တိုက်ဂါးဝုဒ် မူးယစ်ဆေးဝါး ငါးမျိုးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရ

 

ပြီးခဲ့သည့် မေ(၂၉)ရက်က တိုက်ဂါးဝုဒ် ဖမ်းဆီးခံခဲ့ရစဉ် (Photo: Reuters)

အမေရိကန်နာမည်ကြီး ဂေါ့ဖ်ကစားသမား တိုက်ဂါးဝုဒ်သည် ပြီးခဲ့သည့်မေလက ယာဉ်စည်းကမ်းချိုးဖောက်မှုကြောင့် ဖမ်းဆီးခံခဲ့ရသည့်အချိန်တွင် မူးယစ်ဆေးဝါး ငါးမျိုးအထိ သုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု သြဂုတ် ၁၄ ရက်က တရားဝင် ထုတ်ပြန်သည့် ဆေးမှတ်တမ်းတွင် ဖော်ပြပါရှိခဲ့ကြောင်း သိရသည်။

ဆီးစစ်မှုအရ တိုက်ဂါးဝုဒ်မှာ ယင်းအချိန်က စိတ်ငြိမ်ဆေး၊ အိပ်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ဆေးခြောက်အနွယ်ဝင် ဓာတုဗေဒဆေးဝါးများကို သုံးစွဲထားခြင်းလည်း ဖြစ်သည်။

၄၁ နှစ်အရွယ်ရှိပြီဖြစ်သူ ၎င်းအနေဖြင့် ရဲတပ်ဖွဲ့၏ ထိန်းသိမ်းမှုခံခဲ့ရပြီးနောက် စိတ်ပညာရှင်များထံမှ ကုထုံးအကူအညီများလည်း ရယူခဲ့ရသည်။ ပြီးခဲ့သည့်အပတ်က လည်း ၎င်းက ယာဉ်စည်းကမ်းဖောက်ဖျက် မှုစွဲချက်များအတွက် အပြစ်မရှိကြောင်း အသနားခံစာတင်သွင်းခဲ့သည်။

တိုက်ဂါးဝုဒ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ပိုင်းကတည်းက ကျောဒဏ်ရာပြဿနာများကြောင့် ပြိုင်ပွဲဝင်နိုင်ခြင်းမရှိဘဲ အနားယူနေရလျက် ရှိသည်။ ထို့ပြင် ဆုဖလားအောင်မြင်မှုမှာလည်း ၂၀၁၃ ခုနှစ်ကတည်းက မည်သည့်ပြိုင်ပွဲတွင်မျှ ဗိုလ်စွဲနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံသူ ဆိုယောင်ယူ အမျိုးသမီးဂေါ့ဖ် ကမ္ဘာ့အဆင့် (၁) ကစားသမားဖြစ်လာ

ကမ္ဘာ့အဆင့် (၁) ကစားသမားဖြစ်လာသည့် ဆိုယောင်ယူ (Photo: AFP)

တောင်ကိုရီးယားနိုင်ငံသူ နာမည်ကြီးဂေါ့ဖ်ကစားသမား ဆိုယောင်ယူသည် ဇွန် ၂၅ ရက်က ကျင်းပပြီးစီးခဲ့သည့် Walmart NW Arkansas ပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲပြီးနောက် ကမ္ဘာ့အဆင့် (၁) နေရာ လွှဲပြောင်းရယူနိုင် ခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲမှာ အခြားပြိုင်ပွဲများနှင့်မတူဘဲ သုံးရက်သာ ယှဉ်ပြိုင်ရပြီး ဆိုယောင်ယူ (၂၆ နှစ်) သည် စုစုပေါင်းရိုက်ချက် ၁၉၅ ချက်၊ လျှော့ရိုက်ချက် ၁၈ ချက်ဖြင့် ပထမဆုံးအကြိမ် အနိုင်ရဗိုလ်စွဲပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် လျှော့ရိုက်ချက် အများဆုံး စံချိန်သစ်တင်ခဲ့သည်။

၎င်း၏နောက်တွင် အေမီယန်း (တောင်ကိုရီးယား) နှင့် မိုရီယာဂျူတာနူဂန် (ထိုင်း) က နှစ်ချက်အကွာဖြင့် ဒုတိယ၊ မစ်ရှယ်ဝီနှင့် စတေဆီလူးဝစ် (အမေရိကန်) က ငါးချက်အကွာဖြင့် တတိယရရှိခဲ့သည်။

