<

ယာဉ်တိုက်မှုအား ရှင်းလင်းနေသည့် ကမာရွတ်မြို့မ ရဲစခန်းမှူးအား ယာဉ်ဖြင့်တိုက်ခဲ့သည့် ယာဉ်မောင်းဖြစ်သူကို ဖြစ်စဉ်ဖြစ်ပွားအပြီး နှစ်လအကြာတွင် ထောင်ခုနစ်နှစ်ချမှတ်

ဓာတ်ပုံ – Yangon Police

ကမာရွတ်မြို့မ ရဲစခန်းမှူးအား မော်တော်ယာဉ်ဖြင့် တိုက်မိသေဆုံးခဲ့သည့် အမှုမှ ယာဉ်မောင်းဖြစ်သူအား သက်ဆိုင်ရာ တရားရုံးမှ ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခဲ့ကြောင်း အောက်တိုဘာ ၃ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါအမှုမှာ ဖြစ်စဉ်ဖြစ်ပွားအပြီး နှစ်လအကြာတွင် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုမှ ယာဉ်မောင်း ချမ်းမြေ့အောင် (၃၀ နှစ်) အား ကမာရွတ်မြို့နယ် တရားရုံးမှ ပုဒ်မနှစ်ခုဖြင့် တရားစွဲဆို တင်ပို့ခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က ) အရ ထောင်ဒဏ် ခုနစ်နှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉ အရ ထောင်ဒဏ်တစ်နှစ် ကျခံစေရန်နှင့် ပြစ်ဒဏ်များအား တပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၇ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ဗဟန်းမြို့နယ်မှ ကမာရွတ်မြို့နယ်ဘက်သို့ မောင်းလာသည့် ဟာရီယာ အမျိုးအစားယာဉ်သည် ရန်ကုန်တက္ကသိုလ် အဓိပတိလမ်း ၀င်ပေါက်အလွန် အရောက် လမ်းလယ်ကွန်ကရစ်တုံးကို အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မှုအား ကမာရွတ်မြို့မ စခန်းမှူး ဒုရဲမှူးစိုးအောင် အပါအ၀င် ရဲတပ်ဖွဲ့ဝင်အချို့က တာဝန်အရ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်နေစဉ် ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ဗဟန်းမြို့နယ်မှ ကမာရွတ်မြို့နယ်ဘက်သို့ ယာဉ်မောင်းချမ်းမြေ့အောင် မောင်းနှင်လာသည့် ဟွန်ဒါစီဗစ် ကိုယ်ပိုင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ အထက်ပါ ယာဉ်တိုက်မှုကို တာဝန်အရ ဆောင်ရွက်နေသည့် ကမာရွတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူးစိုးအောင်ကို ၀င်တိုက်ခဲ့သည့်အပြင် ပရိုဘောက်အငှားယာဉ်တစ်စီး၏ နောက်ပိုင်းကို ထပ်မံဝင်တိုက်ကာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်ခံရမှုကြောင့် ကမာရွတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူးစိုးအောင်မှာ ၀ဲချိုစောင်း စုတ်ပြဲဒဏ်ရာ၊ ၀ဲနံဘေးပွန်း ဒဏ်ရာများ ရရှိပြီး ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

October 3, 2017














Copy Protected by Chetan's WP-Copyprotect.