အူနိုင်းအမ်မရီကို အာဆင်နယ်၌ ရေရှည် တွေ့မြင်ရမည်ဟု ရေးပါလာ မျှော်လင့်

 

 

Photos: Zimbio

အာဆင်နယ်ကွင်းလယ်လူဟောင်း ရေးပါလာက အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီအား အသင်းတွင် ရေရှည်တွေ့မြင်ရမည်ဟု မျှော်လင့်ကြောင်းနှင့် အသင်းဘုတ်အဖွဲ့အနေဖြင့် အူနိုင်းအမ်မရီအား အမြဲအားပေးထောက်ခံနေလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား (၃)လုံး၊ FA ဖလား (၄)လုံး ရယူခဲ့သော ရေးပါလာက “အာဆင် နယ်အသင်းဟာ အူနိုင်းအမ်မရီကို မှန်ကန်တဲ့အချိန်ကာလတစ်ရပ် ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အူနိုင်းအမ်မရီကို အာဆင်နယ်ပရိသတ်တွေက အားပေး ထောက်ခံနေတာ ကျွန်တော် မြင်တွေ့ပြီးသွားပါပြီ။ အသင်း ဘုတ်အဖွဲ့အနေနဲ့လည်း သူ့ကိုအားပေးဖို့ လိုအပ်ပါတယ်။ အူနိုင်းအမ်မရီဟာ အသင်းမှာ နောက်ထပ်ကစားသမားသစ် ခေါ်ယူမှုတွေ ထပ်မံပြုလုပ်ပြီး အသင်းကို သူ့စိတ်ကြိုက် ဆက်လက်တည်ဆောက်ဖို့ လိုအပ်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

 

 

■  လိုက်ပ်ဇစ် နှင့် ဒစ်ဆယ်ဒေါ့ဖ် (တနင်္ဂနွေည ၈း၀၀ နာရီ)
ရာသီသစ်ရဲ့ အိမ်ကွင်းပွဲဦးထွက်မှာ လိုက်ပ်ဇစ်အသင်း ပထမပွဲဂိုးပြတ်အရှုံးကို ကုစားဖို့ ကြိုးစားမှာပါ။ လိုက်ပ်ဇစ် ဂိုးပြတ်နိုင်ဖို့များတယ်။

■  ရှော်လ်ကေး နှင့် ဟာသာဘာလင် (တနင်္ဂနွေည ၁၀း၃၀ နာရီ)
ရှော်လ်ကေးအသင်း ရာသီအဖွင့် (၂)ပွဲဆက် အမှတ်လျော့သွားရင် ဖိအားဝင်သွားနိုင်လို့ အဖြစ်ခံမှာမဟုတ်ပါဘူး။ အိမ်ရှင်အနိုင်ကစားသွားဖို့များတယ်။

အကောင်ရယ် အထည်ရယ် ရောယှက်နွှယ်တော့

Photo: ubiSafe

(၁) ‘အကောင်’ ဟုပြောသဖြင့် တိရစ္ဆာန် တစ်ကောင်ကောင်ကို ဦးဆုံးမျက်စိထဲ ပြေးမြင်မိမည်ထင်သည်။ ယခုခေတ် အသုံးအနှုန်းထဲတွင် ‘အကောင်’ ဟူသည် လူတစ်ဦးအား နှိမ့်ချလို၍သုံးသည့် အသုံးအနှုန်း သို့မဟုတ် ရင်းနှီးသောသဘောဖြင့် ယောက်ျားတစ်ယောက်အား ရည်ညွှန်းခေါ်ဆိုသည့်စကား။ စာရေးသူ ရည်ညွှန်းလိုသည့် အကောင်မှာ အင်္ဂလိပ်လို Substance ဟုခေါ်သော အရာဝတ္ထု သို့မဟုတ် ပစ္စည်းကို ရည်ရွယ်လိုရင်းဖြစ်သည်။

‘အထည်’ ကို အဘိဓာန်ထဲတွင် ရွှေ၊ ငွေ၊ ဖန်၊ သံ စသည်ဖြင့် ပြုလုပ်သော ပစ္စည်းဟု ဖွင့်ဆိုထားသည်ဖြစ်ရာ ယင်းကို အင်္ဂလိပ်လို Material ဟုသုံးနှုန်းလျှင် သင့်မည်ထင်သည်။ သို့ဖြစ်၍ အကောင်နှင့်အထည်ကို ပူးတွဲပေါင်းစပ်၍ သုံးလိုက်ပါက ရုပ်ဝတ္ထု ထင်ရှားရှိသောအရာ သို့မဟုတ် ဒြပ်ဟု အနက်အဓိပ္ပာယ်ဖြစ်လာသည်။

