ပဋိပက္ခဖြစ်စေနိုင်သည့် အသုံးအနှုန်းများဖြင့် စမ်းချောင်းမြို့နယ်တွင် ဆဲဆိုသောင်းကျန်းသည့် အမျိုးသားအား ရန်ကုန်ရဲအက်ဥပဒေဖြင့် တရားစွဲပြီး ထောင်ရှစ်ရက် အမိန့်ချ

ပဋိပက္ခဖြစ်စေနိုင်သည့် အသုံးအနှုန်းများဖြင့် စမ်းချောင်းမြို့နယ်တွင် ဆဲဆိုသောင်းကျန်းသည့် အမျိုးသားအား ရန်ကုန်ရဲအက်ဥပဒေဖြင့် တရားစွဲပြီး ထောင်ရှစ်ရက် အမိန့်ချ
Published 14 September 2017

လူမျိုးရေးပဋိက္ခ ဖြစ်စေနိုင်သည့် အသုံးအနှုန်းများဖြင့် စမ်းချောင်းမြို့နယ်တွင် ဆဲဆိုသောင်းကျန်းသည့် အမျိုးသားအား ရန်ကုန်ရဲအက်ဥပဒေဖြင့် တရားစွဲပြီး စမ်းချောင်းမြို့နယ်တရားရုံးက ထောင်ရှစ်ရက် ကျခံစေရန် အမိန့်ချလိုက်ကြောင်း သိရသည်။

စက်တင်ဘာ ၁၂ ရက် ည ၇ နာရီခန့်တွင် စမ်းချောင်းမြို့နယ် လင်းလွန်း (တောင်) ရပ်ကွက် ကျိုက်လတ်လမ်း အနီးတွင် ကြည့်မြင်တိုင်ဘူတာ လိုင်းခန်း၌ နေထိုင်သူ အောင်သိန်းထွေးဆိုသူက အရက်မူးပြီး လူမျိုးရေး ပဋိပက္ခ ဖြစ်စေနိုင်သည့် အသုံးအနှုန်းများဖြင့် ဆဲဆိုအော်ဟစ်ရာ ၎င်းကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်နေ ပြည်သူများက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ထိုသို့ အရက်မူးဆဲဆိုခဲ့သည့် အောင်သိန်းထွေးအား စမ်းချောင်းမြို့မရဲစခန်းတွင် ရန်ကုန်ရဲအက် ၄၁ (၁၄)၊ (ပ)၃၉၇/ ၁၇ ဖြင့် အမှုဖွင့် အရေးယူထားပြီး ဖမ်းဆီးထားကြောင်း စမ်းချောင်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ပြော ကြားသည်။

“ပြန်လွှတ်ပေးလိုက်တယ်ဆိုပြီး သတင်းတွေ တက်နေတာ တွေ့ပါတယ်။ မဟုတ်ပါဘူး။ ရန်ကုန်ရဲအက်ဥပဒေနဲ့ အရေးယူထားပါတယ်။ တရားလည်း စွဲတင်ထားပြီး တရားရုံးက ထောင်ရှစ်ရက် ချလိုက်ပါပြီ။ အင်းစိန် အကျဉ်းထောင်ကို ခေါ်သွားမှာဖြစ်ပြီး ပြစ်ဒဏ်လွတ်တဲ့ အခါမှာလည်း ခြေချုပ်ခံဝန် ထားမှာပါ” ဟု စမ်းချောင်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဆဲဆိုခဲ့သည့် အောင်သိန်းထွေးအား သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးချိန်တွင် ၎င်း၏အစ်ကိုဖြစ်သူမှာ ရခိုင်ပြည်နယ်တွင် အလုပ်သွားလုပ်စဉ် အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကို ခံခဲ့ရသည့်အတွက် ယင်းကဲ့သို့ ဆဲဆိုရခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

အောင်သိန်းထွေးမှာ စမ်းချောင်းမြို့နယ် မြောင်းမြလမ်းနှင့် ဝါးခယ်မလမ်းတို့တွင် စတင်ဆဲဆိုခဲ့ခြင်းဖြစ်ပြီး ကျိုက်လတ်လမ်း အရောက်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဖြစ်ပွားခဲ့သည့် ဘာသာရေးအပေါ် ထိခိုက်ဆဲဆိုခဲ့သည့် ယူစွတ် (ခ) ကျော်စိုးဝင်းအားလည်း (ပ)၅၀၂/၁၇၊ ဥပဒေပုဒ်မ ၂၉၂/၂၉၅(က)/ ၁၈၆ တို့ဖြင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားသည်။

 

Most Read

Most Recent