ဧရာဝတီဘဏ်မှ ကျပ်သိန်း ၅၇၀၀ လိမ်လည်ရယူပြီး ထွက်ပြေး တိမ်းရှောင်နေသည်ဟုဆိုသည့် ယာဉ်ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူနှစ်ဦးအား ဖမ်းဆီးရန် ဆောင်ရွက်နေ

ဧရာဝတီဘဏ်မှ ကျပ်သိန်း ၅၇၀၀ လိမ်လည်ရယူပြီး ထွက်ပြေး တိမ်းရှောင်နေသည်ဟုဆိုသည့် ယာဉ်ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူနှစ်ဦးအား ဖမ်းဆီးရန် ဆောင်ရွက်နေ
Published 23 September 2017

ဧရာဝတီဘဏ်လီမိတက်မှ ကျပ်သိန်း ၅၀၀၀ ကျော် လိမ်လည်ရယူပြီး ထွက်ပြေး တိမ်းရှောင်နေသည်ဟုဆိုသည့် Best Auto ယာဉ်ရောင်းဝယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ နှစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မင်္ဂလာတောင်ညွန့်မြို့နယ် မြရာကုန်းလမ်း ရွှေမြယာအိမ်ရာတွင် ဖွင့်လှစ်ထားသော Best Auto ကားရောင်းဝယ်ရေး ကုမ္ပဏီသည် ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍ Hire Purchase စနစ်ဖြင့် မော်တော်ယာဉ် ၁၀၆ စင်း ရောင်းချခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချသည့် မော်တော်ယာဉ်များအနက် ယာဉ် ၃၆ စီးကို Best Auto ကားရောင်းဝယ်ရေးကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအမည်များ၊ မိသားစု ဆွေမျိုးများ၏ အမည်များက အရစ်ကျ ဝယ်ယူသူများဖြစ်သည်ဟု လိမ်လည်ဖော်ပြပြီး ဧရာဝတီဘဏ်မှ ကျပ်သိန်း ၅၇၀၀ ကို လိမ်လည်ရယူခဲ့ကြောင်း ဧရာဝတီဘဏ်လီမိတက် (ရုံးချုပ်) အထွေထွေမန်နေဂျာ (ချေးငွေဌာန) ဦးမောင်မောင်ဦး၏ အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

အဆိုပါ ငွေထုတ်ယူသွားသည့်ကိစ္စအား လာရောက် ရှင်းလင်းရန်အတွက် Best Auto ကားရောင်းဝယ်ရေးကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်နိုင်ဆိုသူနှင့် မန်နေဂျာ ဒေါ်ဝတ်ရည်ဖြိုးဆိုသူတို့ကို အကြောင်းကြားခဲ့သော်လည်း ခေတ္တစောင့်ဆိုင်းရန် ၎င်းတို့က ပြောဆိုပြီးနောက် ကုမ္ပဏီကို ဖျက်သိမ်းကာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

“ဘဏ်က တာဝန်ရှိသူတစ်ဦးက အမှုလာဖွင့်ပါတယ်။ တရားလိုဘက်ကိုတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးပါပြီ။ အတိုင်ခံရတဲ့သူတွေက နယ်ဘက်ကို ရောက်နေတယ်လို့ကြားတယ်။ သူတို့ကို ဖမ်းဆီးစစ်ဆေးနိုင်ဖို့အတွက် ဆက်လက် ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အမှုဖွင့်ထားသည့် ကိစ္စနှင့်ပတ်သက်၍ အမှုဖွင့်သည့် ဧရာဝတီဘဏ်လီမိတက် (ရုံးချုပ်) အထွေထွေမန်နေဂျာ (ချေးငွေဌာန) ဦးမောင်မောင်ဦးကို ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ ဦးမောင်မောင်ဦးမှာ အလုပ်မအားလပ်ပါသဖြင့် လာမည့် စက်တင်ဘာ ၂၅ ရက် (တနင်္လာနေ့) မှသာ ဆက်သွယ်မေးမြန်းရန် ချေးငွေဌာန တာဝန်ကျ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ကို ပိတောက်ချောင်းနယ်မြေရဲစခန်းက (ပ) ၅၄၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် စက်တင်ဘာ ၂၀ ရက် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent