တဲအိမ်ပျက်စီးသည့်ကိစ္စ စကားများရန်ဖြစ်ကြပြီး အမျိုးသမီးတစ်ဦးက တုတ်ဖြင့်ရိုက်နှက်ရာ အမျိုးသားတစ်ဦး သေဆုံးမှု ဖြူးမြို့နယ်တွင် ဖြစ်ပွား

တဲအိမ်ပျက်စီးသည့်ကိစ္စ စကားများရန်ဖြစ်ကြပြီး အမျိုးသမီးတစ်ဦးက တုတ်ဖြင့်ရိုက်နှက်ရာ အမျိုးသားတစ်ဦး သေဆုံးမှု ဖြူးမြို့နယ်တွင် ဖြစ်ပွား
Published 28 September 2017

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇေယျဝတီနယ်မြေ ရဲစခန်းအပိုင်တွင် စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက တဲအိမ်ကြမ်းခင်း ပျက်စီးသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ကြပြီး တဲအိမ်ရှင် အမျိုးသမီးက အမျိုးသားတစ်ဦးအား တုတ်ဖြင့်ရိုက်နှက်ရာ အမျိုးသားသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဇေယျဝတီ နယ်မြေရဲစခန်းမှ သိရသည်။

“တရားခံရဲ့ တဲပေါ်မှာ အဲဒီသေဆုံးသူက ခွင့်ပြုချက်မယူဘဲ လာနေတယ်။ နေတော့ ကြမ်းခင်းတွေ ဖျက်ဆီးနေတဲ့ အသံကြားလို့ သူကသွားပြောတယ်။ သွားပြောတော့ ဟိုက အရက်မူးနေတော့ ညစ်ညမ်းတာနဲ့ ဆဲတယ်။ လက်သီးနဲ့ တရားခံကိုထိုးတယ်။ တရားခံကနေပြီးတော့ ဝါးခြမ်းပြားနဲ့ အဲဒီသေဆုံးသူကို ရိုက်လိုက်တာ။ ရိုက်လိုက်တော့ မေးစေ့မှာ ဒဏ်ရာရပြီးတော့မှ တဲပေါ်မှာ မှောက်ခုံကြီးသေတာ။ အဓိက,က သူ့တဲကို ဖျက်ဆီးတယ်ဆိုပြီး စကားများတာပေါ့။ ပုဒ်မ ၃၀၂ နဲ့ပဲ အရေးယူထားပါတယ်” ဟု ဇေယျဝတီနယ်မြေ ရဲစခန်းမှူး ရဲအုပ်မြင့်ဟန်က ပြောကြားသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်က ဇေယျဝတီမြို့ အမဲခေါင်အုပ်စု နရိုင်ပူကျေးရွာရှိ ထရံကာ ဝါးကြမ်းခင်းထားသည့် တဲအိမ်ရှေ့၌ တဲအိမ်ပိုင်ရှင်ဖြစ်သူ သစ်ချောက်ခင်ကျေးရွာနေ မဇင်မာေ၀ (၂၃ နှစ်) (ဘ) ဦးကျော်ဦးနှင့် သူမ၏ တဲအိမ်၌ မှီခိုနေထိုင်လျက်ရှိသော ကိုမိုးကျော် (၃၅ နှစ်) (ဘ) ဦးမောင်ကမ်း အမဲခေါင်အုပ်စုနေသူတို့မှာ တဲအိမ်ကြမ်းခင်း ပျက်စီးသည့်ကိစ္စဖြင့် တဲရှေ့တွင် စကားများ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့စကားများရန်ဖြစ်ရာမှ မဇင်မာဝေက ကိုမိုးကျော်အား အရှည်လေးပေခွဲခန့်ရှိ တုတ်ဖြင့်ရိုက်နှက်ခဲ့ကြောင်း၊ ထိုသို့ရိုက်နှက်ခဲ့သဖြင့် ကိုမိုးကျော်၏ မေးစေ့တွင် အကျယ်တစ်လက်မ၊ အနက်တစ်လက်မခွဲခန့်ရှိသည့် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဆိုပါပေါက်ပြဲဒဏ်ရာအား ကိုမိုးကျော်၏ သမီးဖြစ်သူက ဆေးထည့်ကုသမှု ပြုလုပ်ပြီး ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်၌ ကိုမိုးကျော်မှာ အခင်းဖြစ်စဉ်ရရှိသော ဒဏ်ရာဖြင့် တဲအိမ်ပေါ်၌ မှောက်လျက် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဇေယျဝတီနယ်မြေရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ကိုမိုးကျော်၏ သမက်ဖြစ်သူ စိုင်းအောင်ဖြိုးက တရားလိုလုပ်ကာ ကိုမိုးကျော်အား တုတ်ဖြင့်ရိုက်ခဲ့သည့် မဇင်မာဝေအား ဥပဒေအရ အရေးယူပေးရန် တိုင်တန်းခဲ့သောကြောင့် ဇေယျဝတီ နယ်မြေရဲစခန်းက ၂၀၀/၂၀၁၇၊ ပြစ်မှုပုဒ်မ ၃၀၂ အရ ဖမ်းဆီးအရေးယူ ထားခဲ့ကြောင်း သိရသည်။

Most Read

Most Recent