လောက၌ အကောင်သည် အရေးကြီးသလို အထည်သည်လည်း အရေးကြီးသည်။ အကောင်အထည်ဟု အမည်တပ်လိုက်ပါက ပို၍ပင် အရေးကြီးလာသည်။ ထိုမှတစ်ဆင့်တက်၍ အကောင်အထည်ဖော်ခြင်း (Implementation) သည် အရေးကြီးဆုံးကိစ္စတစ်ရပ် ဖြစ်လာသည်။ ယင်းတို့သည် လူ့လောကရှိ လုပ်ငန်းကိစ္စအ၀၀ကို အကျိုးရှိစွာ ဖြစ်ထွန်း ပေါ်ပေါက်လာစေရေးအတွက်၊ တစ်နည်း ရလဒ်တစ်ခု ရရှိလာရေးအတွက် လုပ်ဆောင်သည့် အကောင်အထည်ဖော်ခြင်းမျိုး ဖြစ်သည်။ တစ်ခါတစ်ရံ အကောင်အထည်ဖော်သော်လည်း အကျိုးရလဒ် ပေါ်ထွန်းမလာဘဲ ပျက်ပြားသွားခြင်းမျိုးလည်း ရှိသည်။ အကောင်အထည်ဖော်၍ အကောင်အထည် ပေါ်လာပြီဆိုလျှင် Materialize ဖြစ်လာပြီဟု ဆိုကြသည်။

တစ်ဖန် အကောင်အထည်ကို ရုပ်ဝတ္ထု ထင်ရှားရှိသောအရာဟု အနက်ဖွင့်ဆိုထားသည်ဆိုသော်လည်း ‘လေ’ ကဲ့သို့သော (အကြမ်းဖျင်းအားဖြင့်) ဒြပ်ကင်းမဲ့သည့်အရာကို မည်သို့ဆိုမည်နည်း။ လေကို ဖွေရှာမန်းမှုတ်၍တစ်မျိုး၊ ဖမ်းဆုပ်၍တစ်သွယ် ပြုလုပ်ရန် မဖြစ်နိုင်ဟုဆိုစေကာမူ သူ့ကို အားအင်ချည့်နဲ့သည့်အရာဟု မယူဆသင့်။ လူနှင့်တကွ သက်ရှိသတ္တ၀ါအားလုံး၏ နှလုံးအဆုတ်ထဲသို့ ခုတ်မောင်းဝင်ရောက်ကာ အသက်ဆက်ပေးသော စက်သံပတ်တစ်ခု ဖြစ်သည်မှာ ယုံမှားဖွယ်မရှိ။

၁၉၈၆ ခုနှစ်ထုတ် မြတ်လေးမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခဲ့သောစာရေးသူ၏ ‘အကောင်အထည်နဲ့လူ’ ကဗျာ၏ အဆုံးသတ်အပိုင်း တစ်စိတ်တစ်ဒေသကို ဖတ်ရှုကြည့်ပါ။

အကောင်အထည်နဲ့လူ
လူဟာ …
ဆံလွှာဖားလျား၊ ခြေဆုံးဖျားထိ
သွေးသားသွေးကြော၊
ကူးနှောတည်ဆောက်
ဦးနှောက်ဖွဲ့စည်း၊ အသည်းနှလုံး
ချည်ထုံးဆက်နှောင်၊ အကောင်အထည်
ဝန်းလည်ရံယှက်၊ တည်နေလျက်ကို
ပြည့်နှက်အမြင်ဟီး၊ အထင်မကြီးနဲ့ …။
လူဟာ …
အလွှာခွဲထွက်၊ တစ်ဖက်နဲ့ တစ်ဖက်
အတ္တဖက်လွှမ်း၊ မျက်ကန်းတောထဲ
စဉ်းလဲနှလုံး၊ ဟန်ပြဖုံးပြီး
ရုန်းထွက်မနိုင်၊ တုပ်နှောင်ယိုင်လဲ
သ၀န်တိုပွဲမှာ၊ ကျားဆွဲခံရ …။
အသင်ဟာ ….
စာနာထောက်ထား၊ နှလုံးသားဖွဲ့နှောင်
အကောင်အထည်၊ ၀န်းလည်ရံယှက်
ပြည့်နှက်ရေသောက်မြစ်၊ မြေထွန်ခြစ်တဲ့
လူဖြစ်ကျိုးနပ်သူလားမိတ်ဆွေ…။ ။

ကိုယ်ကျိုးကြည့်လေ့ရှိသော အတ္တသမား ‘လူ’ သည် ဟန်ဆောင်ခြင်းဖြင့် ဖုံးကွယ်ထားသည့် စဉ်းလဲကောက်ကျစ်သော နှလုံးသားပိုင်ရှင် ဖြစ်နေရကား အကောင်အထည်ပင် ရှိနေလင့်ကစား ‘လူ’ ဟုခေါ်ရန် သင့်လျော်ပါမည်လားဟူ၍ ကဗျာထဲတွင် ရေးဖွဲ့ထားသည်။

(၂) အစိုးရဖြစ်စေ၊ ကုမ္ပဏီဖြစ်စေ၊ စီးပွားရေးလုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရာတွင် ဖြစ်စဉ်တစ်လျှောက်လုံး လုပ်ငန်း ချောမွေ့စွာ လည်ပတ်ခဲ့သည့်တိုင် အပြီးသတ်တွင် မည်သည့်အကောင်အထည်မျှ ချပြရန် မရှိ ဖြစ်နေပါက ယင်းကို အကျိုးမရှိ အရာမထင်သော၊ ကျဆုံးသော လုပ်ငန်းစီမံကိန်းတစ်ခုအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။

၁၉၉၄ ခုနှစ်ကတည်းက စတင်ခဲ့သည့် ဟံသာဝတီ လေဆိပ်စီမံကိန်းတွင် ငွေကြေးအားဖြင့် ဘီလျံနှင့်ချီ သုံးစွဲကုန်ကျခဲ့ပြီဟု ဆိုသော်လည်း စီမံကိန်း စတင်အကောင်အထည်ဖော်နိုင်မှု မရှိသေးဟု သိရသည်။ (The Daily Eleven – ၂၁-၈-၂၀၁၈ နေ့ထုတ်)။ ယင်းသို့ ဖြစ်သောကြောင့် နိုင်ငံတော်အတွက် များစွာ နစ်နာဆုံးရှုံးနေပြီဖြစ်ရာ ပြည်တွင်းပြည်ပ ကုမ္ပဏီအများအပြားနှင့် ဆွေးနွေးညှိနှိုင်း စာချုပ်ချုပ်ဆိုခဲ့သော်လည်း အရေးကြီးသော အချက်များ၌ ပြေလည်မှုမရခဲ့၍ စီမံကိန်း နှောင့်နှေးကြန့်ကြာခဲ့ခြင်း ဖြစ်သည်ဆိုသည်။ အကောင်အထည်ဖော်ခြင်း (Implementation) သည် မည်မျှအရေးကြီးကြောင်း ဤဖြစ်စဉ်သာဓကက သက်သေတစ်ခုအဖြစ် ဖော်ပြနေပေသည်။

အမျိုးသားလွှတ်တော် အစည်းအဝေး တစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လယ်ယာမြေစီမံခန့်ခွဲရေးနှင့် ပတ်သက်၍ စီမံခန့်ခွဲသည့် ကော်မတီသည် အားနည်းချက်များ ရှိနေသဖြင့် အစိုးရအနေဖြင့် အမြန်ထိန်းကျောင်းပေးရန် လိုအပ်သည်ဟု ဆွေးနွေးခဲ့သည် ဆိုသည်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်း၊ စားကျက်မြေ ပြဿနာများအား ဖြေရှင်းပေးနိုင်ခြင်းမရှိ၊ ဌာနဆိုင်ရာများသည်လည်း ဤမြေများပေါ်တွင် ဦးပိုင်အမည်ပေါက် ဖြစ်စေရန် ပြုလုပ်ခြင်းများမှာ ဥပဒေကို ချိုးဖောက်နေသကဲ့သို့ ဖြစ်နေသည်ဟုပြောသည်။ ပြည်သူများ၏ ပိုင်ဆိုင်မှုအပေါ် ထင်သလို လုပ်နေခြင်းတို့မှာ ဤမဲဆန္ဒနယ်မြေထဲ၌ များစွာရှိနေပါသည်ဟု ဆက်လက်ပြောကြားသည်။ (The Daily Eleven -၁၈-၈-၂၀၁၈ နေ့ထုတ်)။ သို့ဖြစ်၍ အစိုးရအနေဖြင့် အမြန်ဆုံး ထိန်းကျောင်းပေးရန် လိုအပ်နေပြီဖြစ်ကြောင်းဟု ၎င်းက ဆွေးနွေးသွားသည်။ ပြည်သူလူထု၏ ဒုက္ခကို ဖြေရှင်းရာတွင် ရလဒ်အမြန်ဆုံး ရရှိရန် အကောင်အထည်ဖော်ပေးနိုင်မှသာ ပြေလည်မည်ဟု ပြောဆိုဝေဖန်သံများ ကျယ်လောင်လာခဲ့သည်။

အကောင်အထည်ဖော်ရမည့် ကိစ္စများစွာအတွက် နှောင့်နှေးကြန့်ကြာမှုများ ရှိသကဲ့သို့ အမြန်နှုန်းနည်းဖြင့် မဖြစ်မနေ အကောင်အထည်ဖော်ခဲ့သဖြင့် ကျပ် ၂၈ ဘီလျံကျော် အလဟဿဖြစ်ခဲ့ရသော လှိုင်သာယာ-ဟင်္သာတ ရထားလမ်းဖြစ်စဉ်တစ်ရပ်သည် စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ထိုစဉ်က အာဏာပိုင်များ၏ လမ်းညွှန်မှုမှတစ်ဆင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး၌ လက်ရှိပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြောကြားသည်ဆိုသည်။

အကောင်အထည်ဖော်ရာ၌ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုမပြုလုပ်နိုင်ခဲ့ခြင်း၊ ရေ၀ပ်ဧရိယာများအား ဖြတ်သန်းဆောက်လုပ်ထားသဖြင့် ရထား၏ပျမ်းမျှအမြန်နှုန်းမှာ တစ်နာရီ ၁၅ မိုင်နှုန်းသာ ပြေးဆွဲနိုင်ကာ ကားလမ်းခရီးနှင့် မယှဉ်ပြိုင်နိုင်ခြင်း၊ ရထားပြေးဆွဲမှု ကုန်ကျစရိတ်မှာ စက်သုံးဆီကိုပင် မကာမိနိုင်ခြင်းစသည့် အကြောင်းများကြောင့် ရထားပြေးဆွဲမှုအား ရပ်တန့်ထားရသည်ဟု ၎င်းက ပြောကြားသည်။ နေ့စဉ် ရထားစီးခရီးသည် အရေအတွက်မှာလည်း မဆိုစလောက်သာရှိသောကြောင့် ၂၀၁၀ ပြည့်နှစ် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ မြန်မာ့မီးရထားက စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်စေကာမူ ၂၀၁၆ ခုနှစ် ဇွန်လတွင် ရထားပြေးဆွဲမှု ရပ်တန့်ခဲ့ခြင်းဖြစ်သည်ဆိုသည်။

(၃) အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ငန်းလွှဲအပ်ခြင်း မပြုဘဲနေလျှင် အကောင်းသားဟု ဆိုရလောက်အောင်ပင် လွှတ်တော် အဆောက်အအုံအား အရောင်တင်ဆီ (Polish) သုတ်ရန် သက်ဆိုင်ရာကုမ္ပဏီတစ်ခုကို လုပ်ငန်းချမှတ်ပေးပြီးနောက် အပြီးသတ်တွင် အမှန်တကယ် ကုန်ကျသင့်ငွေထက် များစွာ ပိုမိုစာရင်းတင်ပြခဲ့ခြင်းကြောင့် အရေးယူမှုများ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်တစ်ရပ်လည်း ရှိသေးသည်။ ပြောချင်သည်မှာ အချို့နေရာများ၌ စီမံကိန်းကို အကောင်အထည်မဖော်ဘဲ ကြန့်ကြာနှောင့်နှေးမှုများ ရှိသလို ယခုကဲ့သို့ အကောင်အထည် ဖော်လိုက်ပြန်တော့လည်း အရည်အသွေး စံချိန်မမီရုံမျှမက အသုံးပြုထားသည့် ငွေကြေးပမာဏ၏ လေးပုံတစ်ပုံသာ အမှန်တကယ် ကုန်ကျသည့် သာဓကတစ်ခု ပေါ်ပေါက်လာသဖြင့် အရေးယူမှုများ ပြုလုပ်ခဲ့ရခြင်းဖြစ်သည် ဆိုသည်။

ပြည်သူများ မျှော်လင့်တောင့်တနေကြသည့် အကောင်အထည်ရလဒ် (Concrete Result) မှာ ရိုးသားပွင့်လင်းမှုမှ စီးဆင်းလာသော အကောင်အထည်ဖော်ခြင်းမျိုးသာဖြစ်ရာ ထိုမှရရှိသည့် အသီးအပွင့် အကျိုးကျေးဇူးကို ခံစားသုံးစွဲခွင့်ရရန် မျှော်မှန်းကြခြင်းဖြစ်သည်။ လူနည်းစု သို့မဟုတ် လူတစ်ဦးတစ်ယောက်အတွက်သာ အကျိုးအမြတ်ဖြစ်စေမည့် အကောင်အထည်မျိုးကိုမူ လုံးဝ လက်ခံနိုင်စရာ ရှိလိမ့်မည်မဟုတ်ပေ။

ယနေ့ညကစားမည့် ချန်ပီယံလိဂ် Play-offs (ဒုတိယအကျော့) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ဒိုင်နမိုကိဗ် နှင့် အေဂျက်စ်

ပထမအကျော့ရလဒ်( အေဂျက်စ် ၃-၁ ဒိုင်နမိုကိဗ်)

Photo: Zimbio

အေဂျက်စ်အသင်း အိမ်ကွင်းမှာအနိုင်ရထားလို့ ဖိအားသိပ်မရှိပါဘူး။ ကစားသမားပိုင်းမှာ အေဂျက်စ် အပြတ်အသတ်သာနေပေမယ့် အဝေးကွင်းရလဒ်မစွံတဲ့အစဉ်အလာကို ပြင်နိုင်ပါ့မလား စောင့်ကြည့်ရဦးမယ်။ ယူကရိန်းမြေမှာတော့ အိမ်ရှင် အနိုင်နဲ့သရေပါပဲ။

 

■ ဒိုင်နမိုဇာဂရက် နှင့် ယန်းဘွိုင်းစ်

ပထမအကျော့ရလဒ် ( ယန်းဘွိုင်းစ် ၁-၁ ဒိုင်နမိုဇာဂရက်)

Photo: Twitter

ပထမအကျော့ ဆွစ်ဇာလန်မြေမှာ ဂိုးသွင်းခွင့်များစွာရခဲ့ ပေမယ့် အသုံးမချနိုင်ခဲ့တဲ့ ယန်းဘွိုင်းစ်အဖို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရတော့မယ်။ ခရိုအေးရှားမြေဖြစ်လို့ ယန်းဘွိုင်းစ်အတွက် အခက်အခဲတွေရှိနေပေမယ့် ဆွစ်ဇာလန်ရဲ့အကောင်းဆုံးအသင်းဆိုတာ သက်သေပြရမှာပါ။ ယန်းဘွိုင်းစ် မရှုံးနိုင်ဘူး။

