အဆို ပါငါးဈေးတွင် ငါးလှည်းဆွဲသည့် ကို ... .(၂၂)နှစ်နှင့် ကို ....(၂၄)နှစ်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ငါးလှည်းကိစ္စမှတစ်ဆင့် ရန်ဖြစ်ရာမှ ကို...(၂၄) နှစ်က ကို...(၂၂) နှစ်အား ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

ထိုသို့ ဓားဖြင့် ထိုးသဖြင့် ကို...(၂၂)နှစ်မှာ ဘယ်ဘက်ရင်အုံ ထိုးသွင်းဒဏ်ရာနှစ်ချက် ရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း အဆိုပါဖြစ်စဉ်မှ ကို ... (၂၄)နှစ်ကို ကြည့်မြင်တိုင်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူခဲ့သည့်ဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent