သာစည်ရဲစခန်းအပိုင်တွင် ဖမ်းဆီးရမိသော လက်နက်မှုမှ ကွင်းဆက်တရားခံများနှင့် TNT ယမ်းထုပ်၊ ဆက်စပ်ပစ္စည်းများ မြဝတီမြို့တွင် ဖမ်းဆီးရမိ

သာစည်ရဲစခန်းအပိုင်တွင် ဖမ်းဆီးရမိသော လက်နက်မှုမှ ကွင်းဆက်တရားခံများနှင့် TNT ယမ်းထုပ်၊ ဆက်စပ်ပစ္စည်းများ မြဝတီမြို့တွင် ဖမ်းဆီးရမိ
Published 29 July 2017

သာစည်ရဲစခန်းအပိုင်တွင် ဖမ်းဆီးရမိသော လက်နက်မှုမှ ကွင်းဆက်တရာခံများနှင့် TNT ယမ်းထုပ်၊ ဆက်စပ်ပစ္စည်းများကို မြဝတီမြို့ အာရှလမ်းဘေးရှိ ဂရိတ်ဝမ်းဟိုတယ်ဝင်းအတွင်း ဖမ်းဆီးရမိခဲ့ပြီး ဇူလိုင် ၂၇ ရက်က အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သာစည်ရဲစခန်း (ပ) ၁၆၇/ ၂၀၁၇ လက်နက်ဥပဒေပုဒ်မ ၁၉ (က) အမှုမှ ကွင်းဆက်တရားခံ ကျုံဇန်းလျှံ (ခ) မောရော၏ ထွက်ဆိုချက်အရ မြဝတီမြို့ အမှတ် (၄) ရပ်ကွက်တွင်နေထိုင်သူ ရိုခေါလန်ထံမှ လက်နက်များ ဝယ်ယူပေးခဲ့ကြောင်း သိရှိခဲ့ရပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေးအတွက် မြဝတီခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်မျိုးကျော်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်နိုင်စိုးတို့သည် အမှတ် (၄) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက် ရာအိမ်မှူးများနှင့်အတူ အမှတ် (၄) ရပ်ကွက် အောင်ပြည့်ဝလမ်းရှိ ရိုခေါလန်အား သွားရောက်ဖမ်းဆီးခဲ့ရာ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ရိုခေါလန်အား စစ်ဆေးရာတွင် ထွက်ဆိုချက်အရ ၎င်းအား လက်နက်၊ ခဲယမ်းများဝယ်ယူရန် မြဝတီမြို့နယ် ဖလူးကြီးကျေးရွာနေ သားငယ် (ခ) ဦးလေးက ဆောင်ရွက်ပေးခဲ့ကြောင်း ထွက်ဆိုသဖြင့် သားငယ်အား ဇူလိုင် ၂၂ ရက် ညတွင် ဖလူးကြီးကျေးရွာသို့ သွားရောက် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ပူးပေါင်းအဖွဲ့မှ သားငယ် (ခ) ဦးလေးအား ဆက်လက်စစ်ဆေးရာ လက်နက်ခဲယမ်းများ ဝယ်ယူရန် ချိတ်ဆက်ပေးသူမှာ မြဝတီမြို့ အမှတ် (၄) ရပ်ကွက်နေ ကျော်ဦးဆိုသူက ချိတ်ဆက်ဆောင်ရွက်ပေးကြောင်း ပေါ်ပေါက်သဖြင့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပြည်သာယာလမ်းနေ ကျော်ဦးနေအိမ်အား ဇူလိုင် ၂၂ ရက် ညတွင်းချင်း ဝင်ရောက်ရှာဖွေဖမ်းဆီးရာ ၎င်းအားနေအိမ် အပေါ်ထပ်တွင် ဖမ်းဆီးရမိခဲ့သည်။

ကျော်ဦးနေအိမ်တွင် လက်နက်ခဲယမ်းများ ရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း ၎င်းတို့ နှစ်ဦးအား ဆက်လက်စစ်ဆေးရာ အမည်မသိ ရခိုင်လူမျိုးနှစ်ဦးအား TNT ယမ်းပြင်းများအား ဝယ်ယူပေးခဲ့ကြောင်း ထွက်ဆိုသဖြင့် ယမ်းပြင်းများ ဝယ်ယူခဲ့သူများအား ဖုန်းဖြင့်ဆက်သွယ်၍ AK47 မောင်းပြန်ရိုင်ဖယ်ကျည်ဘောက်များ လာရောက်ယူဆောင်ရန် ကျော်ဦး၏နေအိမ်သို့ ဆက်သွယ်ချိန်းဆိုခဲ့ပြီး ည ၁၁ နာရီ ၄၅ မိနစ်တွင် ရခိုင်လူမျိုးနှစ်ဦးသည် ခဲရောင်ယာဉ်ဖြင့် ရောက်ရှိလာသည့်အတွက် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ပူးပေါင်းအဖွဲ့သည် ၎င်းယာဉ်အား ရှာဖွေရာ မည်သည့်လက်နက်ခဲယမ်းကိုမျှ တွေရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သော ရခိုင်တိုင်းရင်းသား နှစ်ဦးဖြစ်သည့် ယာဉ်မောင်း မောင်မောင်နှင့် မောင်ညွန့်တို့အား ဆက်လက်စစ်ဆေးရာ TNT ယမ်းပြင်းများအား ဝယ်ယူသွားသူမှာ အောင်စိုးမင်းဆိုသူနှင့် ရခိုင်တိုင်းရင်းသားတစ်ဦးတို့ ဝယ်ယူသွားကြောင်း၊ ၎င်းတို့သည် အာရှလမ်းဘေးရှိ ဂရိတ်ဝမ်းဟိုတယ်၌ တည်းခိုနေထိုင်လျက်ရှိကြောင်း ထွက်ဆိုသဖြင့် ပူးပေါင်းအဖွဲ့မှ သွားရောက်ဖမ်းဆီးရာ ဂရိတ်ဝမ်းဟိုတယ်ရှေ့ ဆင်ဝင်အောက်အနီးရှိ VIGO ယာဉ်အမှတ် 7G- 9177 အမျိုးအစားယာဉ်ပေါ်တွင် ဖမ်းဆီးရမိခဲ့ပြီး ယာဉ်အား သက်သေများ ရှေ့တွင်ရှာဖွေရာ ကားရှေ့ခန်းရှိ အဖြူရောင် မြွေရေခွံအိတ်အတွင်းမှ TNT 1/2 POUND LOT P.15 A.R 334.23 စတုဂံပုံဆောင်ခဲ ၁၇ လုံး၊ TNT 1/4 POUND LOT P.10 R335.26 စလင်ဒါပုံဆောင်ခဲ ၁၀ တောင့်၊ TNT 1/4 POUND LOT P.12 E.333.07 စလင်ဒါပုံဆောင်ခဲအတောင့် ၂၀၊ TNT 1/4 POUND LOT P.12 GR 333.02 စတုဂံပုံဆောင်ခဲ ၁၀ လုံး၊ HIGHTEXPLOSIVE TNT 1/2 POUND NET DANGEROUS စတုဂံပုံဆောင်ခဲ ၁၃ လုံး၊ CAPS, BLASTING ELECT M6 လေးထောင့်စတုဂံ ၁၂ ချပ်တို့အား တွေ့ရှိသဖြင့် ရဲအုပ်မျိုးကျော်နှင့်အဖွဲ့က သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင် ၂၅ ရက်က ရဲအုပ်မျိုးကျော်နှင့်အဖွဲ့သည် ကွင်းဆက်အဖြစ် မြဝတီမြို့ အမှတ် (၅) ရပ်ကွက် ၁၄ ဂိတ်အဝင်လမ်းရှိ ဆောက်လက်စဓမ္မာရုံအနောက်ဘက် ဝါးရုံတောအတွင်းနေရာသို့ သွားရောက်ရှာဖွေကြရာ TNT 1/2 POUND စတုဂံပုံဆောင်ခဲ အလုံး ၅၀၊ TNT 1/4 POUND စလင်ဒါပုံ ဆောင်ခဲအလုံး ၅၀၊ CAPS, BLASTING ELECT M6 လေးထောင့်စတုဂံ ၁၆ ချပ်၊ ယမ်းကြိုးလေးခွေတို့အား ရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

သို့ဖြစ်၍ မြဝတီရဲစခန်းမှ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအား ရောင်းဝယ်ကိုင်ဆောင် လက်ဝယ်ထားရှိသူ သားငယ် (ခ) ဦးလေး (၅၉ နှစ်) ဖလူးကြီးကျေးရွာ မြဝတီမြို့ ကရင်ပြည်နယ်၊ ကျော်ဦး (ခ) ကျော်ဝင်းဦး (ယာဉ်မောင်း) အမှတ် (၄) ရပ်ကွက် မြဝတီမြို့၊ ဘုန်းညွန့် (ခ) မောင်ညွန့် ပုဏ္ဏားကျွန်းမြို့နယ် ရခိုင်ပြည်နယ်၊ မောင်မောင် ပတ္တမြား ဓာတ်ဆီဆိုင်လမ်း မြဝတီမြို့၊ သန်းလှိုင် (ရခိုင်) ချမ်းမြေ့သာစည်မြို့နယ် မန္တလေး၊ အောင်စိုးမင်း ချမ်းမြေ့သာစည်မြို့နယ် မန္တလေးနေသူ တို့အား ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်း အက်ဥပဒေပုဒ်မ ၅/၆ ဖြင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၁၉ ရက် ညပိုင်းက သာစည်မြို့ မိတ္ထီလာ-တောင်ကြီးလမ်း ကျွဲတပ်ဆုံ တိုးဂိတ်အနီးတွင် ယာဉ်များအား တားဆီးစစ်ဆေးရာမှ နေစိုးထွေးမင်း (ခ) ကိုစိုင်း မောင်းနှင်လာသည့် ယာဉ်ပေါ်မှ မောင်းပြန်သေနတ် ၂၂ လက် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ သေနတ်များကို ကလေးမြို့နေ မောရ (ခ) ကျုံးလျန်ဆန်းမှ မန္တလေးမြို့သို့ သယ်ဆောင်ပေးရန် ခိုင်းစေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

Writer: ရွှေသိန်း (မြဝတီ)

Most Read

Most Recent