ရာသီအဖွင့် ANA Inspiration ဂရင်းစလင်းပြိုင်ပွဲ အပါအ၀င် ဂရင်းစလင်း ချန်ပီယံဆု နှစ်ကြိမ်ရရှိထားသည့် ဆိုယောင်ယူသည် ယခုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သောကြောင့် ထိုင်းနိုင်ငံသူ အာရီယာဂျူတာနူဂန်၊ နယူးဇီလန်နိုင်ငံသူ လီဒီယာကိုတို့ကို ကျော်ဖြတ်ကာ ကမ္ဘာ့အဆင့် (၁) နေရာကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် ကျင်းပသည့် အမျိုးသားပြိုင်ပွဲများအနက် PGA Tour ပြိုင်ပွဲတွင် ဂျော်ဒန်စပီးသ် (အမေရိကန်) နှင့် European Tour ပြိုင်ပွဲတွင် ရိုမဲရိုး (အာဂျင်တီးနား၊ ကမ္ဘာ့အဆင့် ၈၃၇) တို့ ဗိုလ်စွဲခဲ့သည်။

၂၀၁၇ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အားကစားနည်း ၂၉ မျိုး ၀င်ရောက်ယှဉ်ပြိုင်မည်

(၂၈) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သည့် ၀ူရှူးအားကစားမယ် စန္ဒီဦး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် (၂၉) ကြိမ်မြောက် မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများအား အပြီးသတ် ရွေးချယ်လိုက်ပြီဖြစ်ပြီး ၂၉ မျိုးတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့သည် မူလက ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် အားကစားနည်း ၃၀ ကျော်အား ပဏာမအဆင့် ရွေးချယ်ခဲ့ပြီး နောက်ပိုင်းတွင် ၂၉ မျိုးအထိ လျှော့ချကာ ဇူလိုင် ၆ ရက်က အပြီးသတ် ရွေးချယ်ရာတွင်လည်း အားကစားနည်း ၂၉ မျိုးစလုံး ယှဉ်ပြိုင်ရန် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ မြန်မာအားကစားအဖွဲ့သည် ရွှေတံဆိပ် မျှော်မှန်းနိုင်သည့် ၀ူရှူး၊ ပိုက်ကျော်ခြင်း/ခြင်းလုံး၊ ဂျူဒို၊ ဘိလိယက်၊ မြားပစ် စသည့် အားကစားနည်းများတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မွေလက်ဝှေ့၊ ပန်ကြပ်ဆီလတ်၊ မြင်းစီး၊ ရေခဲပြင်ဟော်ကီ၊ ရေခဲပြင်စကိတ်၊ Lawn bowls၊ Netball၊ ရပ်ဘီ၊ Waterskiing ပြိုင်ပွဲများတွင် ယှဉ်ပြိုင်မည်မဟုတ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် (၂၈) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း ၃၁ မျိုး ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ယခုအကြိမ်တွင် လှေလှော်ပြိုင်ပွဲ ပါဝင်ခြင်းမရှိသောကြောင့် ၀င်ရောက်ယှဉ်ပြိုင်သည့် အားကစားနည်း အရေအတွက် လျော့ကျခဲ့ခြင်းဖြစ်သည်။ ယခုဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့် အားကစားနည်းများတွင် ရွှေတံဆိပ် မျှော်မှန်းနိုင်သည့် အားကစားနည်း အရေအတွက် ၁၀ မျိုးဝန်းကျင်သာရှိပြီး ရွှေတံဆိပ်အများဆုံး မျှော်မှန်းနိုင်သည့် လှေလှော်ပြိုင်ပွဲမှာလည်း ပါဝင်လာခြင်းမရှိသဖြင့် မြန်မာအားကစားအဖွဲ့၏ ရွှေတံဆိပ်ရရှိနိုင်မှု အရေအတွက်မှာ ၁၀ ခုကျော်သာ ရနိုင်ဖွယ်ရှိကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့သည် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၈) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေ ၁၂ ခု၊ ငွေ ၂၆ ခု၊ ကြေး ၃၁ ခု ဆွတ်ခူးရရှိခဲ့ပြီး ရွှေတံဆိပ်ရရှိခဲ့သည့် ဘိလိယက်၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ ဂျူဒိုနှင့် ၀ူရှူးအားကစားနည်းများ ယခုပြိုင်ပွဲတွင် ပြန်လည်ပါဝင်လာသည်။ မြန်မာအားကစားအဖွဲ့များသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် တစ်နှစ်ကျော် အချိန်ယူ ပြင်ဆင်နေကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့ ယှဉ်ပြိုင်မည့် အားကစားနည်းများ

ရေကူး/ဒိုင်ဗင်၊ မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘိလိယက်/စနူကာ၊ ဘိုးလင်း၊ လက်ဝှေ့၊ ခရစ်ကတ်၊ စက်ဘီး၊ ဓားရေး၊ ဟော်ကီ၊ ဘောလုံး/ဖူဆယ်၊ ဂေါ့ဖ်၊ ကျွမ်းဘား၊ ဂျူဒို၊ ကရာတေး၊ ပီတန်း၊ ရွက်လှေ၊ သေနတ်ပစ်၊ ပိုက်ကျော်ခြင်း/ခြင်းလုံး၊ Squash၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ Triathlon (သုံးမျိုးစုံ)၊ ဘော်လီဘော၊ အလေးမ၊ ၀ူရှူး