ကိုယ်ပိုင်ကျောင်း ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် ယခင် Horizon နိုင်ငံတကာကျောင်းမှ တာဝန်ရှိသူ ခြောက်ဦးအား ရုံးထုတ် ရမန်ယူ

ကိုယ်ပိုင်ကျောင်း ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် ယခင် Horizon နိုင်ငံတကာကျောင်းမှ တာဝန်ရှိသူ ခြောက်ဦးအား ရုံးထုတ် ရမန်ယူ
Published 29 July 2017

ကိုယ်ပိုင်ကျောင်း ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် ယခင် Horizon နိုင်ငံတကာကျောင်းမှ တာဝန်ရှိသူ ခြောက်ဦးအား ဗဟန်းမြို့နယ် တရားရုံးတွင် ဇူလိုင် ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်က ရုံးထုတ် ရမန်ယူခဲ့ကြောင်း သိရသည်။

Horizon နိုင်ငံတကာကျောင်းအား လက်ရှိတွင် ဗဟန်းမြို့နယ်၌ Bahan International Science Academy နှင့် သာကေတမြို့နယ်၌ SHU KHIN THAR International College ဟု ဖွင့်လှစ်ထားကြောင်း သိရသည်။

ရုံးထုတ်ရမန်ယူရာတွင် မန်နေးဂျင်းဒါရိုက်တာ ဦးရဲထွန်းနှင့် ဒါရိုက်တာအဖွဲ့ဝင် ငါးဦးကို ဇူလိုင် ၁၄ ရက်က ကိုယ်ပိုင်ကျောင်း ဥပဒေပုဒ်မ ၃၃ ဖြင့် ဗဟန်းမြို့မ ရဲစခန်းတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက တရားလိုပြုလုပ်ကာ အမှုဖွင့်ထားပြီး အမှုအား စီအိုင်ဒီမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နိုင်ငံတကာကျောင်းဘက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်နန္ဒာမြင့်သိန်းက “ဗဟန်းကျောင်း ကိစ္စကို ဒီနေ့မှာ ရုံးထုတ်ရမန်ယူပါတယ်။ သူတို့ခြောက်ဦးထဲမှာ အမျိုးသမီးတစ်ဦး ပါတယ်။ အသက် ၆၆ နှစ်အရွယ် ကျန်းမာရေး မကောင်းတဲ့ အမျိုးသားတစ်ဦး ပါတယ်။ သူတို့နှစ်ယောက်ကို အာမခံပေးဖို့ ရမန်ယူရင်း လျှောက်ထားတဲ့အချိန်မှာ တရားရုံးက အာမခံ မပေးခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ခြောက်ယောက်ကိုပဲ သာကေတကျောင်းကိစ္စနဲ့ အမှုဖွင့်ခံထားရတဲ့ ကိစ္စကို အင်းစိန်မြို့နယ် တရားရုံးမှာ ချုပ်ရမန်ယူတုန်းက သူတို့ထဲက အမျိုးသမီးက အာမခံရပါတယ်။ ဗဟန်းမှာတော့ တစ်ယောက်မှ အာမခံ မရပါဘူး” ဟု ပြောကြားသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ Mandalay International Science Academy ကိုလည်း ကိုယ်ပိုင်ကျောင်းလိုင်စင် မရှိဘဲ ဖွင့်လှစ်မှုဖြင့် ၎င်းတို့ခြောက်ဦးအား ကိုယ်ပိုင်ကျောင်း ဥပဒေပုဒ်မ ၃၃ ဖြင့် အမှုဖွင့်ထားခြင်းလည်း ရှိကြောင်း သိရသည်။

ကိုယ်ပိုင်ကျောင်းလိုင်စင် မရှိသဖြင့် အမှုဖွင့်ခံထားရသည့်ကျောင်းများမှာ ပညာရေးဝန်ကြီးဌာနမှ ပြဋ္ဌာန်းသည့် သင်ရိုးညွှန်းတမ်းများကို သင်ကြားသည့်ကျောင်း မဟုတ်ဘဲ ဗြိတိန်နိုင်ငံ Cambridge University မှ IGCSE နှင့် ဆွစ်ဇာလန်နိုင်ငံ IB World School IB (International Baccalaureate) မှ သင်ရိုးများကိုသာ သင်ကြားနေခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်နန္ဒာမြင့်သိန်းက ပြောကြားသည်။

ထိုသို့ အမှုဖွင့်ခံထားရသည့် ကျောင်းမျာအား ယခင်က Horizon နိုင်ငံတကာ ကျောင်းအမည်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် BFI ကုမ္ပဏီ အမည်ဖြင့် မှတ်ပုံတင်ထားကြောင်း သိရသည်။

ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းတွင် အတည်ပြုခဲ့ပြီး အဆိုပါ ဥပဒေ အခန်း (၆) တားမြစ်ချက်များ အခန်းပါ ပုဒ်မ ၂၈ တွင် “မည်သူမျှ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လက်မှတ် မရှိဘဲ ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ခြင်း မပြုရ” ဟု ပြဋ္ဌာန်းထားပြီး အခန်း (၇) ပြစ်မှုပြစ်ဒဏ်များ အခန်းပါ ပုဒ်မ ၃၃ တွင် မည်သူမဆို ပုဒ်မ ၂၈ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်အထက် မပိုသော ထောင်ဒဏ် ကျခံစေရမည့်အပြင် ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

Most Read

Most Recent