 

■AEK အေသင် နှင့် ဗီဒီယိုတန်

ပထမအကျော့ရလဒ် ( ဗီဒီယိုတန် ၁-၂ AEKအေသင်)

Photo: BackpagePix

ဗီဒီယိုတန်က ပထမအကျော့မှာ (၁)ယောက်လျော့သွား ချိန် (၂)ဂိုးပြန်ပေးခဲ့ရပြီး (၁၀)ယောက်စီပြန်ဖြစ်သွားချိန်မှာ ချေပဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့တယ်။ ဗီဒီယိုတန်အနေနဲ့ AEKအေသင်ထက် အနည်းငယ်နိမ့်ပေမယ့် ခြေအကွာကြီး မဟုတ်ပါဘူး။ ဗီဒီယိုတန် ဂိုးပြတ်မရှုံးအောင်ကစားနိုင်တယ်။

 

အရက်မူးပြီးကားမောင်းသဖြင့် အဖမ်းခံခဲ့ရသည့် စပါးဂိုးသမား လိုရစ် သူ၏လုပ်ရပ်အတွက်ပြန်လည်တောင်းပန်

 

Photo: Mirror

စပါးအသင်း၏ ပြင်သစ်လက်ရွေးစင် ဂိုးသမား ဟူဂိုလိုရစ်သည် အရက်မူးပြီးကားမောင်းသဖြင့်ပြီးခဲ့သည့်သောကြာနေ့က ဖမ်းဆီးခံခဲ့ရပြီး ၎င်းက သူ၏လုပ်ရပ်အတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်းသိရှိရသည်။

အသက်(၃၁)နှစ်အရွယ်ရှိသူ လိုရစ်သည် သောကြာနေ့နံနက် (၂း၂၀)နာရီက လန်ဒန်မြို့လယ်တွင်အရက်မူးပြီးကားမောင်းကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည့် အတွက် ၎င်းအားဖမ်းဆီးထိန်းသိမ်းခဲ့သည်။ လိုရစ်သည် လန်ဒန်မြို့ရှိ ရဲအချုပ်တွင် (၇) နာရီခန့်ကြာတိုင်ချုပ်နှောင်ဖမ်းဆီးခဲ့ခဲ့ရကြောင်း သိရှိရသည်။ ထို့နောက် ၎င်းအား အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီးလာမည့်စက်တင်ဘာလအတွင်း ၀က်စ်မင်စတာတရားရုံး၌ အမှုရင်ဆိုင်ရ မည်ဖြစ်ကြောင်း သိရှိရသည်။

လိုရစ်သည် ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်လက်ရွေးစင်အသင်း၏ အဓိကဂိုးသမားတစ်ဦးဖြစ်ခဲ့ပြီးကြာသပတေးညက သူ၏ ပြင်သစ်အသင်းဖော်တချို့နှင့် သောက်စားခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။

သူ၏လုပ်ရပ် အတွက် တောင်းပန်ကြောင်း လိုရစ်က ယခုကဲ့သို့ ပြောကြားခဲ့သည်။”ကျွန်တော့်ရဲ့ မိသားစု၊ စပါးအသင်း၊ အသင်းဖော်တွေ၊ နည်းပြဖြစ်သူနဲ့ ပရိသတ်တွေအားလုံးကို ကျွန်တော်ရင်ထဲအသည်းထဲကနေ တောင်းပန်ပါတယ်။ အရက်aသာက်ပြီး ကားမောင်းတာဟာ လက်ခံနိုင်စရာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့လုပ်ရပ်အတွက် ကျွန်တော်အပြည့်အ၀တာဝန်ယူသွားပါမယ်” ဟု လိုရစ်ကပြောကြားခဲ့သည်။

လိုရစ်၏လုပ်ရပ်ကို စပါးအသင်းတာဝန်ရှိသူများက ဒေါသထွက်နေပြီး ကလပ်အသင်းအတွင်းစုံစမ်းစစ်ဆေးမှုပြုလုပ်ကာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ၎င်းအနေ ဖြင့်နှစ်ပတ်စာလစာငွေဖြစ်သော ပေါင်(၃)သိန်း ဒဏ်ရိုက်ခံရဖွယ်ရှိကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းကို ပေါင်(၂)ဘီလီယံဖြင့် ဝယ်ယူရန် ကမ်းလှမ်းမှုရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်

photo: AFP

လီဗာပူးလ်အသင်းကို ပြီးခဲ့သည့်ရာသီက ပေါင်(၂)ဘီလီယံဖြင့် ဝယ်ယူရန် ကမ်းလှမ်းမှုရှိခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။လီဗာပူးလ်အသင်းကို ပြီးခဲ့သည့်ရာသီက ပေါင်(၂)ဘီလီယံဖြင့် ဝယ်ယူရန် ကမ်းလှမ်းမှုရှိခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်၏ ညီအစ်ကိုဝမ်းကွဲတစ်ဦးဖြစ်သော ရှိတ်ခါလက်သည် လီဗာပူးလ်အသင်းကို ဝယ်ယူရန် ၂၀၁၇ ခုနှစ်တွင် စတင်ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်အစောပိုင်းအထိ ထပ်မံကြိုးပမ်းခဲ့ကြောင်းလည်း သိရှိရသည်။

Sheik Khaled (Photo: AFP)

ရှိတ်ခါလက်သည် ပင်လယ်ကွေ့ဒေသ၏ အအောင်မြင်ဆုံး စီးပွားရေးသမားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ပရီးမီးယားလိဂ်ဘောလုံးလောကတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်အားထက်သန်နေသူဖြစ်သည်။ ရှိတ်ခါလက်သည် လီဗာပူးလ်အသင်းကို ပေါင်(၂)ဘီလီယံဖြင့် ကမ်းလှမ်းခဲ့ခြင်းမှာ ဘောလုံးလောကတွင် တန်ဖိုးအကြီးဆုံး ကမ်းလှမ်းမှုဖြစ်ခဲ့ကြောင်း လည်းသိရှိရသည်။  လီဗာပူးလ်အသင်း၏ ပိုင်ရှင်များသည် ရှိတ်ခါလက်၏ ကိုယ်စားလှယ်အဖွဲ့ကို နယူးယောက်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း အလုံးစုံရောင်းချရန် ဆန္ဒမရှိ သည့်အတွက် အရောင်းအဝယ်မဖြစ်မြောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

လီဗာပူးလ်အသင်းကို လက်ရှိပိုင်ဆိုင်ထားသော FSG က ရင်းနှီးမြှုပ်နှံမှုအသစ်များကို အလိုရှိသော်လည်း အသင်းကို ရောင်းထုတ်လိုခြင်း မရှိကြောင်း သိရှိရသည်။ သို့သော် ရှိတ်ခါလက်သည် လီဗာပူးလ်အသင်းကို ဝယ်ယူရန် ဆက်လက်ကြိုးပမ်းသွားဖွယ်ရှိနေပြီး ဆွေးနွေးမှုများ ထပ်မံပြုလုပ်သွားရန် စီစဉ်နေဆဲဖြစ်ကြောင်း သိရှိရသည်။ ရှိတ်ခါလက်သည် တရုတ်နိုင်ငံမှ စီးပွားရေးသမားများနှင့် ပူးပေါင်းကာ လီဗာပူးလ်အသင်းကို ဝယ်ယူရန် စီစဉ်နေခြင်းဖြစ်ပြီး ပိုမိုမြင့်မားသည့် ပမာဏဖြင့် ကမ်းလှမ်းလာဖွယ်ရှိနေကြောင်းလည်း ဗြိတိန်မီဒီယာများက သုံးသပ်လျက်ရှိသည်။  လီဗာပူးလ်အသင်းကို လက်ရှိအချိန်တွင် အမေရိကန်လုပ်ငန်းရှင်များက ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ဝယ်ယူခဲ့စဉ်က ပေါင်သန်း(၂၈၀)ဝန်းကျင်သာ အသုံးပြုခဲ့ရကြောင်းလည်း သိရှိရသည်။

၂၀၁၈ အာရှအားကစားပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ အသင်းလိုက်ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် ထိုင်းအသင်းကို (၂-၁)ရလဒ်ဖြင့် မြန်မာအသင်းရှုံးနိမ့်

၂၀၁၈ အာရှအားကစားပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲအသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ အုပ်စု(ခ) အဖွင့်ပွဲစဉ်များကိုယနေ့နံနက်(၈း၃၀)က ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းသည် အုပ်စုတွင်းအဓိကပြိုင်ဘက် ထိုင်းအသင်းကို (၂-၁)ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

Photo: Asian Games.com

အဆိုပါ အမျိုးသားနှစ်ယောက်တွဲအသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်သည့်အသင်းများအနေဖြင့်  (၃)ပွဲကစားရမည်ဖြစ်ပြီး ယခုပွဲစဉ်တွင် မြန်မာက ပထမပွဲတွင် အနိုင်ရခဲ့သော်လည်း နောက်ထပ်
ကစားသည့် ပွဲနှစ်ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်နေစဉ် Photo: Ko Ko Mike Facebook

မြန်မာအသင်းသည် ယနေ့မွန်းလွဲ (၂း၃၀)တွင် လာအိုအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး  သြဂုတ် (၂၄)ရက်နေ့၊ နံနက် (၈း၃၀)တွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မလေးရှားအသင်းနှင့်ကစားရမည်ဖြစ်ကြောင်း သိရသည်။

အုပ်စု(က)၏အဖွင့်ပွဲစဉ်များတွင်မူ ဂျပန်အသင်းက အိမ်ရှင် အင်ဒိုနီးရှားအသင်းကို (၂-၁)ဖြင့်လည်းကောင်း၊ ဖိလစ်ပိုင်အသင်းက ဗီယက်နမ်အသင်းကို (၂-၁)ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။

