တောင်တွင်းကြီးဖြစ်စဉ်အား ထိထိရောက်ရောက် အရေးယူနိုင်ရန် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ထုတ်ပြန်

တောင်တွင်းကြီးတွင် ယနေ့ညပိုင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ထိထိရောက်ရောက် အရေးယူနိုင်ရန် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းနှင့် လုံခြုံရေးတင်းကျပ်စွာ ချထားပြီး တည်ငြိမ်ရေး ဆောင်ရွက် နေကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ (စက်တင်ဘာ ၁၀ ရက်) ည ၇ နာရီ ၄၅ မိနစ်ခန့်က တောင်တွင်းကြီးမြို့ ရွှေအိုး၂ ရပ်ကွက်၊ အုန်းတော၂ လမ်းနှင့် မကွေးလမ်းမကြီးတစ်လျှောက် ဆိုင်များကို တုတ်၊ ဓါးလက်နက်များ ကိုင်ဆောင်သည့် လူအုပ်စုတစ်စုမှ ဖျက်ဆီးမှုများ ပြုလုပ်သွားကြောင်း၊  တောင်တွင်းကြီးမြို့တွင် လူအုပ်မရှိတော့ဘဲ လူစုကွဲသွားပြီဖြစ်ကြောင်းနှင့် ဦးဆောင်လှုံ့ဆော်သူများကို ဖမ်းဆီးမှု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူစုခွဲရာတွင် ရဲတပ်ဖွဲ့ဝင်များက ဒိုင်းများ အသုံးပြုခဲ့ရပြီး ရာဘာကျည်အချို့ အသုံးပြုခဲ့ရကြောင်း၊ တစ်ဦးဖမ်းဆီးထားပြီး ဦးဆောင်သူများကို စိစစ်ဆဲ ဖြစ်ကြောင်း၊ ဝိုင်းအုံသူ လူ ၄၀၀ ခန့် လူစုကွဲသွားပြီ ဖြစ်ကြောင်း၊ အခြား အုပ်စုဖွဲ့ဆောင်ရွက်မှုများ ဆက်လက် မဖြစ်စေရန် လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ ကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးနိုင်ရေး ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဆောင်ရွက်လျက် ရှိကြောင်းနှင့် ခရိုင်ရဲမှူးကိုယ်တိုင် ရှာဖွေဖမ်းဆီးရန် ဆောင်ရွက်နေကြောင်း သိရသည်။

သွေးထိုးလှုံ့ဆော်မှုများ၊ အဓိကရုဏ်းဖန်တီးသူများ၊ ယခု ဖြစ်စဉ်ကို အစပြုဆောင်ရွက်သူ မည်သူ့ကိုမဆို ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ပဋိပက္ခ ဖန်တီးလိုသူများအား အထူးသတိပြုကြပါရန် အသိပေးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။