ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန်က မြန်မာနိုင်ငံတွင် ဘင်္ဂါလီများအား မတော်မတရား ပြုခဲ့သည်ဟူသည့် ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆို

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန်က မြန်မာနိုင်ငံတွင် ဘင်္ဂါလီများအား မတော်မတရား ပြုခဲ့သည်ဟူသည့် ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆို
Published 28 July 2017

မြန်မာအစိုးရ အနေဖြင့် ယုံကြည်လောက်ဖွယ်ရှိသော စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်နိုင်စွမ်း မရှိသောကြောင့် မြန်မာနိုင်ငံတွင် ဘင်္ဂါလီများအား မတော်မတရားပြုခဲ့သည် ဟူသည့်ကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ပြုလုပ်သင့်ကြောင်းကို လာမည့်လ၌ လူ့အခွင့်အရေး ကောင်စီတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန်က ပြောကြားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် ယန်ဟီလီးက သူ့အနေဖြင့် သူ၏အစီရင်ခံစာကို မတ် ၁၃ ရက်၌ ဂျီနီဗာတွင် ကောင်စီသို့ တင်ပြသည့်အခါ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်အတွက် ဆုံးဖြတ်ရန်နှင့် ပတ်သက်၍ စပွန်ဆာပေးကြရန် အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုမည်ဖြစ်ကြောင်း သိရသည်။

 “စုံစမ်းစစ်ဆေးမှု တစ်ရပ်အတွက် ကျွန်မတကယ်ကို တွန်းအားပေးပါမယ်။ အတိအကျ ပြောရရင် ရိုဟင်ဂျာတွေရဲ့ အနေအထားနဲ့ ပတ်သက်ပြီးတော့ပါ” ဟု ယန်ဟီလီးက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အများစုမှာ နိုင်ငံမဲ့ဖြစ်နေသော မြန်မာနိုင်ငံမှ ဘင်္ဂါလီများအပေါ် မတော်မတရား ပြုခဲ့သည်ဟူသည့် အစီရင်ခံမှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ကုလသမဂ္ဂအား လူ့အခွင့်အရေး အဖွဲ့များက တောင်းဆိုခဲ့ကြသည်။

သို့သော် မြန်မာတပ်မတော်က အကြမ်းဖက် သောင်းကျန်းမှုကို နှိမ်နင်းသည့် စစ်ဆင်ရေးများအား စတင်ခဲ့သည့် အောက်တိုဘာလအတွင်း အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အခြားရက်စက် ကြမ်းကြုတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ပေါ်ထွက်လာခဲ့ပြီးနောက် ယင်းတောင်းဆိုမှုများက အရေးပေါ် အနေအထားသို့ ပို၍ ရောက်ရှိလာခဲ့သည်။

မြန်မာတပ်မတော်က လူသားဆန်မှုအပေါ် ပြစ်မှုကျူးလွန်ခဲ့သည်ဟူသည့် သက်သေအထောက်အထားများကို ရှာဖွေနိုင်သော ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပြုပေးမည့် စုံစမ်းစစ်ဆေးမှု တစ်ရပ်အတွက် ယခုအခါ မျှော်လင့်မထားသည့် ဖိအားရှိနေကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းကဆိုရင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ဆိုတာ တွေးတောင် တွေးနိုင်ဦးမှာ မဟုတ်သေးပါဘူး။ ဒါပေမဲ့ နေ့စဉ် ပြင်းထန်တဲ့အဟုန်နဲ့ ကြီးထွားလာနေပါတယ်” ဟု လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့ဖြစ်သည့် Fortify Rights မှ အလုပ်အမှုဆောင် အရာရှိချုပ် မတ်စမစ်က  ပြောကြားခဲ့သည်။

“ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို ဘာလုပ်ရမလဲဆိုတာ နားလည်ရေးအတွက် ကူညီဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန်ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ သူတို့တွေ သံတမန်ရဲ့ မှတ်ချက်တွေကို အလွန်လေးလေးနက်နက် စဉ်းစားရပါမယ်” ဟု လည်း မတ်စမစ်က ပြောကြားခဲ့သည်။

Ref : The Guardian  

Most Read

Most Recent