 

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ဒုံးဟီးဒေသရှိ ရွာနှစ်ရွာတွင် အမည်မသိ ရောဂါဖြစ်ပွားနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ဒုံးဟီးဒေသရှိ ကျေးရွာနှစ်ရွာတွင် အမည်မသိ ရောဂါဖြစ်ပွားနေကြောင်း နန်းယွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ် စားလှယ်ဦးစိမ်းမောင်က ပြောကြားသည်။

အဆိုပါဒေသရှိကျေးရွာနှစ်ရွာတွင် ဖြစ်ပွားနေသည့် ရောဂါလက္ခဏာသိစေရန်အတွက် သက်ဆိုင်ရာ ဆရာဝန်များကရောဂါဖြစ်ပွားနေသည့် ကျေးရွာနှစ်ရွာဆီသို့ ကွင်းဆင်းနေကြောင်း လက်ရှိအခြေအနေအရ ဖြစ်ပွား နေသည့်ရောဂါ၏ အဖြေအား မသိရှိရသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ရောဂါဖြစ်တာက ဟုတ်တယ်။ ကျွန်တော် သိရသလောက်ကတော့ ကျောင်းသူ၊ ကျောင်းသားတွေကော ပြီးတော့ ရွာကလူကြီးတွေကော ဖြစ်နေကြတယ်။ ကျောင်းသူ ကျောင်းသားတွေ ဖြစ်တာကတော့ ဒီလိုပါ။သူတို့ကဒုံဟီးမြို့မှာ ကျောင်းတက်ကြတယ်။ ကျောင်းပိတ်ရက်ကျတော့ ရွာပြန်ပြီးတော့ ရိက္ခာသွားယူတာ။ အပြန်ခါကျတော့ မိုးမိလာကြတယ်တဲ့။ အဲဒီကနေ ချောင်းတွေဆိုးကြတယ်။ မျက်စိတွေ နီလာကြတယ်။ အဲလိုဖြစ်တဲ့ ကျောင်းသူကျောင်းသားတွေကို ကျောင်းမတက်ခိုင်းသေးဘဲ အိမ်မှာပဲ ခဏနေခိုင်းပြီးတော့ ဆေးကုသပေးနေတယ်။ သက်သာလာတဲ့ကျောင်းသူကျောင်းသားတွေရှိနေပြီ။ လက်ရှိ ကျွန်တော့်မြို့မှာ ရှိတဲ့ဆေးနဲ့တော့ လုံလောက်မှုမရှိဘူး။ ရက်ကြာလာရင်တော့ အခြားရောဂါဖြစ်လာမှာကို စိုးရိမ်နေကြတယ်။ ဆေးဝါးလိုအပ်ချက်တွေကလည်း ရှိနေသေးတယ်” ဟုဦးစိမ်းမောင်က ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ဒုံးဟီးဒေသရှိ အမည်မသိရောဂါဖြစ်ပွားနေသည့် ကျေးရွာနှစ်ရွာမှာ ဆိတ်ညိုကျေးရွာနှင့် ၀မ်ရုတ်ကျေးရွာတို့ဖြစ်ကြောင်း ယင်းကျေးရွာများတွင် နေထိုင်ကြသည့် လူကြီးများနှင့်  ကျောင်းသူကျောင်းသားများမှာ အမည်မသိရောဂါ ဖြစ်ပွားနေကြောင်း ဦးစိမ်းမောင်၏ ပြောကြားချက်အရ သိရသည်။

ကုမ္ပဏီ အရောင်းစာရေးတစ်ဦးထံမှ ကျပ် ၉၇ သိန်းခိုးယူပြီး ခွဲဝေယူထားသည့် တောင်ငူမြို့နေသူ လေးဦးအား ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် သြဂုတ် ၁၆ ရက်က ကုမ္ပဏီအရောင်းစာရေးတစ်ဦးက အမျိုးသမီးတစ်ဦးအား တည်းခိုခန်းသို့ခေါ်စဉ် ငွေကျပ် ၉၇ သိန်းအား ခိုးယူခံခဲ့ရပြီး ခိုးသွားသည့်ငွေများအား ခွဲဝေယူကြသူ လေးဦးအား တောင်ငူမြို့မရဲစခန်းမှ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဟန်လင်းအောင်က “ကယ်ရီသမားက ကောင်လေးကို ကောင်မလေးနဲ့ တည်းခိုခန်း ထည့်ပေးပြီးတော့မှ ကောင်မ လေးက အထုတ်မပြေးတာ၊ ပထမတော့ တရားလိုက တို့ဆေးလိုလို ဘာလိုလိုစခန်းကို လာပြောတာ၊ အမှုဖွင့်ပြီးစစ်တော့မှ သူက ပြည့်တန်ဆာခေါ်အိပ်တာ ပေါ်တာ၊ ကျန်တဲ့ သုံးယောက်က ကောင်မလေးခိုးလာတာကို ခွဲဝေယူကြတာပေါ့။ အဲဒီခွင်တွေနဲ့ လုပ်စား နေတဲ့ပန်းခြံကွေ့က ကိုထွန်းဆိုတဲ့ လူကအချုပ်ပဲ။ သူတို့က အမြဲလုပ်စားနေတာ” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ တောင်ငူမြို့ ၇ ရပ်ကွက်၊ မြန်မာ့အလှ တည်းခိုခန်းတွင် သြဂုတ် ၁၃ ရက်မှစ၍ ရောက်ရှိတည်းခိုနေသော ကုမ္ပဏီတစ်ခုမှ အချိုမှုန့်အရောင်းစာရေးဖြစ်သူ ကိုဥာဏ်လင်းသည် သြဂုတ် ၁၆ ရက် ည ၁၀ နာရီခန့်တွင် အတူတည်းခိုနေသည့် သူငယ်ချင်းဖြစ်သူနှစ်ဦးတို့မှာ မြို့ထဲသို့ထွက်ခွာသွားသဖြင့် လိုက်ရှာရန်အတွက် အမည်မသိ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးအား ငှားရမ်း၍ လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေစဉ် ဆိုင်ကယ်ကယ်ရီသမားက “ကောင်မလေးရှိတယ်။ ၁၀၀၀၀ ကျပ်ပေးရမယ်” ဟုပြောပြီးနောက် ဖုန်းဆက်ခေါ်လိုက်ရာ အမည်မသိ အမျိုးသမီးတစ်ဦးရောက်ရှိလာခဲ့ပြီး ယင်းအမျိုးသမီးနှင့်အတူ ကိုဥာဏ် လင်းအားတည်းခိုခန်းတစ်ခုသို့ ကယ်ရီသမားက လိုက်ပို့ပေးပြီးနောက် ငှားရမ်းထားသော အခန်းထဲသို့အရောက်တွင် အမည်မသိ အမျိုးသမီးကငွေကျပ် ၉၇၀၀၀၀၀ ထည့်ထားသည့် အိတ်ကို ခိုးယူသွားခဲ့သဖြင့် စုံစမ်းအရေးယူ ပေးရန် ကိုဥာဏ်လင်းက တောင်ငူ မြို့မရဲ စခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်အား တောင်ငူမြို့မရဲစခန်း မှ (ပ)၈၀၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀ ဖြင့် ကနဦးအမှုဖွင့်ပြီး မြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဟန်လင်းအောင် ဦးဆောင်သော နယ်ထိန်းတပ်ဖွဲ့ဝင်များက စစ် ဆေးဆောင်ရွက်ခဲ့ရာ ငွေထုပ်အား ခိုးယူသွားသော အမည်မသိအမျိုးသမီးမှာ တောင်ငူမြို့ ၁၉ ရပ်ကွက် စတီးလမ်းနေ မပိုးပိုး ၁၇ နှစ်(ဘ)ဦးခင်မောင်ဦးနှင့် ကယ်ရီမောင်းသူ အမည်မသိ အမျိုးသားမှာ မိုးဟိန်း ၂၃ နှစ်(ဘ)စိုင်းသန်းထွဋ်၂ ရပ်ကွက် တောင်ငူမြို့နေသူ တို့ဖြစ်ကြောင်းသိရသဖြင့် ၎င်းတို့နှစ်ဦးအား သက်သေများနှင့်အတူ ကနဦးဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူ နှစ်ဦးအား ထပ်မံစစ်ဆေးခဲ့ရာ မပိုးပိုး ခိုးယူသွားသည့်ပိုက်ဆံအိတ်ား တောင်ငူမြို့ ၂ ရပ်ကွက်နေ ကိုထွန်း ၄၃ နှစ် (ဘ) ဦးမောင်မြင့်ထံ ပေးအပ်ခဲ့ပြီး ကိုထွန်း ဆိုသူမှ မိုးဟိန်းနှင့် တောင်ငူမြို့ ၁၀ ရပ်ကွက် နေ အောင်ကျော်မိုး ၃၃ နှစ် (ဘ) ဦးရွှေတို့ အား ခွဲဝေပေးခဲ့ခြင်းဖြစ်သည်ကို ၀န်ခံထွက်ဆိုခဲ့ကြောင်း၊ ထို့ကြောင့် ငွေခိုးယူရာတွင် ပူးပေါင်းပါဝင်ပြီး ဖမ်းဆီးရန် ကျန်ရှိသူနှစ်ဦးဖြစ် သည့် ကိုထွန်းနှင့် အောင်ကျော်မိုးတို့ နှစ်ဦး အား ထပ်မံစုံစမ်းခဲ့ပြီး ၎င်းတို့နှစ်ဦးအား သြဂုတ် ၁၈ ရက် နံနက် ၄ နာရီကျော်ခန့်တွင် တောင်ငူမြို့ ၁၉ ရပ်ကွက် ရန်ကုန်-မန္တလေး လမ်းမဟောင်းဘေး ပန်းခြံကွေ့အနီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း လေးဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။