Air KBZ လေကြောင်းလိုင်းမှ လေယာဉ်မှူးကြီးကပ္ပတိန် မြင့်ဇော်ဦးနှင့် တွေ့ဆုံခြင်း

‘ကျွန်တော်ပျံသန်းရမှာက ဘင်္ဂလားပင်လယ်အော်ထဲမှာ။ မုန်တိုင်းလည်း ရှိတယ်။ ဟိုဘက်ကိုဆက်သွားရင် ရိုးမထဲမှာ။ ဘယ်လိုမှ အရေးပေါ်ဆင်းသက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး’

ဇူလိုင် ၂၀ ရက်က စစ်တွေမှ ရန်ကုန်သို့ ပျံသန်းလာသည့် Air KBZ လေကြောင်းလိုင်းမှ ATR လေယာဉ်တစ်စင်းသည် Electrical Heating System ချွတ်ယွင်းမှုကြောင့် လေယာဉ်မှန်ကွဲအက်မှု ဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါ လေယာဉ်အား မောင်းနှင်လာသည့် လေယာဉ်မှူးကြီးမှ သံတွဲလေဆိပ်သို့ ဆင်းသက်ခဲ့သည်။ ယင်းသို့ သံတွဲလေဆိပ်သို့ ဆင်းသက်ခဲ့သည့် လေယာဉ်မှူးကို Air KBZ လေကြောင်းလိုင်းမှ ရာထူးတစ်ဆင့်လျှော့ အရေးယူ ပြစ်ဒဏ်ချမှတ်ခဲ့ရာ ယခုကဲ့သို့ ရာထူးတစ်ဆင့်လျှော့ အရေးယူ ပြစ်ဒဏ်ချမှတ်ခြင်းသည် လေကြောင်းလိုင်း၏ လုပ်ပိုင်ခွင့်အားကျော်လွန်၍ ဆုံးဖြတ်ခဲ့ခြင်းကြောင့် လေယာဉ်မှူးကြီးအား မူလရာထူးသို့ ပြန်လည်ပေးအပ်ရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ Air KBZ လေကြောင်းလိုင်းမှ တာဝန်ရှိသူများကို သြဂုတ်လ ၇ ရက်နေ့က ခေါ်ယူကာ ညွှန်ကြားခဲ့သည်ဟု သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ Air KBZ လေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး ကပ္ပတိန်မြင့်ဇော်ဦးအား သြဂုတ် ၇ ရက်က တွေ့ဆုံမေးမြန်းခဲ့သည်များအား ဖော်ပြအပ်ပါသည်။

■ မေး – အဲဒီနေ့က ဖြစ်စဉ်လေးကို အရင်ဆုံး ပြောပြပေးပါ။

ဖြေ – ဟုတ်ကဲ့ အဲဒီနေ့က ကျွန်တော်စစ်တွေကနေ ရန်ကုန်ကို ပြန်လာတာပေါ့။ ခရီးစဉ်က ရန်ကုန်-သံတွဲ-စစ်တွေ-ရန်ကုန် ခရီးစဉ် K7422၊ K7423 ပေါ့။ အမြင့်ပေ ၁၇၀၀၀ မှာ ပျံနေတဲ့အချိန်ပေါ့။ သံတွဲရောက်ဖို့ ၄၅ မိုင် အလိုမှာ Heating System ပျက်သွားတာ။ Wind Shield မှာ နည်းပညာအရ လေယာဉ်မှန်မကွဲအောင် အပူပေးတဲ့စနစ်ရှိတယ်။ အဲဒါမကောင်းလို့ ပျက်သွားတာ။ ပျက်သွားတော့ အဲဒီအချိန်မှာ Fault Alarm မြည်လာတယ်။ အဲဒီလို မြည်လာရင် ဘာလုပ်ပါဆိုတာ အလိုအလျောက် ညွှန်ကြားတဲ့ Check List ရှိပြီးသား။ နားလည်အောင်ပြောရရင် ဒီ System မှာ Shock ဖြစ်နေတယ်။ မကောင်းဘူးပိတ်ပါလို့ ပြောတဲ့ Auto Procedure ရှိတယ်။ အဲဒီလို အပူပေးစနစ် ပိတ်လိုက်တဲ့အတွက် ဒီ System မကောင်းတော့လို့ မှန်ကအေးပြီး ကွဲသွားတာပေါ့။ ဒါကဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတစ်ခုပါ။

■ မေး – ဟုတ်ကဲ့ အဲဒီလိုမှန်ကွဲသွားတဲ့အချိန်မှာ ကပ္ပတိန် ဘာဆက်လုပ်ခဲ့ပါသလဲ။

ဖြေ – ဟုတ်ကဲ့ ဒီလိုဖြစ်တဲ့အချိန်မှာ လေယာဉ်မှူးတစ်ယောက် အနေနဲ့ စဉ်းစားဆုံးဖြတ်ရမှာက လေယာဉ်က မှန်ကွဲသွားပြီ။ ကွဲသွားတဲ့အချိန်မှာ ဒီဖြစ်စဉ်က impact ဖြစ်နိုင်သလား။ မဖြစ်နိုင်ဘူးလား။ impact ဖြစ်တယ် ဆိုတာက ထိခိုက်မှု တစ်စုံတစ်ရာ ရှိပြီးတော့ ဒီလေယာဉ်က စိတ်ချရတဲ့ အနေအထားမှာ မရှိတော့ဘူး။ အရေးပေါ် ဖြစ်နိုင်တဲ့ အခြေအနေကို ရောက်သွားပြီ။ ဒါကတစ်ချက်ပေါ့။ နောက်တစ်ချက်ကတော့ ဒီလိုမှန်ကွဲပေမယ့် ဆက်မောင်းလို့ရသေးတယ်။ လေယာဉ်ပျံသန်းမှုကို ထိခိုက်မှုမရှိနိုင်ဘူး။ စိတ်ချရတယ် ဆိုတာမျိုးပေါ့။ ဒီလိုမှန်ကွဲတာမျိုးက Creck ဖြစ်တယ်လို့ ခေါ်တယ်။ Creck ဖြစ်လာလို့ရှိရင် အစင်းကြောင်း တစ်ကြောင်းတည်းကို အလွန်ဆုံးက လေးလက်မအထိပဲ Limitation ရှိတယ်လို့ အင်ဂျင်နီယာတွေရဲ့ Maual မှာပါတယ်။ လေးလက်မကျော်သွားရင်တော့ တပြင်လုံးကွဲသွားပြီ။ အဲဒါဆိုရင် ဒီလေယာဉ်က အရေးပေါ် ဖြစ်နိုင်တဲ့ အခြေအနေကို အချိန်မရွေး ရောက်သွားနိုင်တယ်။ ဒီမှန်ကြီးပြုတ်ထွက်သွားမလား မပြုတ်ထွက်သွားဘူးလားဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ အခုလို ကွဲနေရက်နဲ့ ဆက်မောင်းလာရင် ဒီမှန်ကလုံးဝ မပြုတ်ထွက်ပါဘူး။ အန္တရာယ်ကင်းပါတယ်လို့ ရေးထားတဲ့ စာအုပ်တွေမရှိဘူး။ ဘယ်သူမှ အာမမခံနိုင်ဘူး။ အဲဒီတော့ မှန်ကွဲသွားရင် အရေးပေါ် လုပ်ဆောင်ရမယ့် အစီအစဉ်တွေ ရှိတယ်။ နားလည်အောင်ပြောရရင် ဒီလေယာဉ်သည် ဆက်လက်ပျံသန်းဖို့ စိတ်ချရတဲ့ အနေအထားမှာ လုံးဝမရှိတော့ဘူး။ အချိန်မရွေး မှန်ပြုတ်သွားနိုင်တယ်။ အနီးစပ်ဆုံးကွင်းမှာ ဆင်းသက်ရမယ်။ ဒါကလည်း Electrical System Failed ဖြစ်လို့ နောက်တစ်ခုကို ထပ်မကူးဘူးလို့လည်း မပြောနိုင်ဘူး။ ခုအရင်ဆုံးကွဲတဲ့မှန်က ကျွန်တော့်ဘက်ကမှန်။ ပြီးရင် တွဲဘက်လေယာဉ်မှူးဘက်က မှန်လည်း ထပ်မကွဲဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ မှန်နှစ်ဘက်လုံး ကွဲသွားခဲ့ရင် ကျွန်တော်တို့ ဒီလေယာဉ်ကို ဆက်မောင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ အဲဒီအချိန်မှာ ရာသီဥတုကလည်း အရမ်းဆိုးနေတယ်။ လျှပ်စီးတွေလက်၊ လေပြင်းတွေတိုက်၊ မိုးကြိုးတွေပစ်နေပြီး မုန်တိုင်းဖြစ်နေတဲ့ ရာသီဥတုပါ။ ကျွန်တော့်အနေနဲ့ ဆုံးဖြတ်ရရင် ဒါသည် ပုံမှန်အခြေအနေ Normal Flight မဟုတ်တော့ဘူး။ Abnormal Flight ဖြစ်သွားပြီ။ အချိန်မရွေး အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေပါ။ ဒီအခြေအနေမှာ ကျွန်တော့်အနေနဲ့ လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံမှုကို ဦးစားပေးစဉ်းစားရမယ်။ နောက်တစ်ခုက လေယာဉ်အမှုထမ်းတွေနဲ့ အတတ်နိုင်ဆုံး လေယာဉ်ကို ဒိထက်ပိုပြီး မပျက်စီးအောင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုချရမှာ ကျွန်တော့်တာဝန်။ မှန်အကွဲကြီးနဲ့ ဆက်ပျံဖို့က အန္တရာယ်ရှိတယ်လို့ ကျွန်တော်ယူဆတယ်။ ကျွန်တော်ပျံသန်းရမှာက ဘင်္ဂလားပင်လယ်အော်ထဲမှာ။ မုန်တိုင်းလည်းရှိတယ်။ ဟိုဘက်ကိုဆက်သွားရင် ရိုးမထဲမှာ။ ဘယ်လိုမှ အရေးပေါ် ဆင်းသက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်တစ်ချက်က သံတွဲကို မဆင်းဘဲဖြစ်တဲ့ နေရာကနေ ရန်ကုန်အထိ မောင်းမယ်ဆိုရင် ၁ နာရီနဲ့မိနစ် ၂၀ လောက် မောင်းရမယ်။ အဲဒီတော့ ကျွန်တော်သံတွဲကိုဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ပြီးတာနဲ့ ချက်ချင်းဆင်းလို့ရတာ မဟုတ်ဘူး။ လုပ်ရမယ့် အစီအစဉ်တွေရှိတယ်။ ကျွန်တော်သံတွဲလေဆိပ်ကို လေယာဉ်ဆင်းဖို့ ဆက်သွယ်ရတယ်။ Weather တောင်းရတယ်။ ပြီးတော့ ခရီးသည်တွေကို လက်ရှိအခြေအနေကို ကြေညာတယ်။ ကျွန်တော်တို့ ရန်ကုန်ကို ဆက်မသွားတော့ဘူး။ သံတွဲ လေဆိပ်ကိုဆင်းပါ့မယ်။ လေယာဉ်ကလည်း Capt ရဲ့ Under Control အောက်မှာပဲ ရှိပါတယ်။ သံတွဲကိုရောက်ရင်လည်း ကျွန်တော်တို့ Ground Staff တွေက အဆင်ပြေအောင် စီစဉ်ပေးပါ့မယ်ဆိုတာ ကြေညာပြီးမှ သံတွဲလေဆိပ်ကို ဆင်းခဲ့တာပါ။ ဆင်းတဲ့အခါမှာလည်း ခက်ခက်ခဲခဲ ဆင်းခဲ့ရတယ်။ မိုးထဲလေထဲမှာ ဆင်းခဲ့ရပြီး မြေပြင်မှာ တစ်နာရီ မိုင် ၃၀ နှုန်းနဲ့ လေက တိုက်နေတာ။ ကျွန်တော့်ဘက်က မှန်ကွဲနေတဲ့အတွက် မြင်ကွင်းမရှင်းလို့ တွဲဘက်လေယာဉ်မှူး အကူအညီယူပြီး ဆင်းခဲ့ရတယ်။ ကျွန်တော်ဆင်းခဲ့ချိန်မှာ ခရီးသည်နဲ့ လေယာဉ်ဘာတစ်ခုမှ ထိခိုက်မှုမရှိခဲ့ဘဲ Safety Landing ဖြစ်ခဲ့ပါတယ်။

■ မေး – ဟုတ်ကဲ့ စစ်တွေကနေ တက်လာပြီးမှ စစ်တွေလေဆိပ်ကို ပြန်မဆင်းဘဲ သံတွဲလေဆိပ်ကိုဆင်းဖို့ ဘာလို့ဆုံးဖြတ်ခဲ့တာပါလဲ။

ဖြေ – ကျွန်တော်စစ်တွေကို ဘာလို့ ပြန်မဆင်းသလဲဆိုတော့ ကျွန်တော် စစ်တွေကနေ စတက်လာတည်းက စစ်တွေမှာလည်း ရာသီဥတုက မကောင်းဘူး။ မိုးရွာနေတယ်။ မိုးတိမ်တောင်တွေ ရှိနေတယ်။ ကျွန်တော်က သံတွဲကို မဆင်းဘဲ စစ်တွေကို ပြန်လှည့်ပျံမယ်ဆိုရင် ကျွန်တော်လာခဲ့တဲ့ ပုံမှန် Speed အတိုင်း ပျံလို့မရတော့ဘူး။ မှန်ကွဲနေလို့ ကျွန်တော် Speed လျှော့ပျံမှ ရတော့မယ်။ ဒါကြောင့် စစ်တွေကို ပြန်လှည့်ရင် ၂၅ မိနစ်လောက် ဖြစ်သွားပြီ။ စစ်တွေကို သွားပြီးမှ မဆင်းနိုင်ဘူးဆိုရင် ကျွန်တော်သံတွဲကို ပြန်လှည့်လာလို့ မရတော့ဘူး။ ဘာလို့သံတွဲလေဆိပ်မှာ ညဘက်ဆင်းဖို့ Night Landing Facilities မရှိဘူး။ ညနေ ၅ နာရီအထိပဲ ဆင်းလို့ရတယ်။ ကျွန်တော့်အနေနဲ့ ရာသီဥတုဆိုးနေလို့ စစ်တွေကို ဆင်းလို့မရတော့ဘူး။ သံတွဲမှာလည်း မဆင်းဘဲ ရန်ကုန်အထိ လာမယ်ဆိုရင် ဒီရာသီဥတု ဆိုးဆိုးကြီးကြီးထဲမှာ ခရီးသည်တွေကို တောက်လျှောက် ခေါ်သွားဖို့ဆိုတာ အန္တရာယ်ကြားမှာ Over Risk ယူပြီး သွားရသလိုဖြစ်မယ်။ ရန်ကုန်ကို ရောက်ခဲ့ရင် ပြောတာနော်။ တကယ်လို့ လမ်းမှာဘာတစ်ခုမှမဖြစ်ဘဲ ရန်ကုန်လေဆိပ်ကို ဆင်းသက်နိုင်ခဲ့ရင်တောင် ကျွန်တော့်ကို သက်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အရေးယူမှာ အသေချာပဲ။ ခရီးသည်တွေရဲ့ Safety ကို မစဉ်းစားဘဲ ဒီလိုအခြေအနေနဲ့ မောင်းလာတယ်ဆိုရင် ကျွန်တော့်ကို DCA က လိုင်စင်သိမ်းတဲ့အထိ အရေးယူနိုင်ပါတယ်။

■ မေး – ဟုတ်ကဲ့ လေယာဉ်မှူးတစ်ယောက် အနေနဲ့ အခုလို မထင်မှတ်တဲ့ အရေးပေါ် အခြေအနေတွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ဘယ်လိုကြိုးစား လုပ်ဆောင်ခဲ့ပါသလဲ။

ဖြေ – ကျွန်တော်တို့ လေယာဉ်မှူးတွေအနေနဲ့ကတော့ လေယာဉ်ပေါ်မှာ မထင်မှတ်တဲ့ အခြေအနေတွေ ကြုံတွေ့လာရတဲ့အခါ သတ်မှတ်ထားပြီးသား Standard Operating Procedure (SOP) တွေအတိုင်းသာ ဆောင်ရွက်ပါတယ်။ အရေးအကြီးဆုံးက ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံရေး ဖြစ်တာကြောင့် ဒီအချက်ကို ဦးစားပေးရင် လေကြောင်းလိုင်းရဲ့ စီးပွားရေးကို အနည်းနဲ့ အများထိခိုက်မှု ရှိနိုင်ပါတယ်။ အဲဒီနှစ်ခုကြားမှာ လေယာဉ်မှူးတွေရဲ့ ကျွမ်းကျင်မှုနဲ့ပဲ စဉ်းစားဆုံးဖြတ်ရတာ ဖြစ်ပါတယ်။

■ မေး – Capt ဘက်ကအခုလိုဆုံးဖြတ်ပြီး သံတွဲလေဆိပ်ကို ဆင်းသက်ခဲ့တာကို လေကြောင်းလိုင်းက အရေးယူမှု ပြုလုပ်ခဲ့တဲ့အပေါ် ဘာများပြောချင်ပါသလဲ။

ဖြေ – ခုနကျွန်တော်ပြောခဲ့ပြီးသလိုပါပဲ။ လေယာဉ်လေထဲမှာ မောင်းနေတဲ့ အချိန်ကနေ မြေပြင်ရောက်တဲ့အထိ SOP ကို မလိုက်နာဘဲ လုပ်ခဲ့တာ ဘာမှမရှိပါဘူး။ ကျွန်တော့်အနေနဲ့ ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် ကြိုးစားဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော့်အတွက် ဒီလိုအရေးယူမှုကတော့ အများကြီး နစ်နာပါတယ်လို့ ပြောချင်ပါတယ်။

တေးသံရှင်ဝေလနှင့် တွေ့ဆုံခြင်း

ဂီတလောကအတွင်း အခက်အခဲများကြားမှ ဖြတ်သန်းကြိုးစားလာခဲ့ရသူတစ်ဦးဖြစ်ကာ မိတ်ကပ်မကြိုက်သောသီချင်းများ တစ်ကိုယ်တော်အယ်လ်ဘမ်မှ စတင်ပြီး ပရိသတ်လက်ခံအားပေးမှု အများအပြား ရရှိခဲ့သူမှာ တေးသံရှင်ဝေလဖြစ်သည်။ ဘ၀ကို သရော်သည့်သီချင်းများ၊ နေ့စဉ်ဖြတ်သန်းမှုဘ၀များအတွင်းမှ လွဲမှားနေသည့် အယူအဆများအား သရော်ဟန်စွက်သည့် တေးသီချင်း ဖန်တီးမှုများဖြင့် ကြိုးစားတင်ဆက်လေ့ရှိသည့် တေးသံရှင်ဝေလမှာ လက်ရှိတွင် တစ်ကိုယ်တော် တေးအယ်လ်ဘမ်လေးခွေ ထွက်ရှိထားခဲ့ပြီးဖြစ်သည်။ တေးသံရှင်ဝေလက ပထမဆုံးတစ်ကိုယ်တော်ပွဲအဖြစ် စက်တင်ဘာ ၂၉ ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ရန် စီစဉ်ထားသည့်အပြင် ဖျော်ဖြေပွဲတစ်ပွဲလုံးအား အကယ်ဒမီဓိရာမိုရ်၏ သံစုံတီးဝိုင်းဖြင့် တွဲဖက်တင်ဆက်ရန် စီစဉ်ထားပြန်သည်။ တေးသံရှင်ဝေလနှင့် တွေ့ဆုံ၍ ပထမဆုံးတစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ပြင်ဆင်ထားမှုများ၊ သံစုံတီးဝိုင်းနှင့် တင်ဆက်ရမည့်အတွက် စိတ်လှုပ်ရှားမှုများအား မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး – မိုးရာသီမှာ ဂီတလှုပ်ရှားမှုတွေဘာတွေ လုပ်ဖို့ရှိလဲ။

ဖြေ – မိုးရာသီမှာက သြဂုတ်လထဲမှာ ကျွန်တော်နဲ့နီနီနဲ့ လန်ဒန်မှာ သွားဖျော်ဖြေဖို့ရှိတယ်။ ဒီပွဲကတော့ ဟိုမှာလုပ်မယ့်ပွဲကို သွားဆိုပေးရမှာပါ။ တစ်ပွဲပါပဲ။ အဲဒီအတွက် သြဂုတ် ၁၀ ရက်လောက်စထွက်ဖို့ရှိမယ်။ လကုန်ခါနီးလောက်မှပြန်ရောက်မယ်။ စက်တင်ဘာလထဲမှာတော့ ကျွန်တော့် One Man Show လုပ်ဖို့ရှိပါတယ်။ စက်တင်ဘာ ၂၉ မှာ အမျိုးသားကဇာတ်ရုံမှာ လုပ်ဖို့စီစဉ်ထားပါတယ်။

■ မေး – One Man Show ကို တစ်ပွဲလုံးကိုဓိရာမိုရ်တို့နဲ့ တွဲဖက်တင်ဆက်ဖို့ စီစဉ်ဖြစ်တာကရော။

ဖြေ – အဓိကတော့ အရှေ့မှာလည်း ကိုဓိရာမိုရ်နဲ့တွဲပြီး တင်ဆက်ဖူးတာရှိတယ်။ အဲဒီကတည်းကလည်း အခုလိုတွဲပြီး အရမ်းဆိုချင်ခဲ့တယ်။ ပထမဆုံး One Man Show ဖြစ်တဲ့အတွက် ပရိသတ်တွေကိုလည်း အမှတ်တရ ဖြစ်စေချင်တယ်။ ဒါကြောင့် ဒီပွဲကိုတစ်ပွဲလုံး ကိုဓိရာမိုရ်တို့နဲ့တွဲပြီး တင်ဆက်မယ်ဆိုပြီး ဆုံးဖြတ်ဖြစ်သွားတာပါ။ အဲဒီအတွက် ပြင်ဆင်ရမှာတွေက ပိုများလာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကတော့ အကောင်းဆုံးပြင်ဆင် ကြိုးစားသွားမှာပါ။

■ မေး – တစ်ကိုယ်တော်ပွဲအတွက် ဘာတွေအဓိကပြင်ဆင်နေပြီလဲ။

ဖြေ – အဓိကတော့ သီချင်းရွေးနေတာပေါ့။ ပရိသတ်တွေ နားထောင်ချင်တဲ့ သီချင်းတွေ ရှိမယ်။ ကျွန်တော်ဆိုချင်တဲ့သီချင်းတွေလည်း ရှိတယ်။ အဲဒါကိုမှ Orchestra နဲ့ တီးတဲ့အခါ အဆင်ပြေဆုံး၊ အလိုက်ဖက်ဆုံးပုံစံတစ်ခုဖြစ်ဖို့ ရွေးချယ်ရမှာပေါ့။ ကျွန်တော့်ပွဲမှာ Opening Band နှစ်ခုလည်းပါမယ်။ သူတို့လည်း အကောင်းဆုံးဖျော်ဖြေ တင်ဆက်ကြပါလိမ့်မယ်။

■ မေး – ကိုဝေလသီချင်းတွေအားလုံးကို Orchestra နဲ့ တီးတဲ့အခါ ပရိသတ်တွေအတွက် အရသာအသစ်တစ်ခု ပြောင်းသွားမလား။

ဖြေ – ဟုတ်တယ်။ ကျွန်တော်လည်းအဲဒါကြောင့် ပထမဆုံးတစ်ကိုယ်တော်ပွဲမှာ တစ်ပွဲလုံးကို Orchestra နဲ့တီးဖို့ ဆုံးဖြတ်လိုက်တာ။ သီချင်းအားလုံးကို Orchestra နဲ့တီးတဲ့အခါ အရသာအသစ်တစ်ခု ပြောင်းသွားမယ်လို့ထင်တယ်။ အဓိကတော့ ပရိသတ်တွေအတွက် ထူးခြားမယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော် အခုလို တင်ဆက်ဖို့ ဆုံးဖြတ်လိုက်တာ။ ပွဲမှာတီးတဲ့အခါလည်း Choir တွေ ဘာတွေနဲ့ ခမ်းခမ်းနားနားလည်း လုပ်ချင်တယ်။ ဒါကြောင့် အခုလိုလုပ်ဖြစ်တာပါ။

■ မေး – အဲဒီအတွက် သီချင်းတစ်ပုဒ်ချင်းစီမှာ ပြောင်းလဲတီးခတ်မှုတွေ လုပ်ဖို့လိုမလား။

ဖြေ – အဓိကတော့ သီချင်းပါပဲ။ ဘယ်သီချင်းကို ဘယ်လိုပုံစံပြောင်းမလဲ၊ ဘယ်လိုပြောင်းတီးမလဲဆိုတာ ကိုဓိရာမိုရ်နဲ့တိုင်ပင်ပြီး လုပ်နေပါတယ်။

■ မေး – သီချင်းဘယ်နှပုဒ်လောက် ဖျော်ဖြေဖြစ်မလဲ။

ဖြေ – သီချင်းက အကြမ်းဖျင်းတော့ ၂၅ ပုဒ်လောက်ဆိုဖို့ မှန်းထားတယ်။ အတိအကျတော့ မသိသေးဘူး။ ရွေးနေတုန်းပဲ ရှိသေးတော့လေ။ ပရိသတ်တွေ နားထောင်ချင်တဲ့သီချင်းတွေကိုတော့ ဦးစားပေး ရွေးဖြစ်ပါမယ်။

■ မေး – ပွဲအတွက် တခြားစိတ်လှုပ်ရှားစရာဆိုရင်ရော။

ဖြေ – နောက်ထပ်ဂရုစိုက်ရမှာက ကျန်းမာရေးပေါ့။ အသောက်အစားလေးလည်း နည်းနည်းလျှော့ပြီး ကျန်းမာရေးဂရုစိုက်ရတယ်။ ဆင်ခြင်သင့်တာတွေ ဆင်ခြင်ပြီး အပုဒ်တိုင်းကို အကောင်းဆုံးဆိုနိုင်အောင် ကြိုးစားသွားပါမယ်။

■ မေး – ဒီကြားထဲတော့ သီချင်းသစ်ထွက်ဖြစ်ဖို့ရှိဦးမလား။

ဖြေ – ဒီကြားထဲတော့ သီချင်းသစ်မထွက်ဖြစ်သေးဘူး။ ပွဲအတွက်ပဲ အာရုံအပြည့်အ၀ စိုက်သွားမယ်။ ဒီပွဲက မနှစ်ကတည်းကလည်း လုပ်မယ်လို့ စိတ်ကူးရှိသလို အားလုံးကလည်း တိုက်တွန်းကြတယ်။ ဒါပေမဲ့ တကယ်လုပ်မယ့်အချိန်မှာ သီချင်းလည်း များချင်တာကြောင့် အခွေသစ်တစ်ခွေ ထပ်ထွက်ခဲ့ပြီး ဒီအခွေထဲကသီချင်းတွေနဲ့ ပရိသတ်နဲ့ ရင်းနှီးမှုရမယ့် အချိန်တစ်ခုရောက်အောင် စောင့်ဆိုင်းရပါတယ်။ အခုတော့ အဲဒီလိုအချိန်လည်း ရောက်လာပြီဆိုတော့ တစ်ကိုယ်တော်ပွဲကို အကောင်းဆုံး တင်ဆက်နိုင်ဖို့ပဲ စီစဉ်ပါမယ်။

■ မေး – အခက်အခဲတွေ အများကြီးနဲ့ ကြိုးစားခဲ့ရတဲ့ အခြေအနေတစ်ခုကနေ အခုလိုပရိသတ် အားပေးတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်ရတဲ့အချိန်မှာ ခံစားရတဲ့ ခံစားချက်ကိုလည်း သိချင်ပါတယ်။

ဖြေ – ဒီအလုပ်က အသွေးအသားထဲကကို ၀ါသနာပါလို့ လုပ်တဲ့အလုပ်ပေါ့။ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ အရင်ကလည်း အခက်အခဲတွေကြားက ဒီလိုပဲကြိုးစားခဲ့တယ်။ ကူညီပေးခဲ့ကြတဲ့သူတွေလည်း ရှိခဲ့တယ်။ ဒီလိုကနေပဲ အခုလိုနေရာတစ်နေရာထိ ရောက်လာတယ်ပေါ့။ ဒီလိုရောက်လာတဲ့အခါလည်း ကျွန်တော်တို့ အနုပညာရှင်တွေအနေနဲ့ ရပ်တန့်လို့မရပါဘူး။ ပိုပိုပြီးကြိုးစားရတာပါ။ အနုပညာဖန်တီးမှုနဲ့ ပတ်သက်လို့ အရင်ကလည်း ကြိုးစားသလို အခုလည်း ကြိုးစားပါတယ်။ ဒီလိုကြိုးစားမှုတွေကို အသိအမှတ်ပြု အားပေးတဲ့ ပရိသတ်တွေရှိမှလည်း အနုပညာရှင်ဆိုတာ ရပ်တည်နိုင်တာပါ။

■ မေး – တစ်ကိုယ်တော်ပွဲအတွက် လက်မှတ်တွေက ဘယ်တော့လောက်စရောင်းမလဲ။

ဖြေ – ရွှေစင်အင်တာတိန်းမန့်က စီစဉ်တာဆိုတော့ ကိုအီကြာကွေးနဲ့ တိုင်ပင်တုန်းပါပဲ။ အားလုံးသတ်မှတ်ပြီးရင်တော့ ကြေညာပါမယ်။ ဒီလကုန်လောက် စရောင်းဖြစ်မယ်ထင်ပါတယ်။

■ မေး – သီချင်းတွေတော့ အသစ်ရေးဖြစ်တယ်နော်။

ဖြေ – သီချင်းရေးတာကတော့ စိတ်ထဲမှာပေါ်ရင် ပေါ်သလို ချရေးတာမျိုးဆိုတော့ ရေးဖြစ်ပါတယ်။ အရင်ကတည်းက ရေးထားခဲ့တဲ့သီချင်းတွေလည်း ရှိတယ်။ အဓိကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်တွေ့နေတာတွေထဲက ကိုယ့်စိတ်ထဲမှာ တစ်ခုခုပေါ်လာပြီဆိုရင် ချရေးလိုက်တာများတယ်။ စိတ်ထဲမှာ ခံစားမိတဲ့အတိုင်း၊ မြင်မိတဲ့အတိုင်းကိုပဲ ဖန်တီးဖြစ်တာများတယ်။ အဲဒီတော့ ဘယ်အချိန်မှာ သီချင်းရေးမယ်ဆိုတာမျိုး မသတ်မှတ်ထားဘဲ ခံစားမှုပေါ်လာတဲ့အချိန် ရေးဖြစ်တာပါ။

■ မေး – တစ်ကိုယ်တော်ပွဲပြီးရင်ရော နောက်ထပ်ဘာအနုပညာလှုပ်ရှားမှုတွေ လုပ်ဖြစ်ဖို့ရှိမလဲ။

ဖြေ – ပွင့်လင်းရာသီရောက်ရင်တော့ ရှိုးတွေပဲဆိုဖြစ်ဖို့များမယ်။ ရန်ကုန်ရော နယ်မှာပါ ရှိုးတွေဆိုဖြစ်မယ်။ သီချင်းအသစ်တွေလည်း တစ်ကိုယ်တော်ပွဲပြီးရင်တော့ ဖြည်းဖြည်းချင်းလုပ်သွားဖို့ စိတ်ကူးထားတယ်။

■ မေး – တစ်ကိုယ်တော်ပွဲကို လာအားပေးမယ့် ပရိသတ်တွေကို ပြောချင်တဲ့စကားလက်ဆောင်များရှိမလား။

ဖြေ – ကျွန်တော့်ရဲ့ ပထမဆုံးတစ်ကိုယ်တော်ပွဲ အတွက်လည်း စိတ်အားလူအား အပြည့်အ၀ထည့်ပြီး ပြင်ဆင်သွားပါမယ်။

Myanmar Idol Top 3 ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုနှင့် တွေ့ဆုံခြင်း

Myanmar Idol သီချင်းဆိုပြိုင်ပွဲ၏ Top 3 ပြိုင်ပွဲဝင်တစ်ဦးဖြစ်ကာ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်တစ်ဦးလည်းဖြစ်သည့် ပြိုင်ပွဲဝင်ချမ်းမြေ့မောင်ချိုမှာ တေးသံရှင်အိအိ၏ မျိုးဆက်သစ် သမီးငယ်လေးဖြစ်သည်။ ချိုသာသည့်အပြုံး၊ ကိုယ်ပိုင်ဆိုဟန်တစ်ခုကို ပိုင်ဆိုင်ထားသည့် ချမ်းမြေ့မောင်ချိုသည် ပြိုင်ပွဲကာလတစ်လျှောက်တွင် ပရိသတ်အားပေးမှု အခိုင်အမာ ရရှိလာသူဖြစ်သည်။ ချမ်းမြေ့မောင်ချိုနှင့် တွေ့ဆုံ၍ ပြိုင်ပွဲကာလအတွေ့အကြုံများ၊ အကဲဖြတ်ဒိုင်များ၏ Comment များအပေါ် သဘောထားခံယူချက်များ၊ နောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် ကြိုးပမ်းလျှောက်လှမ်းသွားရန် ပြင်ဆင်ထားသည်များကို မေးမြန်းဖြစ်ခဲ့သည်။

■ မေး – Myanmar Idol Top 3 အထိ ပါဝင်ခွင့်ရလာတဲ့ ခံစားချက်ကို အရင်ဆုံး ပြောပြပေးပါဦး။

ဖြေ – တကယ်တမ်း ပြောရရင်တော့ ဒီအဆင့်အထိကို ရောက်လာတယ်ဆိုတာက သမီးကိုအားပေးကြတဲ့ ပရိသတ်တွေရဲ့ ကျေးဇူးကြောင့်ပါ။ ပရိသတ်တွေရဲ့ အားပေးမှုတွေ၊ Voting ပေးတာတွေ မရှိဘူးဆိုရင် ဒီနေရာအထိလည်း ပါဝင်ခွင့်ရမှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဆက်လက်ကြိုးစားခွင့်ရတာကိုက ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ပါပဲ။ ဒါကြောင့် ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ မေမေလည်းသမီး အခုလိုက်လက်ယှဉ်ပြိုင်နိုင်တဲ့အပေါ် ကျေနပ်မယ်ထင်ပါတယ်။

■ မေး – ချမ်းမြေ့မောင်ချိုက ပြိုင်ပွဲစပြိုင်ကတည်းက သီချင်းတိုင်းကို ကိုယ်ပိုင်ဟန်တစ်ခုနဲ့ ဆိုတတ်တယ်။ အဲဒီလို သတ်မှတ်ခံရတဲ့အပေါ် ခံစားမှုကို သိချင်ပါတယ်။

ဖြေ – ပရိသတ်တွေက သမီးသီချင်းဆိုတဲ့အခါ ဘာသီချင်းပဲဆိုဆို ကိုယ်ပိုင်ဟန်တစ်ခုနဲ့ ဆိုတယ်လို့ပြောကြသလို အကဲဖြတ်ဒိုင်တွေကလည်း သမီးက ကိုယ်ပိုင်ဟန်ရှိတယ်လို့ ပြောကြတာတွေရှိတယ်။ သမီးအရမ်းလည်းပျော်ပါတယ်။

■ မေး – ပြိုင်ပွဲကာလတစ်လျှောက်မှာ ကောင်းမွန်တဲ့ အတွေ့အကြုံတွေရခဲ့သလို စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်ရတာတွေလည်း ကြုံရမှာပဲလေ။ ဒါတွေကို ဘယ်လိုကျော်ဖြတ်လဲ။

ဖြေ – ဒါကတော့ ဘယ်ပြိုင်ပွဲမဆို Challange ကတော့ ရှိမှာပဲလေ။ လွယ်ကူမှာတော့ မဟုတ်ဘူးဆိုတာ စိတ်ထဲမှာထားထားတယ်။ အကဲဖြတ်ဒိုင်တွေက သမီးအတွက် Comment တွေပေးတယ်ဆိုရင်လည်း သမီးထက် အများကြီးတော်တဲ့ အတွေ့အကြုံတွေရှိတဲ့ လူကြီးတွေက သမီးလိုအသက် ၁၉ နှစ်ပဲရှိသေးတဲ့ ကလေးတစ်ယောက်ကို ဆုံးမပေးကြတယ်။ လမ်းညွှန်ပေးကြတယ်။ ဒါကိုသမီးအနေနဲ့ တတ်နိုင်သလောက် လိုက်နာရမယ်ဆိုတာမျိုး အမြဲစဉ်းစားတယ်။ သမီးကိုကောင်းစေချင်လို့ ပြောတာဖြစ်တဲ့အတွက် လိုက်နာတယ်။ စိတ်ဆိုးတာလည်း မရှိသလို စိတ်ညစ်တယ်လို့လည်း မခံစားဘူး။ သူတို့ပြောတာတွေကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို စဉ်းစားတယ်။ ဆက်လုပ်ပါတယ်။

■ မေး – ကိုယ့်ကို ဝေဖန်တိုက်ခိုက်သူတွေကိုရော ဘယ်လိုတုံ့ပြန်လေ့ရှိလဲ။

ဖြေ – ဝေဖန်တဲ့သူတွေကို အမြဲတမ်း အာရုံစိုက်နေမယ်ဆိုရင် ပြိုင်ပွဲကိုအာရုံထားနိုင်မှာ မဟုတ်ဘူး။ ဒီစကားတွေကိုသာ အာရုံစိုက်နေရင် သမီးစိတ်ဓာတ်ကျသွားနိုင်တယ်။ သမီးကို ဝေဖန်ကြတဲ့သူတွေထဲကမှ ပြုပြင်သင့်တဲ့ အကြောင်းအရာ ဆိုရင်တော့ ကိုယ်တိုင်လည်း ပြုပြင်နိုင်ဖို့ ကြိုးစားတယ်။ အဲဒီလိုမဟုတ်ဘဲ သက်သက်တိုက်ခိုက်တာ ဆိုရင်တော့ ခေါင်းထဲမထည့်ဘူး။ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်တယ်။ ကြိုးစားစရာရှိတာကို အကောင်းဆုံး ကြိုးစားတယ်။

■ မေး – Myanmar Idol ကို ၀င်ပြိုင်ဖြစ်တဲ့ အဓိက ရည်ရွယ်ချက်ဆိုရင်ရော။

ဖြေ – အဓိက ရည်ရွယ်ချက်ကတော့ သမီးသီချင်းဆိုရတာကို ကြိုက်တယ်။ အိမ်မှာသီချင်းဆိုရင် အမေက မဆိုခိုင်းဘူး။ နားငြီးတယ်လို့ပြောတယ်။ ပြိုင်ပွဲဆိုတော့ ကိုယ်ဆိုချင်တဲ့အတိုင်း ဆိုလို့ရပြီလေ။ ဘယ်သူမှလည်း ပြောတော့မှာမဟုတ်ဘူး။ အဲဒီလိုပေါ့။ ဒီအဆင့်အထိ ရောက်လာမယ်လို့လည်း မထင်ခဲ့ဘူး။ ဒီ Level အထိရောက်လာတော့ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြမိတယ်။

■ မေး – ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့အတွက်ရော ဘယ်လိုတွေပြင်ဆင်ခဲ့ရလဲ။

ဖြေ – အကုန်လုံး ပြင်ဆင်ခဲ့ရပါတယ်။ ပြိုင်ပွဲဖြစ်တဲ့အတွက် ၀တ်စားဆင်ယင်မှုအပိုင်း၊ အဆိုပိုင်း၊ ကျန်းမာရေးပိုင်း အားလုံးပြင်ဆင်ရတယ်။ ကိုယ်မ၀တ်ချင်တာလည်း ၀တ်ရတယ်။ ပြိုင်ပွဲဖြစ်တဲ့အတွက် သီချင်းနဲ့လိုက်အောင်ဝတ်ရတယ်။ အဲဒီအပေါ်မှာလည်း ၀တ်စုံကို အာရုံအရမ်းမထားဘူး။ ကျန်းမာရေးလည်း တစ်ခါတလေ အားနည်းတတ်တော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရတယ်။ စိတ်ဓာတ်ပိုင်းက အလိုအပ်ဆုံးပါပဲ။ စိတ်ဓာတ်ကျရင် ကျန်းမာရေးထိမယ်။ ကျန်းမာရေးထိရင် အဆိုပါထိမယ်ဆိုတော့ စိတ်ကိုတော့ အမြဲတမ်း ပိုပြီးသတိထားတယ်။

■ မေး – ကိုယ်နဲ့ရင်းနှီးတဲ့ပြိုင်ပွဲဝင်တွေ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်သွားရတဲ့ အပေါ်ခံစားမှုကို သိချင်ပါတယ်။

ဖြေ – ၀မ်းနည်းရပါတယ်။ ဘာလို့လဲဆိုတော့ နေ့တိုင်းအတူတူတွေ့မြင်ပြီး အတူနေလာခဲ့ကြတဲ့သူတွေဆိုတော့လေ။ သူတို့တွေအားလုံးက အနုပညာလမ်းကြောင်းပေါ်မှာ ရှိနေမယ်ဆိုတာကိုတော့ သမီးယုံကြည်တယ်။ Final ညမှာတော့ အားလုံးအတူတူ တွေ့ခွင့်ရမှာဖြစ်တယ်။ အကောင်းဆုံးသီဆိုပြီး ထွက်သွားတာဖြစ်လို့ သူတို့ တစ်ယောက်ချင်းစီအတွက် ဂုဏ်ယူပါတယ်။

■ မေး – Winner ဖြစ်ဖို့အတွက်ရော မျှော်လင့်ထားလား။

ဖြေ – ဒါကတော့ ပရိသတ်များက ရွေးချယ်တဲ့ Voting နဲ့ ဆုံးဖြတ်တာဖြစ်လို့ သမီးသေချာတော့ မပြောတတ်ပါဘူး။ သမီးဘက်ကတော့ အကောင်းဆုံး ကြိုးစားသီဆိုသွားပါမယ်။

■ မေး – ပြိုင်ပွဲပြီးသွားရင်ရော ဘာတွေဆက်လုပ်သွားဖို့ စိတ်ကူးထားလဲ။

ဖြေ – သမီးကတော့ သမီးတကယ်ဝါသနာပါတဲ့ သီချင်းတွေဆိုနေမယ်။ သမီးကိုချစ်ခင်ပေးတဲ့ ပရိသတ်တွေလည်း ဆက်ပြီးအားပေးစေချင်ပါတယ်။

■ မေး – ဒီနှစ် Winner ဆုကို မိန်းကလေးကို ရစေချင်တယ်လို့ ပရိသတ်တွေက ပြောကြတာရှိတယ်။ အဲဒီအပေါ်ရော ဘယ်လောက်အထိ မျှော်လင့်လဲ။

ဖြေ – ဒါကတော့ သေချာမပြောတတ်ပါဘူး။ သမီးဘက်က ကြိုးစားမှုရယ်၊ ပရိသတ်တွေရဲ့ မဲပေးမှုရယ်၊ ကံတရားရယ် အများကြီး သက်ဆိုင်ပါတယ်။

ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းနှင့် တွေ့ဆုံခြင်း

လှိုင်သာယာစက်မှုဇုန်တွင် စက်ရုံ ၁၄ ရုံ ပိတ်သိမ်းခဲ့သည်နှင့်ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။ အဆိုပါကိစ္စအား လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌမှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီအား စာပေးပို့ခဲ့ပြီး ယင်းကော်မတီမှဖြစ်စဉ်နှင့် ပတ်သက်ပြီးလေ့လာမှုများ ပြုလုပ်ခဲ့သည်။ လေ့လာမှုများပြုလုပ်ခဲ့သည့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းအား တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

‘ဌာနကပို့တဲ့စာရင်းကိုပဲ အပေါ်ကထိုင်ပြီးတော့ ဖတ်နေမယ်ဆိုရင်တော့ မြေပြင်အခြေအနေ အများကြီးကွာနေမှာပါ’

■မေး –          လှိုင်သာယာကစက်ရုံတွေ ပိတ်သိမ်းတယ်ဆိုတဲ့ ကိစ္စကို ဆရာမတို့ကော်မတီက ဘယ်လိုစသိတာလဲ။

■ ဖြေ- မကြာသေးမီကပဲ လှိုင်သာယာစက်မှုဇုန် တစ်ခုတည်းမှာပဲ သတင်းလာပို့တာက စက်ရုံ ၁၄ ရုံအခြေအနေနဲ့ ပတ်သက်ပြီးတော့ မကြာခင်မှာ ပိတ်သိမ်းတော့မယ်ဆိုတဲ့ စက်ရုံရှိတယ်။ ပိတ်သိမ်းသွားတဲ့ စက်ရုံတွေရှိတယ်ဆိုပြီးတော့ ဇုန်ဥက္ကဋ္ဌ တွေကအကြောင်းကြားလာတာ ရှိပါတယ်။ ဘာကြောင့်ပိတ်သိမ်းသွားတယ်ဆိုတာကို ဇူလိုင် ၂၄ ရက် စက်မှုဇုန်ရဲ့ ကနောင်ခန်းမမှာ ဇုန်ဥက္ကဋ္ဌရယ်၊ ပိတ်သိမ်းသွားပြီးဆိုတဲ့ စက်ရုံတွေကပိုင်ရှင်တွေ၊ တာဝန်ခံတွေ ဆက်သွယ်လို့ရသလောက် စက်ရုံရှစ်ရုံကျော်က လာပြီးတော့ ဖြေသွားပါတယ်။ ဖြေသွားတဲ့အထဲမှာ ကျွန်မတို့ ဘဏ္ဍာရေး၊ စီမံကိန်းစီးပွားရေးကော်မတီရဲ့ ရည်ရွယ်ချက်က စက်ရုံတွေပိတ်သိမ်းသွားတယ်လို့ အဲဒီလာပြီးသတင်းလာပေးတဲ့အချိန်မှာ ဒီစက်ရုံတွေကနိုင်ငံရဲ့ SME နဲ့ ပတ်သက်တဲ့စက်ရုံတွေ ဖြစ်တယ်။ SME အဆင့်ရှိတဲ့စက်ရုံတွေ ဘာကြောင့် ပိတ်သိမ်းသွားတာလဲဆိုတဲ့ဟာကို သိဖို့လိုပါတယ်။ ဘာကြောင့်ပိတ်သိမ်းသွားလဲဆိုတဲ့ အဖြေကိုသိမှ ကျွန်မတို့ရဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အနေနဲ့ သူတို့အပေါ်မှာ ဘယ်လောက်ကူညီပံ့ပိုးပေးရမလဲဆိုတဲ့ဟာမျိုး အဖြေကို ရှာလို့ရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ဘဲ စက်ရုံကတော့ ၁၄ ရုံလောက်ပါပဲ။ လှိုင်သာယာစက်မှုဇုန်တစ်ခုတည်းကိုပဲ စက်ရုံပေါင်း ၇၀၀ ကျော်ရှိပါတယ်။ အဲဒီတော့ဒီ ၇၀၀ ကျော်ထဲမှာ ၁၄ ရုံလောက်ပိတ်လိုက်တယ်ဆိုတာ ဘာမှမထူးဘူးလို့ တွေးလို့လည်းရပါတယ်။ ကျွန်မတို့ စီးပွားရေးတစ်ခုတည်းကိုပဲ ကြည့်မယ်ဆိုရင်တိုင်းဒေသကြီး အစိုးရဘက်က ကြည့်မယ်ဆိုရင် ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာ မြို့နယ် ၄၅ မြို့နယ်ရှိပါတယ်။ ဒီ ၄၅ မြို့နယ်ထဲမှာပဲ သီလ၀ါအပါအ၀င် စက်မှုဇုန် ပေါင်း ၂၉ ဇုန်ရှိပါတယ်။ ဒီ ၂၉ ဇုန်မှာ စက်ရုံပေါင်း ဘယ်လောက်ဆိုတာ အတိအကျမသိပေမဲ့ ထောင်နဲ့သောင်းနဲ့ရှိတယ်ဆိုတဲ့ အခြေအနေမှာစက်ရုံ ၁၄ရုံပိတ်လိုက်လို့ ကျွန်မတို့ စီးပွားရေး မကျသွားပါဘူ။ ဒါက အစိုးရတစ်ရပ်အနေနဲ့ အပေါ်က ကြည့်မယ်ဆိုရင် macromanagement လို့ ခေါ်ပါတယ်။ macroeconomies ၊ macromanagement ၊ မက်ကရို စီးပွားရေးနဲ့ကြည့်မယ်ဆိုရင် ထောင်နဲ့သောင်းနဲ့ စက်ရုံတွေထဲမှာ စက်ရုံ ၁၄ ရုံပိတ်သွားတာ ရန်ကုန်တိုင်းဒေသကြီးရဲ့ စီးပွားရေးကို ဘာမှစိုးရိမ်စရာမရှိဘူး။ ကျဆင်းသွားမယ်ဆိုတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ  လွှတ်တော်ရဲ့ကော်မတီတစ်ရပ် အနေနဲ့ ဒီစက်ရုံ ၁၄ ရက် ဘာကြောင့် သေသေချာချာ သွားရောက်စစ်ဆေးသလဲဆိုတော့ ကျွန်မတို့က micromanagement လုပ်တာပါ။ microeconomies ကို အလေးထားတယ်။ တစ်ရုံချင်း၊ တစ်ဦးချင်း၊ လုပ်ငန်းရှင်တစ်ဦးချင်းကို ကျွန်မတို့ စိတ်ဝင်စားတယ်။ အလေးထားတယ်။ micro  ကိုမှ ကျွန်မတို့ နိုင်နိုင်နင်းနင်း မအောင်မြင်နိုင်ဘူးဆိုရင် macro မှာ အောင်မြင်ဖို့ အခြေအနေ မရှိဘူး။ micro တွေတစ်ခုချင်းလဲသွားရင် macro မအောင်မြင်ဘူး။ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ အကြည့် macroeconomies ၊ macromanagement ဖြစ်တယ်။ တိုင်းလွှတ်တော်ကော်မတီတစ်ရပ်အနေနဲ့က micromanagement ကြည့်ပါတယ်။

 

■မေး –          ပိတ်သိမ်းခဲ့တယ်ဆိုတဲ့ စက်ရုံ ၁၄ ရုံကို ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ ဘယ်လိုအချက်တွေကြောင့် ပိတ်သိမ်းခဲ့တာပါသလဲ။

■ ဖြေ – ကျွန်မတို့ကစက်ရုံ ၁၄ ရုံကိစ္စကို ကော်မတီအနေနဲ့ sensitive ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ဒီ ၁၄ ရုံမှာ ဆက်သွယ်လို့ရ သမျှလုပ်ငန်းရှင်တွေကိုတွေ့တယ်။ တွေ့တဲ့အခါမှာ အဖြေတွေရတယ်။ တချို့ကတော့ လုံးဝဆက်သွယ်လို့ မရတော့ဘူး။ ဒီနေရာမှာ စက်ရုံလည်း လုံးဝမရှိတော့ဘူး။ အားလုံးပြောင်းရွှေ့သွားပါတယ်။

ပုလဲအထည်ချုပ်စက်ရုံက လာဖြေတာက အခုချိန်မှာ သူ့မှာ အလုပ်သမားက ၆၉၀ ရှိပါတယ်။ သူတို့က နာမည်နှစ်ခုနဲ့လုပ်ထားတဲ့ ပုလဲအထည်ချုပ်စက်ရုံနဲ့ မြန်မာဧပရယ်ဆိုပြီးတော့ MIC မှာနာမည်နှစ်ခုနဲ့ တင်ထားတာဖြစ်တဲ့အတွက် ပုလဲအထည်ချုပ်စက်ရုံဆိုတာကို မသုံးတော့ဘဲနဲ့ မြန်မာဧပရယ်စက်ရုံဆိုပြီးတော့ ဆက်လက်ရပ်တည်နေပါတယ်လို့ ဖော်ပြသွားပါတယ်။  ၀ါးဟားဟားရေခဲမုန့်ကတော့ လုံးဝပိတ်သိမ်းပြီးဆိုတာကို ၂၅ ရက် ၆ လ ၂၀၁၈ ခုနှစ်မှာ လုံးဝပိတ်သိမ်းသွားပြီဆိုတာကို  သိရပါတယ်။ မီးချောင်းပီနံ အိတ်စက်ရုံကတော့ အလုပ်သမား ၁၀၁ ယောက်ရှိပါတယ်။ ၃ ရက် ၅ လ ၂၀၁၈ ကပဲ ပိတ်သိမ်းသွားပါတယ်။ ဘာကြောင့် ပီနံအိတ် စက်ရုံပိတ်သိမ်းသွားရသလဲဆိုတော့ တရုတ်က ၀င်လာတဲ့ဈေးပေါတယ်။ ကွာလတီ ညံ့တယ်ဆိုတဲ့ ပီနံအိတ်တွေကို မယှဉ်နိုင်ပါဘူး။ သူတို့ထုတ်လုပ်တဲ့ ပီနံအိတ်စက်ရုံက နှစ်တင်းဝင်အိတ်ကိုပဲ ရာသီချိန်ပဲ သုံးရပါတယ်။ ကော်စေ့အသစ်တွေနဲ့ ထုတ်လုပ်ထားပြီးတော့ ဈေးပေါပေါနဲ့မဟုတ်ဘဲနဲ့ ကွာလတီမြင့်ပြီးတော့ ဈေးမြင့်ပါတယ်တဲ့ ဒါကြောင့် တရုတ်က၀င်ရောက် ပီနံအိတ်တွေကို ယှဉ်ပြိုင်နိုင်စွမ်းမရှိဘူးဖြစ်တဲ့ ပိတ်သိမ်းလိုက်တယ်လို့ ပြောပါတယ်။  မြို့မဆင်ဖြူတော် ပဲသန့်စင်စက်ရုံက ကိုယ်ပိုင်စက်ရုံမဟုတ်ဘဲနဲ့ ငှားပြီးလုပ်တာဖြစ်တယ်။ ပဲဆန်ခါချတဲ့လုပ်ငန်းကိုပဲ လုပ်တာဖြစ်တယ်တဲ့ န၀လီလုပ်တာပဲ ဖြစ်တယ်။ စက်ရုံတွေကို လွန်ခဲ့တဲ့တစ်နှစ်ခွဲက အခုချိန်အထိ စက်ကို န၀လီလာမအပ်ဘူးဖြစ်တဲ့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကိုက စက်ရုံပိတ်သိမ်းပါတယ်။ အခုချိန်မှာလည်း စက်တွေကို အားလုံးရောင်းစားလိုက်ပါပြီတဲ့ အခုချိန်မှာ မြို့မဆင်မတော်က ၂၉ ရက် ၆ လ ၂၀၁၈ မှာက တည်းက ပိတ်သိမ်းစာရင်းပြလိုက်ပါပြီး။ ယူကေခြေအိတ်စက်ရုံက စံချိန်တွေ မထွက်ဘူး။ နည်းပညာတွေနိမ့်ပါတယ်။ ခြေအိတ်အပျက် အစီးတွေ တအားများနေတယ်။ အဓိကတော့ မီးခဏခဏပျက်တဲ့အတွက် မရပ်တည်နိုင်တာ ဖြစ်ပါတယ်တဲ့။ မီးစက်ရှိတယ်။ ဒါပေမဲ့ မီးပြတ်တဲ့အချိန်နဲ့ မီးစက်နှိုးတဲ့အချိန်မှာပျက်သွားတဲ့ အရေအတွက်က တအားများတာဖြစ်တဲ့အတွက် သူတို့တွေ မထိန်းသိမ်းနိုင်တော့ဘူး။ ကြိုးစားပြီးတော့ ယခုချိန်အထိတော့ ရပ်တည်နေပါတယ်။ ၁၂ လပိုင်းအထိတော့ သူတို့မှာ လိုင်စင်သက်တမ်း ရှိပါသေးတယ်။ သူတို့ပိတ်သိမ်းမယ်ဆိုရင်တော့ ကျွန်မတို့ကို အကြောင်းကြားမယ်လို့ ပြောပါတယ်။ အလုပ် သမားက ၃၆၁ ယောက်ရှိပါတယ်။

ရေခဲတောင်အအေးခန်းက န၀လီပဲ လက်ခံတာဖြစ်တယ်။ သူ့ကိုပစ္စည်းလာရောက် အပ်နှံကျဆင်းလာတဲ့အတွက်  ၄ ရက် ၆လ ၂၀၁၈ ရက်နေ့မှာ ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ မြတ်ပန်းမွှေးသနပ်ခါးစက်ရုံကတော့ စက်ရုံထဲမှာစက်တွေလည်း မရှိတော့ဘူး။ အလုပ်သမားတွေလည်း မရှိတော့ဘူး။ လုပ်ငန်းရှင်ကို ဆက်သွယ်လို့မရတဲ့အတွက် စက်ရုံမြေပိုင်ရှင်ကိုပဲ တွေ့ဆုံတဲ့အခါမှာ စက်ရုံငှားပြီးလုပ်တာ ဖြစ်ပါတယ်။ သူတို့တွေ ထွက်သွားတာ ၄ ရက် ၆ လ ၂၀၁၈ ရက်နေ့ပဲ ပိတ်သိမ်းစာရင်းကို ထည့်လိုက်ပါပြီးတဲ့ မြတ်ပန်းမွှေးသနပ်ခါးဟာ အလုပ်သမား ၄၉ ယောက် ရှိပါတယ်။ ChamZon အထည်ချုပ်စက်ရုံကတော့ အလုပ်သမား ၃၈၀ ရှိတယ်။ ၄ ရက် ၆ လ ၂၀၁၈ ခုနှစ်မှာပဲ ပိတ်သိမ်းစာရင်းကို တင်ပြလိုက်ပါတယ်။ အဓိကကတော့ သူတို့ ပိတ်သိမ်းပြီးတော့ မူလပိုင်ရှင်မရှိတော့ဘူး။ အဲဒီနေရာမှာ နောက်တစ်ဦးကို ငှားထားပြီးတော့ စက်ရုံပိုင်ရှင်အသစ်၊ နာမည်အသစ်နဲ့ လည်ပတ်နေတာကို တွေ့ရပါတယ်။ Success Time ဖိနပ်စက်ရုံက ၄ ရက် ၆ လ ၂၀၁၈ ရက်နေ့မှာ လုံးဝပိတ်သိမ်းလိုက်ရပါတယ်။ နောက်ပြီးတော့ သိပ်မကြာခင်အချိန်မှာပဲ ပိုင်ရှင်အသစ်တစ်ယောက်က ဒေါင်ဟိုး ဖိနပ်စက်ရုံအဖြစ်နဲ့ ပြန်ဖွင့်နေပါတယ်။ စက်ရုံပိုင်ရှင်အသစ်၊ အလုပ်သမားအသစ် လည်ပတ်နေတာကို တွေ့ရပါတယ်။ Beauty Place လူသုံး ကုန်စက်ရုံက နဂိုက A21 ဆပ်ပြာတွေထုတ်ပါတယ်။ စက်ရုံသွားတဲ့အခါမှာ မော်တော်ကား သိုလှောင်ရုံဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ သူတို့ တခြားနေရာကို ပြောင်းသွားပြီးဆိုတာကို ကြားသိခဲ့ရပါတယ်။ နဂိုက ငှားရမ်းလုပ်ကိုင်တာ ဖြစ်ပါတယ်။ တခြားဇုန် United Beauty Place ဆိုပြီးတော့ ထည်ထောင်နေတယ်ဆိုတာကို ကြားသိထားရပါတယ်။ လှိုင်သာယာစက်မှုဇုန်မှာ ၄ ရက် ၆ လ ၂၀၁၈ ထဲက ပိတ်သိမ်းသွားပြီးလို့ သိရပါတယ်။  Kuwahara အထည်စစ်စက်ရုံပါ အလုပ်သမားကတော့ ၃၅ ယောက်ပဲရှိပါတယ်။ သူက ၁၅ ရက် ၆ လ ၂၀၁၈ ရက်ထဲက ပိတ်သိမ်းတယ်ဆိုတာကို ဇုန်ကို အကြောင်းကြားထားပါတယ်။ စက်တွေလည်း လုံးဝမရှိတော့တာကို သွားတဲ့အခါ တွေ့ရပါတယ်။ TMP ငါးဖမ်းပိုက်စက်ရုံက အလုပ်သမား ၅၆ ယောက်ရှိပါတယ်။ ဒါပေမဲ့ သူကပိတ်သိမ်းပြီးတော့ အလုပ်သမားတွေကိုလည်း တစ်ယောက်မှလည်း မရှိတော့ဘူး။ ဘာမှမရှိတော့ဘဲနဲ့ ၄ ရက် ၆ လ ၂၀၁၈ ရက်ကတည်းက ပိတ်သိမ်းတဲ့စာရင်းကို ထည့်သွင်းထားပါတယ်။

ကျွန်မတို့က ဒီလိုစက်ရုံတွေဆိုတာကြားတော့ တခြားဇုန်တွေက ဥက္ကဋ္ဌတွေက သူတို့ကို အဲဒီမျိုးလာလုပ်ပေးပါဆိုတော့ လူကြီးတွေကို ခွင့်ပြုချက်တောင်းလိုက်ပါဦးမယ်။ ကျွန်မတို့က လွှတ်တော်ပိုင်းဆိုတော့ လွှတ်တော်ဥက္ကဋ္ဌရှိမှာ ခွင့်ပြုချက်တောင်းမယ်။ တောင်းပြီးရင်တော့ တတ်နိုင်သလောက် စက်မှုဇုန် အကြီးကြီးတွေဖြစ်တဲ့ မင်္ဂလာဒုံမှာဆိုရင် စက်မှုဇုန်နှစ်ခု၊ လှိုင်သာယာဆိုရင် ရွှေပြည်သာရယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိမယ်။ ဒီလိုစက်မှုဇုန်တွေကိုတော့ လွှတ်တော်မစမီမှာ သေသေချာချာ သွားကြည့်မှာပါ။ Popular အထည်ချုပ်စက်ရုံက သြဂုတ်လမှာ ပိတ်သိမ်းပြီးတော့  တခြားဇုန်မှာသွားမှာ ဖြစ်ပါတယ်။ တခြားလုပ်ငန်းရှင်အသစ်နဲ့ လက်ပြောင်းလက်လွဲလုပ်ပြီးတော့ တခြားနေရာမှာ သွားဖွင့်မယ်လို့ ပြောပါတယ်။ North Shore Group Co.,Ltd အထည်ချုပ်စက်ရုံက North Shore Group ဆိုတဲ့နာမည်နဲ့  ၁၄ ရက် ၆ လ၂၀၁၈ ရက်နေ့ပါပဲ ပိတ်သိမ်းလိုက်ပါပြီ ။ ဒါပေမဲ့ ပါတနာတစ်ယောက် မင်္ဂလာဒုံ စက်မှုဇုန်ပိုင်ရှင်အသစ်၊ စက်ရုံအသစ်နဲ့ သွားရောက်ဖွင့်လှစ်မယ်လို့ရပါတယ်။ ဒါဆိုရင် စက်ရုံ ၁၄ ရုံထဲကမှာ လက်ရှိဖွင့်နေတဲ့ စက်ရုံနှစ်ရုံ ဖွင့်လှစ်ထားပါသေးတယ်။

 

■မေး –          အခုပိတ်သိမ်းခဲ့တဲ့ စက်ရုံတွေက အကြီးစားစက်ရုံတွေလား၊ အသေးစားအလတ်စား စက်ရုံတွေလား။

■ ဖြေ -အဓိကကတော့ ကျွန်မတို့က micromanagement လိုက်လုပ်ပြီးတော့ ဒီစက်ရုံတွေဘာကြောင့် ပိတ်သိမ်းသွားရတာလည်း ဆိုတာကိုသိချင်တာ ဖြစ်ပါတယ်။ ဒီစက်ရုံတွေ အားလုံးဟာ SME စက်ရုံအဆင့်တွေပဲ ဖြစ်ပါတယ်။ နိုင်ငံခြားသားပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံသားပဲဖြစ်ဖြစ် SME အဆင့်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ကျွန်မတို့နိုင်ငံတော် SME ချေးငွေတွေ ထုတ်ချေးပေးနေတယ်။ ဒါဆိုရင် စဉ်းစားရတော့ ငွေချေးတာတစ်ခုတည်းနဲ့ SME တွေ ရပ်တည်နိုင်မလားစဉ်းစားရတဲ့ အခါမှာ ဒီကနေ အဖြေတစ်ခုရလာတယ်။ နယ်စပ်ဒေသကနေ တရားမ၀င်ဝင်လာတဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ ကန့်သတ်ထိန်းချုပ်မှု မူဝါဒတွေ နဲ့ မှန်မှန်မဆောင်ရွက်နိုင်သေးရွှေ့ SME ရပ်တည်ဖို့ခက်ခဲမယ်ဆိုတဲ့ အဖြေတစ်ခုကို ရရှိပါတယ်။ နောက်တစ်ခုကတော့ လုပ်ငန်းတွေအားလုံးဟာ ယနေ့ လှိုင်သာယာ စက်မှုဇုန်တစ်ခုတည်း ရှိပါသေးတယ်။ ရွှေပြည်သာတို့၊ ရွှေလင်ဗန်းတို့ မင်္ဂလာဒုံစက်မှုတွေကို ဒီလိုပိတ်သိမ်းသွားတဲ့ စက်ရုံတွေ ရှိသေးလားဆိုတာ လိုက်ပြီးတော့ စာရင်းကောက်ဖို့ ရှိပါတယ်။ ဘာဖြစ်လို့ ဒါမျိုးလေးတွေကို လိုက်ပြီးကောက်ရတာလည်းဆိုတော့ စက်ရုံတွေ လူမသိသူမသိ အချိန်မှာ ပိတ်သိမ်းလိုက်တယ်။ ဘယ်အချိန်မှသိသလဲဆိုရင် အခုကျွန်မပြောတဲ့ စာရင်းတွေက အလုပ်သမားဦးစီးဌာနကို ရောက်ဦးမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အခုပိတ်သိမ်းလိုက်တဲ့ သူတွေကို မေးကြည့်လိုက်အခါမှာ သူတို့မှာ အဖြေမရှိဘူး။ ဒါပေမဲ့ စက်မှုကြီးကြပ်ဦးစီးဌာနတို့၊ လူမှုဖူလုံရေးတို့ တက်ဇ်တို့ ဒါတွေက တစ်နှစ်တစ်ကြိမ် လာရောက်ကောက်ခံတဲ့အချိန်မှ ဒီစက်ရုံမရှိဘူးဆိုတဲ့ဟာ တွေ့ရတာဖြစ်ပါတယ်။ သူတို့သွားရောက်စစ်ဆေးခဲ့သည်ရှိသော်မှ ဒီစက်ရုံပိတ်သိမ်းသွားတာကို သိမှာဖြစ်ပါတယ်။ အဲဒီတော့ စက်ရုံပိတ်သိမ်းတာကလည်း များသောအားဖြင့် မြန်မာစက်ရုံတွေ ဖြစ်တယ်။ သူတို့တွေက အလုပ်ရှင်သမား၊ အလုပ်သမားညှိပြီးတော့ သဘောတူညီချက်ရရင် ပိတ်ပြီးတော့ ဖျက်သွားလိုက်ကြတယ်။ စက်ရုံတွေကလည်း ငှားထားတဲ့ စက်ရုံတွေ ဖြစ်တဲ့အတွက် ပြန်အပ်ပြီး ထွက်သွားလိုက်ကြပါတယ်။ အဲဒီတော့ အလုပ်သမားဦးစီးဌာနကိုလည်း အကြောင်းကြားရမယ်ဆိုတာလည်း နားမလည်ဘူး။ အဓိကတော့ အခွန်ကိစ္စတွေနဲ့လည်း သက်ဆိုင်မယ်လို့ ထင်ပါတယ်။ ကျွန်မတို့ကကျတော့ ဘယ်စက်ရုံက ဘယ်သူနဲ့ပေါင်းပြီးတော့ ဘယ်နေရာ နာမည်အသစ် ဖြစ်နေပြီး အလုပ်သမားအသစ်တွေနဲ့လား။ အလုပ်သမားအဟောင်း ဘယ်လောက်ယူသွားသလဲဆိုတဲ့ စာရင်းတွေကို ပိတ်သိမ်းတဲ့ ဟာတွေမှာ အတိအကျကောက်ပါတယ်။ အလုပ်သမားဦးစီးဌာနကတော့ ၀န်ထမ်းအင်အား နည်းတာလည်းပါတယ်။ သူတို့အကြောင်းမကြားတာပါတော့ သူတို့အနေနဲ့ မသိဘူး။ တချို့က တရုတ်လုပ်ငန်းရှင်ဆိုပေမယ့် လုပ်ငန်းရှင် အကြီးကြီးတွေမဟုတ်ဘူး။ သေးသေးလေးတွေ လာလုပ်တာရှိတယ်။ သူတို့ဘာသာသူတို့ ပိတ်သိမ်းပြီးတော့ ထွက်သွားတာတွေလည်း ရှိပါတယ်။ micromanagement  မှာမှ ကိန်းဂဏန်းမှန်မှ macromanagement မှန်ကန်စွာလုပ်နိုင်မှ ဖြစ်ပါတယ်။ နို့မို့ဆိုရင် စက်ရုံပိတ်တာ ရှိသလား၊ စက်ရုံပိတ်တာ မရှိပါဘူး။ ကျွန်တော်တို့ကို သတင်းလာပို့ထားတာ မရှိပါဘူး။ အမှန်က ကျွန်မတို့မြေပြင်မှာ စစ်လိုက်တဲ့အခါမှာ မြေပြင်စက်ရုံမရှိတော့ဘူး။ ဒါတွေက ကွဲလွဲမှုရှိနေတယ်ဆိုတာကို သိချင်တာပါ။ ဌာနကပို့တဲ့ စာရင်းကိုပဲအပေါ်က ထိုင်ပြီးတော့ ဖတ်နေမယ်ဆိုရင်တော့ မြေပြင်အခြေအနေအများကြီး ကွာနေမှာပါ။ အခုကျွန်မတို့ရဲ့ ကော်မတီက မြေပြင်ကိုသွားရောက်ပြီး ပိတ်လိုက်တဲ့လူ တွေနဲ့တွေ့တယ်။ တွေ့ခွင့်မရတဲ့လုပ်ငန်းရှင် စက်ရုံတွေဆိုရင် ကိုယ်တိုင်သွားကြည့်ကြတယ်။ အဲဒီနေရာမှာတွေမှာ တကယ်ပိတ်သိမ်းနေပြီး သူတို့မှာ အခက်အခဲတွေရှိနေပြီးဆိုတာ တွေ့ရတယ်။

 

■မေး –          အခုလို စက်ရုံတွေ ပိတ်သိမ်းခဲ့ရတာက လုပ်ခလစာတိုးလာတာနဲ့ကော သက်ဆိုင်မှုရှိသလား။

■ဖြေ – ကျွန်မတို့တိုင်းပြည်မှာ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ အရမ်းခဲယဉ်းပါတယ်။ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးရင် ဖျက်ရတာ အရမ်းလွယ်ကူတယ်။ အဲဒီတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ လောက်ကတည်းက ရပ်တည်လာတယ်။ ဘာကြောင့် လုပ်ငန်းတွေရပ်သွားရတာလဲ အဖြေရှိဖို့လိုအပ်ပါတယ်။ တိုင်းဒေသကြီးအစိုးရအနေနဲ့ ဘာတွေပံ့ပိုးကူညီးပေးလို့ ရမှာလဲဆိုတဲ့အဖြေကို ရှာပေးလို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့တွေက စက်ရုံတွေကို သွားရောက်ကြည့်ရှုတာတွေ၊ စက်ရုံ မြေပြင်ကို လက်တွေ့သွားကြည့်ပြီးတော့ ဒီလိုမျိုး ကြေညာပေးရခြင်းသည် အလုပ်သမားခ ကျပ် ၄၈၀၀ နဲ့လည်း ဘာမှမဆိုင်ဘူး။ အလုပ်သမားတွေ ဆန္ဒပြတာတွေနဲ့မဆိုင်ဘူး။ အဓိကတော့ လုပ်ငန်းရှင်တွေ ဘာကြောင့်လုပ်ငန်းတွေ ပိတ်သိမ်းရသလဲ။ ပိတ်သိမ်းသွားတဲ့လုပ်ငန်းရှင်တွေ ပြန်လည်ထူထောင်နိုင်အောင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီး လွှတ်တော်အနေနဲ့ ဘာတွေပံ့ပိုးကူညီပေးရမလဲဆိုတာ အဓိကရည်ရွယ်ချက်ပါပဲ။

 

အကယ်ဒမီ ဖွေးဖွေးနှင့် တွေ့ဆုံခြင်း

မြန်မာ့ရုပ်ရှင်လောကမှာ အနုပညာအရည်အသွေးပြည့်ဝတဲ့ ကြိုးစားတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် အားလုံးရဲ့ အသိအမှတ်ပြုမှုတွေနဲ့အတူ အချိန်တိုအတွင်းမှာ သူ့ရဲ့အနုပညာအရည်အချင်းကို အသိအမှတ်ပြုမှုတွေရရှိခဲ့တဲ့ ဖွေးဖွေး၊ အကယ်ဒမီ ဖွေးဖွေးအနေနဲ့ ဇူလိုင် ၂၇ ရက်မှာ ရုံတင်ပြသမယ့် ‘ ကာဗွန်ဒိုင်အောက်ဆိုဒ်’ ဇာတ်ကားကြီးမှာလည်း ပါဝင် သရုပ်ဆောင်ထားသူပါ။ သူမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ ‘ကာဗွန်ဒိုင်အောက်ဆိုဒ်’ ဇာတ်ကားက အမှတ်တရတွေကြိုးစားမှုတွေကို တွေ့ ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်  .  .  .  .

 

မေး – လက်ရှိ အနုပညာလှုပ်ရှားမှုတွေကိုအရင်သိပါရစေ။

ဖြေ – အခုက ဒါရိုက်တာ ကိုဝိုင်းနဲ့ပဲ ‘ လှပ်၍လွင့်သော’ ရုပ်ရှင်ကားကြီး ရိုက်နေပါတယ်။ နောက်ပြီး ဇူလိုင် ၂၇ ရက်မှာ ‘ ကာဗွန်ဒိုင်အောက်ဆိုဒ်’ ဇာတ်ကားရုံတင်မှာဖြစ်လို့ ပရိသတ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

 

မေး – ‘ လှပ်၍လွင့်သော’ ဇာတ်ကားမှာ ဘယ်လိုကာရိုက်တာမျိုးနဲ့ ပါဝင်ထားလဲ။ ဖွေးအနေနဲ့ ဘယ်လိုအတွေ့ကြုံသစ်တွေကော ရလဲ။

ဖြေ – ‘ လှပ်၍လွင့်သော’ က အချစ်ဇာတ်လမ်းတော့ မဟုတ်ပါဘူး။ အတွေ့အကြုံသစ်အနေနဲ့ကတော့ ဘားအံမှာသွားရိုက်တုန်းက ကြာအင်းတောင် (ခုနှစ်စဉ်တောင်ထိပ်) မှာ လည်း ရိုက်ခဲ့တယ်။ အဲဒီမှာ မြူတွေရော၊ မိုးတွေရောကျတယ်။ လေလည်းအရမ်းတိုက်တယ်။ အဲဒီလိုနေရာမျိုးလေးက ဖွေးအတွက် အသစ်ဖြစ်တာကြောင့် ပရိသတ်တွေအတွက် Facebook မှာတောင် Live လွှင့်ဖြစ်သေးတယ်။ အဲဒီမှာ နောက်အတွေ့အကြုံသစ်ကတော့ မျက်နှာမှာ နေလောင်သလို ဒဏ်ရာလေးတွေဖြစ်သွားတယ်။ သူတို့ပြောတာတော့ မြူစားတယ်လို့ပြောတာပဲ။

 

မေး – ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကားမှာရော ဘယ်လိုဇာတ်ကောင် စရိုက်မျိုးနဲ့ပါဝင်ထားလဲ။

ဖြေ      – ‘ ကာဗွန်ဒိုင်အောက်ဆိုဒ်’ ဇာတ်ကားမှာကတော့ ဖွေးက သာယာဆိုတဲ့ကောင်မလေးနေရာက ပါဝင်ထားပါတယ်။ အလင်းရောင်ခေါ် နောင်နောင်ရဲ့ Best Friend အဖြစ်နဲ့ ပါဝင်ထားပါတယ်။

 

မေး – ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကား ရိုက်ကူးခဲ့တုန်းက အမှတ်တရတွေ၊ ကြိုးစားခဲ့ရတာတွေကိုလည်း ပြောပြပေးပါဦး

ဖြေ – ဒီဇာတ်ကားက ကြောက်လန့်စရာတွေ ပါမယ်။ အဲ ဒီဇာတ်လမ်းမျိုးက ကြည့်ရတဲ့သူတွေကိုတောင် ပင်ပန်းမှုတွေဖြစ်စေသလိုပဲ ကိုယ်တွေလည်း ရိုက်ခဲ့ရတာ ပင်ပန်းခဲ့တယ်။ ဒီဇာတ်ကားမှာ ဖွေးက အပမှီနေတဲ့ပုံစံမျိုး တစ်ချက်တစ်ချက်မှာ သရဲဝင်ပူးတာ ခံရတာမျိုးဆိုတော့ ဖွေးကို လှလှပပတော့ မြင်ရမှာမဟုတ်ဘူး။ နောက်ပြီး ဖွေးအတွက် ဒီ ဇာတ်ကားရိုက်ကွင်းမှာ အမှတ်အရဆုံး အဖြစ်ကတော့ ကိုဝိုင်း (ဒါရိုက်တာ)က ဘာမှ ကြိုပြောမထားဘဲနဲ့ တကယ်ရိုက်တဲ့အ ချိန်မှာ မှ တကယ့်လောက်အစစ် တွေကို ဖွေးခြေထောက်ပေါ် ပက်ချလိုက်တဲ့အခန်းပဲ။ ကိုယ့်အနေနဲ့က အဲဒီလိုခံစားချက်မျိုး တစ်ခါမှလည်း ခံစားဖူးဘူး။ အရမ်းကို လန့်ပြီး ရိုက်ကွင်းမှာပဲ စိတ်ရှိလက်ရှိ ငိုချပြစ်လိုက်မိတာပဲ။ နောက်ပြီး အဲဒီဇာတ်ကား တုန်းက ညဘက်ရိုက်ရတဲ့ ဇာတ်ဝင်ခန်းတွေလည်းများတော့ အိပ်ရေးတွေလည်းပျက်တယ်။ သရဲဝင်ပူးသလို၊ အပမီသလို အိုက်တင်မျိုးစိတ်မျိုးသွင်းထားရပြီး ကားရိုက်တဲ့အချိန် နှစ်ပတ်ကျော်လောက် ကြာလာတော့ လူကအရမ်း စိတ်ပင်ပန်းလာတယ်။ အဲဒီချိန် လူက Relax ဖြစ်အောင် နေချင်တယ်။ အဲဒီလို အချိန်ဆို ကိုယ်ကလည်း ပေါတောတောနေတတ်တာဆိုတော့ သူများကို လိုက်ပြီး စချင်နောက်ချင်တယ်။ အလင်းရောင်ကလည်း သူ့ဇာတ်ကောင် စရိုက်ပီဖို့ အဲဒီဇာတ်ကောင်စိတ်မျိုးနဲ့ နေနေတာဆိုတော့ စလို့မရဘူး။ စနောက်စရာကလည်း ကိုကျော်ထက်အောင်တစ်ယောက်ပဲရှိတော့ သူ့ ကိုပဲစမိတယ်။ ကိုဝိုင်းကတော့ အဲဒီလို စတာနောက်တာတွေမကြိုက်တော့ ဆူခံရသေးတယ်။

 

မေး – ခုနောက်ပိုင်းမှာ ဖွေးအနေနဲ့ဘယ်လိုဇာတ်လမ်းမျိုးတွေကို ပိုပြီး ရိုက်ဖြစ်နေလဲ။

ဖြေ – အခုနောက်ပိုင်းမှာတော့ ဖွေးအနေနဲ့ အချစ်ဇာတ်လမ်းမျိုးတွေကို ဦးစားမပေးဘဲနဲ့ တခြားဇာတ်လမ်းမျိုးတွေပိုရွေးဖြစ်တယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဇာတ်လမ်းမျိုးတွေ၊ ဥပဒေနဲ့ ပတ်သက်တဲ့ဇာတ်လမ်းမျိုးတွေ ပေါ့။ ပရိသတ်တွေကိုလည်း အသိပညာတစ်ခုခုပိုပြီးပေးနိုင်မယ့် ဇာတ်လမ်းမျိုးတွေကို ရွေးချယ်ဖြစ်တယ်။

 

မေး – နောက်ထပ်ရိုက်ကူးမယ့် ‘ကံ့ကော်နီ’ ဇာတ်ကားအတွက်ရော ဖွေးဘယ်လိုတွေ ပြင်ဆင်သွားမလဲ။

ဖြေ – ဖွေးအနေနဲ့ ရှေ့တစ်လမှာလည်း ‘ သူစိမ်းအိမ်’ ဇာတ်ကားကြီး ရိုက်ထားတယ်။ ခုလည်း ‘ လှပ်၍လွင့်သော’ ရိုက်နေတယ်ဆိုတော့ အဲဒီအတွက် မပြင်ဆင်နိုင်သေးပါ ဘူး။ ကားရိုက်တွေလည်း အရမ်းဆက်နေတော့ လူလည်း အရမ်းပင်ပန်းနေပြီ။ အရမ်းလည်းနားချင်နေပြီ။ သြဂုတ်လထဲမှာတော့  ဖွေးအနေနဲ့ မွေးလလည်းဖြစ်တာကြောင့် ခဏနားဦးမယ်။ ပြီးမှပဲ အဲဒီအတွက် ပြင်ဆင်ဖြစ်မှာပါ။

 

မေး – သြဂုတ်လထဲမှာကျရောက်မယ့် ဖွေးရဲ မွေးနေ့အတွက်ရော ဘာတွေလုပ်ဖို့ စီစဉ်ထားလဲ။

ဖြေ – ဖွေးအနေနဲ့က မွေးနေ့ကို အထူးတလည်ကြီး လုပ်လေ့မရှိပါဘူး။ မွေးနေ့ ဘုရားသွားမယ်။ အလှူလေးတစ်ခုလောက် တိုးတိုးတိတ်တိတ်လုပ်မယ်။ ညဘက်မှာ သူငယ်ချင်းတွေနဲ့ မုန့်သွားစားမယ် ဒီလောက်ပဲ လုပ်ဖြစ်ပါတယ်။ ဖွေးရဲ့ မွေးနေ့က ရှစ်လေးလုံးပြီး နောက်တစ်ရက်ဖြစ်တဲ့ ၉ ရက်၊ ၈ လ၊ ၁၉၈၈ ခုနှစ် မွေးတာလေ။ အဲဒီနေ့ရက်တွေက မြန်မာပြည်ရဲ့အဖိုးတန်လူငယ်တွေအများကြီး အသက်ဆုံးရှုံးရတဲ့နေ့တွေလည်း ဖြစ်တာကြောင့် အမှန်အတိုင်းပြောရရင် ၀မ်းနည်းမိတယ်။ ဒီနှစ်မှာတော့  Bella က ဝေသစ်လွင်ကတော့ ဖွေးမွေးနေ့အတွက် ရွှေတိဂုံဘုရားမှာ ဆီမီးတစ်သောင်းတစ်ထောင်ကို ပူဇော်ဖို့စီစဉ်ထားတယ်။ ရာသီဥတုကောင်းရင် ဖွေးကိုယ်တိုင်သွားပြီးပူဇော်ဖြစ်မယ် ပရိသတ်တွေလည်း အတူလာပြီး ပူဇော်နိုင်ပါတယ်။

 

မေး – အခု ဖွေးနဲ့ ရန်းဂွတ်ပူးပေါင်းပြီး လက်ကိုင်အိတ်လေး ဒီဇိုင်းထုတ်ဖြစ်တာကိုလဲသိချင်ပါတယ်။

ဖြေ – အဲဒါကရော SYKO တံဆိပ်နဲ့အင်္ကျီတွေ ထုတ်ဖြစ်တာရောက ဘ၀ရဲ့ အမှတ်တရတွေ လုပ်ချင်တဲ့အတွက် လုပ်ဖြစ်တာပါ။ အိတ်ကလေးကတော့ ဖွေးတို့ ပူးပေါင်းလုပ်ဖြစ်တာပါ။ ဒီဇိုင်းပိုင်းမှာတော့ ဖွေးကြိုက်တာလေးတွေကို ထည့်ဖြစ်တယ်။ ကြာပန်းကတော့ အသစ်ပြန် လည်စတင်တဲ့သဘောလည်းဖြစ်သလို ရွံ့နွံတွေထဲကနေ ရုန်းထွက်ပြီး လှလှလေးပွင့်ရတဲ့ပန်းလည်းဖြစ်တာကြောင့် ကြာပန်းသရဖူလေးထည့် တယ်။ နောက်ပြီး ပရိသတ်တွေက ဖွေးကို ဖွေးစိန်လို့လည်းခေါ်ကြတော့ စိန်ပွင့်လေးထည့်ဖြစ်တယ်။

 

မေး – ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကိုပြောချင်တာက။

ဖြေ –    သရဲကားမှကြိုက်ပြီး ကြောက်ချင်တဲ့ ပရိသတ်တွေဆိုရင် ဒီဇာတ်ကားက ကြိုက်မယ်လို့ ယုံကြည်ပါတယ်။

တင်မောင်ဆန်းမင်းဝင်းနှင့် တွေ့ဆုံခြင်း

မြန်မာ့ဇာတ်သဘင်မှာ တောက်ပတဲ့ အနုပညာငွေကြယ်ပွင့်တစ်ဦးဖြစ်တဲ့ တင်မောင်ဆန်းမင်းဝင်းအနေနဲ့ ဇူလိုင် ၂၁ ရက်ကစပြီး ရန်ကုန်မြို့ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ‘မိုးရာသီ အပတ်စဉ် ဇာတ်သဘင်ဖျော်ဖြေပွဲ’ ကို စတင်ကပြနေပြီဖြစ်ပါတယ်။ ဒီနှစ်နဲ့ဆိုရင် မိုးရာသီပွဲကို မြို့ပေါ်မှာ အပတ်စဉ်ပွဲတစ်ခုအဖြစ် ကပြဖြစ်တာ လေးနှစ် မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနှစ်ရဲ့ မိုးရာသီ အပတ်စဉ်ဖျော်ဖြေပွဲအကြောင်းအရာတွေနဲ့ တင်မောင်ဆန်းမင်းဝင်းရဲ့ အနုပညာခြေလှမ်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်  .  .  . 

 

မေး – မိုးရာသီဖျော်ဖြေပွဲကို လေးနှစ်မြောက်အဖြစ် ဒီနှစ်မှာ ဆက်ပြီးကျင်းပဖြစ်တဲ့အကြောင်းလေးကို အရင် ပြောပြပေးပါဦး။

ဖြေ – ဒီပွဲကို ကပြဖြစ်တာက မိုးရာသီဆိုရင် ပွဲတွေနားလေ့ရှိတဲ့အတွက် ဇာတ်အဖွဲ့သားတွေရဲ့ စားဝတ်နေရေးအတွက်ရော၊ ရန်ကုန်လိုမြို့ကြီးမှာ အချိန်ပိုင်းကြည့်ရှုလို့ရမယ့် ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုကို ရှိနေစေဖို့အတွက်ရော တင်ဆက်ဖြစ်တာပါ။ နောက်ပြီး နိုင်ငံခြားသားတွေအနေနဲ့ မြန်မာ့ရိုးရာ ဇာတ်သဘင်ကို ရန်ကုန်မြို့ပေါ်မှာပဲ လာရောက်လေ့လာကြည့်ရှုနိုင်မယ့် ပွဲလေးလည်းဖြစ်တာကြောင့် ကျွန်တော်အနေနဲ့ နှစ်စဉ်တိုင်းလိုလို ကျင်းပနိုင်ဖို့ ကြိုးစားတာပါ။ လေးနှစ်မြောက်ဖြစ်တဲ့ ဒီနှစ်မှာ တင်ဆက်နိုင်ဖို့အတွက်လည်း ကျွန်တော် အများကြီး ကြိုးစားထားပါတယ်။ ပွဲကနိုင်ဖို့အတွက် ရုပ်သံထုတ်လွှင့်မှုပိုင်းရော စပွန်ဆာရဖို့အတွက်ရော ကျွန်တော်အရမ်းကြိုးစားပြီး ဖြစ်အောင်လုပ်ထားပါတယ်။ ဒါက မြို့ပေါ်မှာ လူငယ်တွေ အမြဲရောက်လာဖြစ်တဲ့နေရာမျိုးမှာ မြန်မာ့ ဇာတ်သဘင်ကို တင်ဆက်နိုင်တဲ့ အခွင့်အရေးဖြစ်တဲ့အတွက်ပါ။ ဒီနှစ်ပွဲဖြစ်လာဖို့အတွက် အဓိက ကူညီပေးကြ   တဲ့ 3D သွားတိုက်ဆေးနဲ့ 5 Plus ရုပ်သံလိုင်းတို့ကိုလည်း ကျေးဇူးတင်ပါတယ်။

မေး – လေးနှစ်မြောက်အဖြစ် ကပြဖြစ်တဲ့ပွဲမှာ ဘယ်လိုတင်ဆက်မှုတွေနဲ့ ဖျော်ဖြေသွားမလဲ။

ဖြေ – ကျွန်တော့်အနေနဲ့ တစ်နှစ်နဲ့တစ်နှစ် မတူအောင်လည်း ကြိုးစားပြီး စီစဉ်တင်ဆက်ပါတယ်။ ဒီနှစ် မိုးရာသီဖျော်ဖြေပွဲမှာ တင်ဆက်တာတွေက လာမယ့်သဘင်ရာသီသစ်မှာ ဖျော်ဖြေမယ့်တင်ဆက်မှုတွေပါ။ ဒီနှစ်မှာတော့ နောက်ပိုင်းဇာတ်တော်ကြီးတွေကို စီစဉ်တင်ဆက်ဖို့ အဓိက စီစဉ်ထားပါတယ်။ နောက်ပိုင်းဇာတ်တော်တွေထဲကနေမှ ကျွန်တော်တို့တွေနဲ့ နီးစပ်မှုရှိ နတ်သမိုင်းတွေကို ဒီနေ့ခေတ်ပရိသတ်တွေ မပျင်းရအောင်ရယ် ကိုယ်နိုင်တဲ့အင်အားနဲ့ ကပြနိုင်တာလေးတွေကို အကောင်းဆုံးဖြစ်အောင် တင်ဆက်သွားဖို့ စီစဉ်ထားပါတယ်။ နောက်ပြီး ကပြဖျော်ဖြေချိန်ကို နှစ်နာရီအတွင်းမှာ ဘောင်ဝင်အောင် ဖျော်ဖြေတင်ဆက်ဖို့ သေချာပြင်ဆင်ထားပါတယ်။ အဲဒီအတွက် စတိတ်ရှိုးအစီအစဉ်ကတော့ လုံးဝပါမှာ မဟုတ်ပါဘူး။

မေး – ဒီနှစ် မိုးရာသီဖျော်ဖြေပွဲတွေမှာရော မင်းရွှေရောင်တင်လေးက ဘယ်လိုပုံစံနဲ့ ပါဝင်ကပြသွားဖို့ရှိမလဲ။

ဖြေ – ဒီနှစ်မှာတော့ သားပူတူး (မင်းရွှေရောင်တင်) က နယ်မှာ ကျောင်းတက်နေတာဖြစ်လို့ အပတ်စဉ်တိုင်း ပါဝင်ကပြဖြစ်မှာ မဟုတ်ပါဘူး။ အဲဒီအတွက်လည်း သူ့ရဲ့ ပရိသတ်တွေကို နားလည်ပေးဖို့နဲ့ ပွဲကိုတော့ လာပြီး တောင်းဆိုချင်ပါတယ်။ နောက်ပြီး သူ့အရွယ်က စာသင်ရမယ့် အရွယ်ဖြစ်တာကြောင့် ပညာရေးကိုပဲ ဦးစားပေးမှာပါ။ ဒီပွဲတွေမှာ သူကျောင်းအားတဲ့ အပတ်တွေမှာတော့ ပါဝင်ကပြဖို့ရှိပါတယ်။ သူ့အနေနဲ့က သူ့ဝါသနာ၊ သူ့ဗီဇပါလာတဲ့ အနုပညာအရသာ သူက သဘင်အနုပညာသည်တစ်ယောက်လို ဖြစ်နေတာပါ။ တကယ်တော့ သူက သဘင်အနုပညာသည် မဟုတ်သေးပါဘူး။ သူမပါပေမဲ့လည်း ပရိသတ်တွေက ချစ်ခင် အားပေးပါလို့ ပြောချင်ပါတယ်။

မေး – အချိန် နှစ်နာရီအတွင်းမှာ နောက်ပိုင်းဇာတ်တော်ကြီးကို အခြားအစီအစဉ်တွေ၊ နှစ်ပါးသွားတွေနဲ့ တွဲဖက် တင်ဆက်မယ်ဆိုတော့ ဘယ်လိုအခက်အခဲရှိလဲ။

ဖြေ – အဓိက,ကတော့ တင်ဆက်ရမယ့် အချိန်အတွင်းမှာ အနှစ်သာရမပျောက်အောင် ဇာတ်လမ်းသွားကို တင်ဆက်နိုင်ဖို့ ကျွန်တော်တို့ အဓိကထားပြီး တင်ဆက်ထားပါတယ်။ ဒါ့ကြောင့်လည်း နောက်ပိုင်းဇာတ်တော်ဆိုပေမဲ့ နတ်သမိုင်းတွေကိုပဲ အဓိကထားပြီး တင်ဆက်ဖို့စီစဉ်ထားပါတယ်။ ဆို၊ ငို၊ ပြောတွေနဲ့ တကယ့်မြန်မာ့ဇာတ်သဘင်ရဲ့ အနှစ်သာရတွေကို တင်ဆက်နိုင်ဖို့ ကျွန်တော်တို့ တတ်စွမ်းသလောက်၊ နိုင်သလောက်အင်အားနဲ့ ကျွန်တော်တို့တစ်တွေ အကောင်းဆုံး ကြိုးစားထားပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ်တိုင်က ဇာတ်သဘင်မင်းသား စစ်စစ်ကြီးတွေလို မတတ်မြောက်သေးဘဲ ဇာတ်သဘင်အနုပညာကို တတ်နိုင်သမျှ ထိန်းသိမ်းနေတဲ့ မင်းသားအဆင့်ပဲ ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ တင်ဆက်မှုတွေ လိုအပ်တာတွေရှိခဲ့ရင် ဇာတ်သဘင်ပညာသည်ကြီးတွေကရော ပရိသတ်တွေကပါ နားလည်မှုနဲ့ ခွင့်လွှတ်မှုနဲ့ ကြည့်ရှုပေးကြပါလို့ တောင်းဆိုချင်ပါတယ်။

မေး – ခေတ်ရေစီးကြောင်းအရ ဖျော်ဖြေရေးတွေမှာ အနုပညာပေါင်းစုံက အင်အားကောင်းကောင်းနဲ့ ၀င်ရောက် လာချိန်မှာ ဇာတ်ခုံပေါ်က မင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုတွေ ကြိုးစားနေရလဲ သိပါရစေ။

ဖြေ – ဒီနေ့က ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဖျော်ဖြေရေး ကဏ္ဍမှာလည်း အနုပညာတင်ဆက်မှုတွေက ရိုးရာအနုပညာတွေထက် အများကြီး အားကောင်းတာတွေချည်းပါပဲ။ ကျွန်တော်တို့ ဇာတ်သဘင်ပညာသည်တွေအနေနဲ့ အားငယ်ရတဲ့အပိုင်းတွေလည်း ရှိပါတယ်။ နောက်ပြီး ဇာတ်ခုံပေါ်မှာ တကယ်တမ်း တင်ဆက်ကပြရတဲ့အခါ ကျွန်တော်တို့ကို ဘယ်သူကမှ တာဝန် မပေးထားပေမယ့်လည်း ကျွန်တော်တို့တွေ ကိုယ့်ရိုးရာကိုထိန်းသိမ်းရပါတယ်။ အဲဒီမှာ ပြဿနာက ပရိသတ်တွေရဲ့ အကြိုက်ဆိုတာကလည်း ပါလာပါတယ်။ ပရိသတ်တွေမကြိုက်ဘဲ မကြည့်ချင်ဘဲနဲ့လည်း ကျွန်တော်တို့ မရပ်တည်နိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့တွေက ကိုယ့်ရိုးရာကို ပရိသတ်တွေကြိုက်လာအောင် ပုံစံသစ်လေးတွေနဲ့ ကြိုးစားရတဲ့အပိုင်းတွေ ရှိလာပါတယ်။ ဒါတွေကို လူကြီးတွေကရော ပရိသတ်တွေကပါ နားလည်မှုနဲ့ ဖေးမလမ်းညွှန်မှုတွေရှိရင် ပိုအဆင်ပြေမှာပါ။ ပရိသတ်တွေအတွက် အမြဲတမ်း ကြိုးစားနေပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ကျေးဇူးအမြဲတင်ရပါတယ်။

မေး – လာမယ့် ဇာတ်သဘင်ရာသီသစ်မှာ ဘယ်ဒေသတွေကို သွားရောက်ဖျော်ဖြေဖို့ စီစဉ်ထားလဲ။

ဖြေ – ကျွန်တော်တို့ အဖွဲ့အနေနဲ့ကတော့ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေဘက်မှာ သွားပြီး ကပြဖို့အတွက် စီစဉ်ထားတဲ့ပွဲတွေ ရှိပါတယ်။

 

 

Miss Myanmar World ဆုရှင်ဟန်သီနှင့် တွေ့ဆုံခြင်း

ပဉ္စမအကြိမ်မြောက်အဖြစ်ပြုလုပ်ခဲ့သည့် Miss Myanmar World အလှမယ်ရွေးချယ်ပွဲတွင် Winner ဆုရှင်အဖြစ် အလှမယ် ဟန်သီက ဆွတ်ခူးရရှိခဲ့ပါသည်။ Miss Supranational အလှမယ်ရွေးချယ်ပွဲတွင် မြန်မာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံရှိဖူးသူ တစ်ဦးဖြစ်ကာ နိုင်ငံတကာမှ အသိအမှတ်ပြုမှုအား ရရှိခဲ့သူတစ်ဦးလည်းဖြစ်သည့် ဟန်သီသည် Miss World ပြိုင်ပွဲ၏ အရေးပါသည့်တစ်ခုဖြစ်သည့် Beauty with the purpose ဆုအတွက် ပရဟိတ လှုပ်ရှားမှုများအား စတင်အကောင်အထည်ဖော် ကြိုးပမ်းလျက်ရှိကာ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်တော့မည်ဖြစ်သည့် အလှမယ်ဟန်သီနှင့် Miss World ပြိုင်ပွဲအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုများအား မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး – Miss Myanmar World ပြိုင်ပွဲကို ၀င်ပြိုင်ဖို့ ဘာကြောင့်ဆုံးဖြတ်ဖြစ်ခဲ့တာလဲဆိုတာလေး အရင်သိချင်ပါတယ်။

ဖြေ – အဓိကတော့ ဒီပြိုင်ပွဲကို သဘောကျလို့ပါ။ ဒီပြိုင်ပွဲက လှပနေရုံနဲ့ မပြီးဘူး။ body၊ beauty၊ brain သုံးခုလုံးနဲ့ပြည့်စုံရမယ်။ ပြီးတော့ပြိုင်ပွဲရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ Beauty with the purpose ကိုလည်း သဘောကျတယ်။ တကယ်လို့သာ Miss Myanmar World အဖြစ်သာ ရွေးချယ်ခံရမယ်ဆိုရင် ဟန်သီဝါသနာပါတဲ့ Charity Campaign တွေလည်း လုပ်ခွင့်ရမယ်။ ဒါကြောင့် အခုလိုဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

■ မေး – ပြိုင်ပွဲအတွေ့အကြုံရှိပြီးသားသူ တစ်ယောက်အနေနဲ့ ပြိုင်ပွဲမှာဆုရပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေကိုရော ဘယ်လိုကျော်ဖြတ်ခဲ့ရလဲ။

ဖြေ – ဒါကတော့ ဖိစီးမှုများပါတယ်။ ပရိသတ်တွေကလည်း အရမ်းရစေချင်တယ်။ ပရိသတ်ပေးတဲ့ဆုကိုပါ ရတယ်ဆိုတော့ ပရိသတ်တွေရဲ့ အားပေးမှုကို တကယ်တွေ့မြင်လိုက်ရတယ်။ ဒီလိုသာဆက်ပြီး အားပေးနေကြမယ်ဆိုရင် တကယ်တမ်း Miss World သွားပြိုင်တဲ့အခါမှာ ဟန်သီအတွက် ခွန်အားတွေ အများကြီး ဖြစ်စေနိုင်သလို မြန်မာဆိုတာကို နိုင်ငံတကာကပိုပြီး သတိပြုမိစေမယ်လို့လည်း ယုံကြည်တယ်။ အဲဒီအတွက်လည်း ဟန်သီဘက်ကတော့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်သွားမှာဖြစ်သလို ပရိသတ်တွေကိုလည်း အားပေးစေချင်ပါတယ်။ ပြင်ဆင်စရာတွေလည်း အများကြီး ရှိပါတယ်။

■ မေး – Final Stage မှာရော ယှဉ်ပြိုင်နိုင်ခဲ့တဲ့အပေါ် စိတ်တိုင်းကျလား။ Winner ဆုရဖို့ အတွက်ရော မျှော်လင့်ထားပြီးသားလား။

ဖြေ – အဲဒီအချိန်မှာတော့ အရမ်းကြောက်နေမိတယ်။ ကိုယ့်စိတ်ထဲမှာလည်း ရမယ်၊ မရဘူး အမျိုးမျိုး ခံစားရတယ်။ ရရင်ဘာဖြစ်မယ်၊ မရရင် ဘယ်လိုဖြစ်မယ်ဆိုတာတွေ အများကြီး ခံစားရပြီးရင်လည်း အရမ်းခုန်တယ်။ တကယ်တမ်း ကိုယ့်နံပါတ်ကိုအော်လိုက်တဲ့ အချိန်မှာတော့ အရမ်းပျော်ရသလို ကြိုးစားရကျိုးနပ်တယ်လို့လည်း ထင်ပါတယ်။

■ မေး – မြန်မာကိုယ်စားပြု အလှမယ်တစ်ယောက်အနေနဲ့ ဘယ်အပိုင်းတွေကို အဓိကထား ပြင်ဆင်သွားမလဲ။ beauty with the purpose ဆုအတွက်ရော ဘယ်လိုပရဟိတလုပ်ငန်းမျိုးတွေ ပြင်ဆင်သွားမလဲ။

ဖြေ – ဒီပြိုင်ပွဲမှာက အားကစား လှုပ်ရှားမှုတွေလည်း ပါမယ်ပေါ့နော်။ အဲဒီအတွက်ကတော့ ဟန်သီကငယ်ငယ်ကတည်းက အင်္ဂလိပ်ကျောင်းမှာ အားကစားလှုပ်ရှားမှုတွေ အမြဲလုပ်ရတဲ့အတွက် အရမ်းမခက်ခဲပါဘူး။ ရေကူးတာ၊ ပြေးခုန်ပစ်ဆိုတာမျိုးတွေကို သေချာ train သွားမယ်။ body building အတွက်လည်း သေချာလုပ်သွားမယ်။ Charity Campaign တစ်ခုကိုလည်း မကြာခင် စသွားဖို့စီစဉ်နေပြီ။ ကူညီတာတင်မဟုတ်ဘဲ ပညာပေးနိုင်ဖို့အတွက်ပါ တစ်ခါတည်းတွဲပြီး လုပ်သွားမယ်။ ဒီ Campaign အတွက်ကတော့ အဖွဲ့ဖွဲ့ပြီး မကြာခင် စတင်နိုင်အောင် ကြိုးစားနေပါတယ်။

■ မေး – Charity Campaign က ဘယ်လိုအရာမျိုးတွေကို ကူညီချင်တာလဲ။

ဖြေ – အဓိကတော့ public health awareness ပေါ့နော်။ အဲဒါကတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အစားအသောက်နဲ့ ပတ်သက်လို့ ပညာပေးသင့်တာတွေကိုလိုက်ပြီး လုပ်ပေးချင်တယ်။ အမှိုက်စွန့်ပစ်တာတွေ၊ ပြန်ကြော်ဆီတွေသုံးတာမျိုးတွေပေါ့။ အဲဒါတွေကို ပညာပေးတာလေးတွေ လုပ်ချင်တယ်။ တခြားကူညီလို့ရတာမျိုးကိုလည်း ကူညီချင်ပါတယ်။ အဓိကတော့ကလေးတွေအတွက် ပိုပြီးလုပ်ပေးချင်တယ်။ ကလေးတွေအတွက် ဘယ်လိုအရာလေးတွေ ကူညီပေးရင် ကောင်းမလဲဆိုတာကိုလည်း သေချာလေ့လာပြီး ကူညီသွားမယ်။

■ မေး – သီချင်းဆိုတတ်သူတစ်ယောက်ဆိုတော့ talent ပိုင်းမှာရော သီချင်းပဲဆိုဖြစ်မှာလား။

ဖြေ – သီချင်းဆိုဖို့လည်း သေချာပြင်ဆင်သွားပါမယ်။ အကပိုင်းကတော့ မြန်မာအက တင်မဟုတ်ဘဲ ဘယ်လိုလေးလေ့ကျင့်သွား မလဲဆိုတာလည်း သေချာပြင်ဆင်သွားပါမယ်။

■ မေး – ပရိသတ်တွေကို ပြောချင်တဲ့စကားလက်ဆောင်တွေရော ရှိဦးမလား။

ဖြေ – Miss Myanmar World ဖြစ်သွားတာက သရဖူရသွားပြီဆိုပေမယ့် Miss World သွားပြိုင်ဖို့အတွက် ပရိသတ်ကပေးတဲ့ခွန်အားတွေ လိုပါတယ်။ ပြီးတော့ဟန်သီလုပ်ဆောင်သွားမယ့် Charity Campaign တွေမှာလည်း တတ်နိုင်သလောက် ကူညီပါဝင်ပေးကြပါ။ အကြံဥာဏ်တွေလည်း ပေးစေချင်ပါတယ်။ ဟန်သီအနေနဲ့ကတော့ အခုကစပြီး Miss World ပြိုင်ဖို့အတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကြိုးစားနေပါတယ်။ ဆက်လက်ပြီးတော့လည်း ကြိုးစားသွားမှာပါ။

တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်အား ဆက်သွယ်မေးမြန်းခြင်း

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအား ဇွန် ၂၇ ရက်တွင် တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုခဲ့ပြီး ဇွန် ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က လက်မှတ်ရေးထိုးသဖြင့် လက်ရှိအချိန်တွင် စည်ပင်ဥပဒေသည် အသက်ဝင်ပြီဖြစ်သည်။ အဆိုပါ ဥပဒေထဲတွင် ဒုတိယမြို့တော်ဝန်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ ယခင် ၂၀၁၃ စည်ပင်ဥပဒေတွင် မပါရှိခဲ့သည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ပတ်သက်၍ စည်ပင်ဥပဒေရေးဆွဲရာတွင် အဓိက ပါဝင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်အား တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြအပ်ပါသည်။

ဒုတိယမြို့တော်ဝန်က ဂုဏ်သိက္ခာအရတော့မြင့်တယ်။ ဒါပေမဲ့ မြို့တော်ဝန်ကဲ့သို့ အာဏာအပြည့်အ၀မရှိဘူး။ သူ့ကိုယ်စားလုပ်နိုင်တဲ့ အတိုင်းအတာလောက်ပဲ လုပ်နိုင်မယ်လို့ထင်တယ်

■ မေး – စည်ပင်ဥပဒေကို စတင်ရေးဆွဲတဲ့အချိန် ဘယ်လောက်ကြာမြင့်ခဲ့သလဲ။

ဖြေ – စည်ပင်ဥပဒေကို ဆဋ္ဌမအကြိမ် လွှတ်တော်မှာ တင်ခဲ့တာပေါ့၊ ပထမဆုံး စပြောရရင် အစိုးရအဖွဲ့က အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး ခေါင်းဆောင်ပြီး အဖွဲ့ဖွဲ့လိုက်တယ်။ သူတို့ဆွဲတာ ခြောက်လကြာတယ်။ ပြီးတော့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက ဥက္ကဋ္ဌအဖြစ် ဦးဆောင်တယ်။ ဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူပြီးတော့ ခုနစ်ဦး ပါဝင်တဲ့ Test Force ကော်မတီဖွဲ့ လိုက်တယ်။ အဲဒီမှာလည်း နှစ်လကျော် သုံးလကြာတယ်။ ပြီးတော့ လွှတ်တော်မှာပဲ လေးလလောက် ကြာတယ်။ ဆွဲပြီးတော့ ပထမမူကြမ်းကို ပြန်ပြင်ပြီး ဒုတိယမူကြမ်းကို အစိုးရကိုတင်လိုက်တယ်။ အဲဒီကနေတစ်ဆင့် လွှတ်တော်ကို ပြန်တင်တယ်။

■ မေး – စည်ပင်ဥပဒေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကို အစိုးရကတင်သွင်းတဲ့အခါ လွှတ်တော်ဘက်ကနေပြီး ဘယ်အခန်းတွေကို ပယ်ဖျက်ခဲ့လဲ။

ဖြေ – ဥပဒေကြမ်းကို တိုင်းဒေသကြီး လွှတ်တော်ကိုတင်သွင်းတဲ့အချိန်မှာ အခန်းနှစ်ခန်းကို ပယ်ဖျက်လိုက်တယ်။ တစ်ခန်းတိုးတယ်။ ဖျက်တဲ့နှစ်ခန်းကတော့ စည်ပင်က စီးပွားရေးလုပ်မယ်ဆိုတဲ့အခန်းကို လွှတ်တော်က သဘောမတူဘူး။ အဲဒီအခန်းကို ဖျက်လိုက်တယ်။ နောက်ဖျက်လိုက်တဲ့အခန်းက ဖွဲ့စည်းပုံမှာပါတဲ့ ဖွဲ့စည်းပုံမှာဘာပါလဲဆိုတော့ သူတို့ကအာဏာပိုင်ခေါ်တာပေါ့၊ ဦးတို့က ပြန်ပြောင်းလိုက်တယ်။ လုပ်ငန်းတာဝန်ခံအဖွဲ့ပေါ့။ အာဏာပိုင်အထက်မှာ မရှိရတော့ဘူး။ ဖွဲ့စည်းပုံက အဲဒီလို မဟုတ်ဘူး။ ကော်မတီရဲ့အောက်မှာမှ အာဏာပိုင်ကရှိတာ။ စည်ပင်သာယာကော်မတီအောက်မှာ အာဏာပိုင်ရှိတဲ့အတွက် အာဏာပိုင်ဆိုတာ မဖြစ်နိုင်ဘူး။ အာဏာပိုင်ရဲ့အထက်မှာ ဘယ်သူမှ မရှိရဘူး။ ဒါမို့လို့ စည်ပင်သာယာကော်မတီ။ အဲဒီအောက်မှာ လုပ်ငန်းတာဝန်ခံအဖွဲ့။ လုပ်ငန်းတာဝန်ခံအဖွဲ့မှာ သိရသလောက်တော့ ခုနစ်ဖွဲ့ရှိတယ်။ ဌာနက သုံးဖွဲ့ရှိတယ်။ အားလုံးပေါင်း ၁၀ ဖွဲ့။ အဲဒီ ၁၀ ဖွဲ့မှာ တပ်ဖွဲ့ချင်းရဲ့ဟာတွေ ထည့်ထားတယ်။ အရင်က ၂၂ ဖွဲ့ရှိတယ်။ အဲဒီအဖွဲ့ကို ခွဲထည့်လိုက်တယ်။ ဘယ်အဖွဲ့မှာ ဘယ်သူတွေ ပါရမယ်ဆိုတာကို ဖျက်လိုက်တယ်။ ဖျက်ရတဲ့အကြောင်းက ကန့်လိုက်တဲ့အတွက် တချို့ဟာတွေက အခွန်ဆိုရင် လုပ်ငန်းတာဝန်ခံအဖွဲ့ရဲ့ တစ်ဖွဲ့အောက်မှာ ရှိတယ်။ အခွန်ကို ဆောက်လုပ်ရေးလုပ်ငန်းအောက်မှာ ထားလိုက်တယ်ဆိုပါတော့ အခွန်က အဲဒီအောက်မှာထားရင် အဲဒီအတွက်ပဲ ကောက်လို့ရမယ်။ ဒါကြောင့်မို့လို့ ထွက်စေချင်တယ်။ စစ်ဆေးရေးအဖွဲ့ကိုလည်း ကော်မတီတစ်ခုအောက်မှာ သွားထားလိုက်တယ်။ အဲဒီတော့ အဲဒီကော်မတီကိုပဲ စစ်ဆေးရမလို ဖြစ်နေတယ်။ စစ်မှာက အားလုံးကို စစ်ရမှာ။ ဒါကိုလည်း သီးခြားဖွဲ့စေချင်တယ်။ သုံးမျိုးကို ခွဲထုတ်လိုက်တယ်။ အခွန်ကောက်တဲ့အဖွဲ့၊ စစ်ဆေးရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့ကို သီးခြားဖွဲ့စေချင်တယ်။ အဲဒီအခန်းကို ဖျက်လိုက်မှ ကိုယ့်ဟာနဲ့ကိုယ် သီးခြားထုတ်လိုက်ပေါ့။ ဘာပြန်တိုးသွားလဲဆိုတော့ အခန်း ၁ ကို နိဒါန်းထားပြီးတော့ ရည်ရွယ်ချက်ကို တစ်ခန်းထားလိုက်တယ်။ နှစ်ခန်းဖျက်တယ်။ တစ်ခန်း တိုးတယ်။

■ မေး – အခုစည်ပင်ဥပဒေထဲမှာ ဒုတိယမြို့တော်ဝန် ခန့်အပ်ရမယ်ဆိုတာပါတယ်။ ဒုတိယမြို့တော် ၀န်ခန့်အပ်ပြီးသွားရင် တကယ်ရော ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာတွေ ရှိပါသလား။

ဖြေ – စည်ပင်ဥပဒေ ပုဒ်မ (၄) မှာ ရွေးကောက်တင်မြှောက်ခံရတဲ့ ကော်မတီဝင် ခြောက်ဦးအနက်မှ ဒုတိယမြို့တော်ဝန်ကို ကော်မတီဝင် ၁၁ ဦးက လျှို့ဝှက်မဲဆန္ဒနဲ့ ရွေးချယ်ရမည်။ ဒုတိယမြို့တော်ဝန်က ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တယ်။ ဒုတိယမြို့တော်ဝန်ရဲ့ လုပ်ပိုင်ခွင့်တွေကတော့ မြို့တော်ဝန်ကို တာဝန်ယူရမယ်။ ဥက္ကဋ္ဌက ပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်ရမယ်။ ကော်မတီရဲ့ လုပ်ငန်းများနဲ့ ပတ်သက်ပြီးတော့ မြို့တော်ဝန်အား အကြံဥာဏ်ပေးခြင်းနဲ့ အကူအညီပေးခြင်း၊ မိမိတာဝန်ယူသော လုပ်ငန်းများနဲ့ အခက်အခဲများ၊ ဆောင်ရွက်ချက်တွေကို မြို့တော်ဝန်ကို တင်ပြရမယ်။ မြို့တော်ဝန်က တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိတဲ့အခါ ဥက္ကဋ္ဌကိုယ်စားတာဝန်ကို ယာယီထမ်းဆောင်ရမှာဖြစ်တယ်။ ဒါပေမဲ့ လုပ်ပိုင်ခွင့်ကတော့ မြို့တော်ဝန်လိုမရှိဘူး။ ပထမအချက်ကတော့ ဦးတို့လည်း ဒါနဲ့ပတ်သက်ပြီး လွှတ်တော်မှာ အငြင်းပွားတယ်။ အသေးစိတ်တော့ မပြောတော့ပါဘူး။ သူ့ကော်မတီဝင် သတ်သတ်ပဲဖြစ်တယ်။ မြို့တော်ဝန်က သမ္မတကတိုက်ရိုက်ခန့်တာ၊ မြို့တော်ဝန်က အစိုးရအဖွဲ့ဝင်၊ ဒုတိယမြို့တော်ဝန်က အစိုးရအဖွဲ့ဝင်မဟုတ်ဘူး။ သို့သော် လုပ်ငန်းတွေကိုတော့ ဥက္ကဋ္ဌကိုယ်စား လုပ်ခွင့်ရှိတယ်။ ဥက္ကဋ္ဌကပေးအပ်တဲ့တာဝန်ကို လုပ်ခွင့်ရှိတယ်။ သို့သော် ဥက္ကဋ္ဌမရှိတဲ့အခါမှာ အစိုးရအဖွဲ့ကို တက်ခွင့်မရှိဘူး။ မြို့တော်ဝန်ကဲ့သို့ ဒုတိယမြို့တော်ဝန်က လုပ်နိုင်တဲ့ အခွင့်အရေးမရှိဘူးလို့ ရိုးရိုးသားသားပဲ ပြောပါရစေ။ ဥပဒေအရပြောရင် တက်ခွင့်မရှိဘူးပေါ့။ ဒုတိယမြို့တော်ဝန်က ဂုဏ်သိက္ခာ အရတော့ မြင့်တယ်။ ဒါပေမဲ့ မြို့တော်ဝန်ကဲ့သို့ အာဏာအပြည့်အ၀ မရှိဘူး။ သူ့ကိုယ်စားလုပ်နိုင်တဲ့ အတိုင်းအတာလောက်ပဲ လုပ်နိုင်မယ်လို့ ထင်တယ်။

■ မေး – စည်ပင်ဥပဒေကထွက်သွားပြီ။ ကော်မတီဝင်ခြောက်ဦးရွေးချယ်ဖို့ ဘယ်တော့လောက် ဖြစ်နိုင်မလဲ။ ဥပဒေထွက်ပြီးသွားတဲ့အတွက် နည်းဥပဒေက ဘယ်တော့ အပြီးရေးဆွဲရမလဲ။

ဖြေ – ဥပဒေကို လွှတ်တော်မှာလုပ်နေတဲ့ ကာလမှာကြားတာကတော့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေကို လုပ်နေတယ်လို့ ကြားတယ်။ တွဲဖက်အတွင်းရေးမှူး ဦးသန်းနဲ့တွေ့တဲ့အခါကျတော့ နည်းဥပဒေကို လုပ်နေတယ်လို့ ပြောတယ်။ မပြီးသေးတဲ့ သဘောရှိတာပေါ့။ သို့သော် အပြိုင်ဆွဲနေတာကိုတော့ ကြားပြီးသား။ ရွေးကောက်ပွဲက လုပ်ရမယ့် တာဝန်ရှိတာပေါ့။ ဒီနှစ်ရွေးရင်တောင် နောက်ထပ် နှစ်နှစ်ပဲ တာဝန်ထမ်းဆောင်ရမှာ။ ဒီဇင်ဘာမှာလုပ်ဖို့ များပါတယ်။ တရားဝင်တော့ မကြားသေးဘူး။ ဒီဇင်ဘာမှာ ရွေးကောက်ပွဲလုပ်ကို လုပ်ရမယ်။ မလုပ်ရင်နောက်တက်ရမယ့် သူ့လုပ်ပိုင်ခွင့်က သိပ်နည်းသွားလိမ့်မယ်။ အခုလောလောဆယ်မှာတော့ သုံးလအတွင်း လုပ်နိုင်အောင်ပြောမယ်။ နည်းဥပဒေ ရေးဆွဲပြီးရင်လည်း လွှတ်တော်ကိုတင်တော့ တင်ရမယ်။ ဒါပေမဲ့ အစိုးရအဖွဲ့က စိတ်ကြိုက်ရေးဆွဲလို့ရတယ်။ ဝေဖန်လို့မရတော့ဘူး။ လွှတ်တော်ထဲမှာ ပြင်ဆင်လို့ မရတော့ဘူး။

■ မေး – ၂၀၁၃ စည်ပင်ဥပဒေတုန်းက ပြစ်မှု၊ ပြစ်ဒဏ်တွေနဲ့ အခု ၂၀၁၈ စည်ပင်ဥပဒေမှာ ပါတဲ့ပြစ်မှု၊ ပြစ်ဒဏ်တွေက ဘယ်လိုကွဲခြားသလဲ။

ဖြေ – ၂၀၁၃ စည်ပင်ဥပဒေမှာတော့ ပြစ်မှု၊ ပြစ်ဒဏ်နဲ့ပတ်သက်ပြီး ခုနစ်ခုရှိပေမယ့် အဓိကçကတော့ နှစ်ခု ပဲရှိတယ်။ အရင်ဥပဒေပုဒ်မ ၆၈ မှာ မည်သူမဆို ဥပဒေပါ ပြဋ္ဌာန်းချက်ကို ကျူးလွန်ကြောင်း၊ လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားရင် ထိုသို့ ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ၊ အနည်းဆုံးငွေဒဏ် ကျပ် ၁၀၀၀၀ ကနေ အများဆုံးငွေ ဒဏ်ကျပ် ၅၀၀၀၀ အထိဖြစ်စေ ဒဏ်နှစ်ရပ်လုံး ချမှတ်ရမည်။ ပုဒ်မ ၆၉ မှာကျတော့ ပုဒ်မ ၆၈ အရ ပြစ်မှုခံရသူသည် ပြဋ္ဌာန်းချက်ကို ဆက်လက်ဖောက်ဖျက်ပါက ထိုသို့ ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ၊ တစ်နေ့ အနည်းဆုံးငွေဒဏ် ကျပ် ၁၀၀၀၀ မှ ကျပ် ၅၀၀၀၀ အထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဆိုထားတယ်။ အခု ဥပဒေမှာကတော့ ပြစ်မှု၊ ပြစ်ဒဏ်က အများကြီးပဲ။ ပုဒ်မ ၃၁၀ ကနေ ၃၂၃ အထိရှိတယ်။ အဲဒီပြစ်မှု၊ ပြစ်ဒဏ်တွေထဲမှာ စည်ပင်မှာ အဓိကဖြစ်နေတဲ့ လမ်းဘေးဈေးသည်၊ အမှိုက်တွေကို စည်းကမ်းတကျ မပစ်တာတွေနဲ့ ပတ်သက်ပြီးပါတယ်။ ကျန်တာတွေလည်း အများကြီးပါပဲ။ ဥပဒေအသစ်မှာ ပြစ်မှု၊ ပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီး လွှတ်တော်ရောက်တဲ့အခါ တော်တော်များများ ပြန်လျှော့လိုက်တယ်။ အထူးသဖြင့် ပထမအကြိမ် ကျူးလွန်တဲ့အချိန်မှာ ဒဏ်ငွေများတယ်။ ထောင်ဒဏ်က မရှိသလောက်ပဲ။ တစ်ခုနှစ်ခုလောက်ပဲ ပါမယ်။ ထပ်ကျူးလွန်ရင်တော့ ထောင်ဒဏ်ပေါ့။ လွှတ်တော်ကို မတင်ခင်မှာတော့ ထောင်ဒဏ်ကို သုံးနှစ်အထိဆိုတာပါတယ်။ အခုကတော့ ခြောက်လ၊ တစ်နှစ်ထောင် ဒဏ်တွေ သတ်မှတ်လိုက်တယ်။ ထူးထူးခြားခြား ရှိတာတွေလည်း ရှိတယ်။ အရင်တုန်းက လမ်းဘေးအညစ်အကြေးစွန့်တာတွေ၊ ကွမ်းတံတွေးကို စည်းကမ်းမဲ့ထွေးတာတွေက အရင်ဥပဒေမှာ အရေးယူတာ မပါဘူး။ အရင်တုန်းက ဒေသန္တရ အမိန့်နဲ့ပဲ ထုတ်ပြန်တာ။ အခုဥပဒေထဲမှာတော့ အဲဒီဟာတွေနဲ့ ပတ်သက်ပြီး ပြစ်မှု၊ ပြစ်ဒဏ်တွေကိုလည်း ထည့်ထားတယ်။

■ မေး – အခုစည်ပင်သာယာရေးဥပဒေမှာ ပြင်ဆင်စရာအချက်တွေ ရှိသေးလား၊ ပြင်ဆင်စရာရှိတဲ့အချက်တွေကို ဘယ်တော့လောက်ပြင်ဆင်မလဲ။

ဖြေ – လာမယ့် သတ္တမအကြိမ်လွှတ်တော်မှာ စည်ပင်ဥပဒေနဲ့ ပတ်သက်ပြီး ပြင်စရာလေးတွေရှိတယ်။ နည်းနည်းပါးပါးပေါ့၊ စည်ပင်ဥပဒေမှာ အခွန်ကို နိုင်ငံခြားငွေနဲ့ မပေးရတော့ဘူး၊ မြန်မာငွေနဲ့ပဲ သုံးရတော့မယ်။ အခြားအချက် အနည်းငယ်လောက် ပြန်ပြင်ရမှာ။ အသေးစိတ်ကိုတော့ ပြောလို့မရသေးဘူး။

EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့မှ အရပ်ဘက်လူမှုအဖွဲ့ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

 

“ပြည်သူ့အသံ နားထောင်တာကတော့ အရင်အစိုးရနဲ့ ဒီအစိုးရ အတူတူပဲ မကွဲဘူး။ ဘယ်အရာကို ပြည်သူ့အသံကို နားထောင်ပြီး ရပ်လိုက်ပါတယ်ဆိုတာကိုတော့ ကျွန်မတော့ မတွေ့သေးဘူး . . .”

 

မြန်မာနိုင်ငံသည် သဘာဝသယံဇာတများကြောင့် ပဋိပက္ခများဖြစ်ပွားခြင်း၊ သတ္တုတူးဖော်ထုတ်လုပ်သူအချို့ကလည်း အခွန်အခ အပြည့်အ၀ ပေးဆောင်မှုများမရှိခြင်း၊ အစိုးရအနေဖြင့်လည်း သယံဇာတတူးဖော်ထုတ်လုပ်မှုအပိုင်းတွင် စည်းကမ်းဖောက်ဖျက်သည့် ကုမ္ပဏီများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူမှုအားနည်းနေသည်များနှင့်ပတ်သက်ပြီး EITI (Extractive Industries Transparency Initiative) သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့မှ အရပ်ဘက် လူမှုအဖွဲ့ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

 

■ မေး     –         ဇွန် ၂၈ ရက်ကထုတ်ပြန်ခဲ့တဲ့ EITI ဒုတိယအကြိမ် အစီရင်ခံစာနဲ့ တတိယအကြိမ် အစီရင်ခံစာက ပထမကြိမ်အစီရင်ခံစာထက် ဘာတွေပြောင်းလဲသွားသလဲ။

ဖြေ      –         EITI  အစီရင်ခံစာကတော့ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်ထုတ်ပြန်တာပေါ့၊ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်ထုတ်ပြန်တာကတော့ ပထမအကြိမ်ထက် တော်တော် လေးတော့ကွဲပြားခြားနားတယ်။ ပွင့်လင်းမြင်သာမှုရှိတယ်။ အကြံပြုတိုက်တွန်းချက်က ပထမအကြိမ်အစီရင်ခံစာမှာ ၁၄ ချက်ပဲ ပါတယ်။ အခုကတော့ ၂၁ ချက်ပါတယ်။ လွဲမှားနေတဲ့ သယံဇာတစီမံအုပ်ချုပ်မှုက ခေတ်အဆက်ဆက်ဖြစ်လာခဲ့တာ။ ဒီအစိုးရ လည်း ဒီထဲကကို ရုန်းမထွက်နိုင်ဘူး။ အစီရင်ခံစာမှာ အကြံပြုတိုက်တွန်းချက်အရ ရုန်းထွက်မှကိုဖြစ်လိပ်မယ်။ ရုန်းမထွက်ဘူး၊ ဒီတိုင်းပဲသွားမယ်ဆိုရင် ကျွန်မတို့ နိုင်ငံက ကြွေးနွံနစ်နေဦးမှာပဲ။ သယံဇာတကဏ္ဍကို လေ့လာကြည့်လိုက်တဲ့အခါမှာ သယံဇာတကဏ္ဍက ၀င်တာတွေအများကြီး။ ထွက်နေတာတွေလည်းအများကြီး။ ထွက်နေတယ်ဆိုတာက၊ နိုင်ငံတော် အလေအလွင့်ဖြစ်နေတယ် ဆိုတာက အများကြီးပေါ့။ လက်ရှိအစိုးရလက်ထက်မှာ မဖြစ်မနေပြောင်းလဲရမှာက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ပြောင်းကိုပြောင်းလဲရမယ်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက အကျိုးစီးပွားပဋိပက္ခကိုဖြစ်စေတယ်။ သူတို့ကိုယ်တိုင်ကလည်း ဒီဟာတွေကို လိုင်စင်ချပေးတယ်။  ကြီးကြပ်တယ်။ အခွန်ကောက်တယ်။ ဒါကိုမှတစ်ခါ အကျိုးတူပူးပေါင်းတာ တစ်ခါလုပ်တဲ့အခါကျတော့ အကျိုးစီးပွားပဋိပက္ခက အနာဂတ်အထိပါ ထိခိုက်နိုင်တယ်။ ဒီဟာတွေကို ပြောင်းလဲရမယ်။ ဘယ်လိုပုံစံ ပြောင်းလဲရမလဲဆိုတာကတော့ ဒီလထဲ မှာ EITI  က သုံးပွင့်ဆိုင် အလုပ်ရုံဆွေး နွေးပွဲလုပ်မယ်လုပ်ပြီးတော့ ပြောင်းခိုင်းမယ်။

 

■ မေး     –         အခု ဒုတိယအကြိမ်အစီရင်ခံစာနဲ့ တတိယအကြိမ် အစီရင်ခံစာကြောင့် EITI အဖွဲ့ဝင်လောင်း နိုင်ငံကနေ အဖွဲ့ဝင်နိုင်ငံကော ဖြစ်နိုင်သလား။

ဖြေ      –         အဖွဲ့ဝင်လောင်းနိုင်ငံကနေ အဖွဲ့ဝင် နိုင်ငံဖြစ်ဖို့ဆိုတာက အချက်ပေါင်း ၃၇ ချက် နဲ့လာမယ်။ သုံးချက်မှာက အစိုးရအနေနဲ့ ထိတွေ့ဆက်ဆံနေမှုပေါ့။ နောက်တစ်ခုက ကျွန်မတို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံနေမှုပေါ့။ ကျွန်မက အရပ်ဘက်အဖွဲ့ အစည်းကိုယ်စားပြောရတာဖြစ်တဲ့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေက မြေပြင်မှာ ပြဿနာတက်နေလို့ အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်လို့ရတဲ့ဟာမျိုးရှိလားပေါ့။ သေချာတာကတော့ ဒီနေ့အချိန်ထိ မရှိသေးဘူး။ ကျွန်မတို့အစည်းအဝေးမှာ တွေ့ကြတာ မဟုတ်ဘဲနဲ့ ဘယ်ဒေသမှာ လုပ်ငန်းရှင်ကို တရားစွဲတယ်ဆိုရင် ကျွန်မတို့ကကြားထဲက ညှိနှိုင်းဆောင်ရွက်ပေးလို့ရှိရင် ဒါမျိုးတွေမှာ လုံးဝလုပ်လို့မရတဲ့ အခြေအနေမျိုးရှိတယ်။ ဒါတွေက ပြီးခဲ့တဲ့အစိုးရလက်ထက်ကအတိုင်း ပဲပေါ့။ နောက်တစ်ချက် ဒီအစိုးရလက်ထက်မှာ ပိုဆိုးလာတာက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဝန်ကြီးဌာန ကျွန်မတို့ MATA ဆိုလို့ရှိရင် အောက်ခြေမှာ လိုက်ပြောနေတာက MATA က ရန်ပုံငွေတွေနဲ့ လုပ်စားနေတဲ့ အဖွဲ့ပေါ့။ အလကားသူတို့ကို ကောင်းကြောင်း လျှောက်ပြောနေတယ်ဆိုတဲ့ နံမည်ဆိုးတွေ လိုက်လွှင့်နေတာပေါ့။ တကယ်တမ်းက ကျွန်မတို့ အတူတူပေါင်းသွားမှ ရမယ်ဆိုတာကို သုံးပွင့်ဆိုင်က ဘယ်လောက်ပဲ နမူနာပြပြ  သူတို့က လိုက်လုပ်မှဖြစ်မှာ။ အဲဒီလိုဖြစ်စဉ်တွေကျော်ဖို့ရှိတယ်။ ပြည်ထဲရေးဆိုရင်လည်း ကျွန်မတို့ MATA မှတ်ပုံတင်တယ်။ ယာယီ မှတ်ပုံတင်တော့ရတယ်။ မှတ်ပုံတင်တဲ့အချိန်မှာ မှတ်ပုံတင်ခွင့်တော့ မပေးဘူး။ ငြင်းပယ်တဲ့စာကို ပြန်လည်ပြောင်းပေးပါပေါ့။ အဲဒါက ဘာလဲဆိုတော့ နံပါတ်တစ်အချက်က ဖက်ဒရယ်ပြည်ထောင်စုစီသို့ ဆိုတာပါတယ်။ နောက် ရည်ရွယ်ချက်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး EITI က ဘာတွေလုပ်နေလဲ ဆိုတော့ EITI က သယံဇာတနဲ့ဆက်စပ်တဲ့ ရင်းနှီးမြှုပ်နှံမှု၊ ကုမ္ပဏီအက်ဥပဒေ၊ သတ္တုတွင်းဥပဒေ၊ ကျောက်မျက်ကျောက်စိမ်း ဒါတွေကို ကျွန်မတို့ကိုယ်တိုင်ကနေပြီးတော့ ဘယ်အရာတွေကို ပြောင်းလဲသင့်တယ်ဆိုပြီး စားပွဲပေါ်မှာ ဆွေးနွေးရမှာဖြစ်တဲ့အတွက် ဥပဒေတွေလုပ်ထုံးလုပ်နည်းတွေက အစိုးရနဲ့ လုပ်တဲ့အခါ ကျွန်မတို့နဲ့ သွားပြီးတိုက်တယ် ဆိုပြီးပြောတော့ ကျွန်မတို့ကဒီစားပွဲကနေ ပြောင်းဖို့လုပ်နေတာဖြစ်တဲ့အတွက် ပေးသင့် တယ်ပေါ့။ အသင်းအဖွဲ့ဖြစ်ဖို့က ကျွန်မတို့ နိုင်ငံမှာ တော်တော်ခက်တယ်။ အစိုးရနဲ့သော်လည်းကောင်း၊ လုပ်ငန်းရှင်နဲ့သော်လည်း ကောင်း၊ ထိတွေ့ဆက်ဆံတဲ့ကြားမှာ လွယ်လွယ်ကူကူ ကျွန်မတို့အဖွဲ့အစည်းတွေအတွက် မဟုတ်ဘူး။ ပြည်သူလူထုနဲ့ဆက်ဆံတဲ့နေရာ မှာ လွယ်လွယ်ကူကူ ထိတွေ့ဆက်ဆံလို့ ရရမယ်ဆိုတဲ့ဟာမျိုးတွေကို ပြောရမယ်။ EITI ပွင့်လင်းမြင်သာမှုရှိတယ်။ ဒါပေမဲ့ စာရင်းဇယားပေါ်မှာပဲ ပွင့်လင်းမြင်သာရှိတာဖြစ်လိမ့်မယ့်။ တကယ့်မြေပြင်မှာ ပွင့်လင်းမြင်သာမှုမရှိရင် လုပ်ရတာ အလကားပဲ။ လက်တွေ့မြေပြင်ကပြဿနာကို ရှင်းချင်တာ။ ဒီနေ့ အချိန်ထိ အဲဒီအခြေအနေကိုမရောက်သေး ဘူး။ MATA က ဥပမာအားဖြင့် ကရင်ပြည်နယ်မှာ ကျောက်မီးသွေးက ဘာဖြစ်တယ်ဆိုပြီး တင်လာရင် သယံဇာတနဲ့ပတ်သက်ဆက် နွှယ်လာတာနဲ့ အစည်းအဝေးမှာ တင်မှာပဲ။ ဒါမြေပြင်မှာတော့ ဘယ်လိုဖြစ်နေတယ်၊ ဘယ်သူတွေကို တရားစွဲဖို့ပြင်နေတယ် ပြောရင် အတင်မခံဘူး။ အဓိကအားနည်းချက်က အားနည်းတာပေါ့။ ဒီအခင်းအကျဉ်းက ဘာနဲ့ တူနေလဲဆိုတော့ လက်ရှိအစိုးရက EITI ကို ပြည်သူတွေသိအောင်လုပ်ဖို့လိုတယ်။ ကျွန်မတို့ပြောတဲ့ ဒေသခံလူထုတွေ ဆင်းရဲဒုက္ခ ရောက်ရတယ်။ အခု ရေကြီးတယ်။ မဆိုင်ဘူးလို့ ဘယ်လောက်ငြင်းငြင်း ဆိုင်တယ်။ လုပ်ငန်းရှင်တွေက ဒါကသစ်တောကြောင့်လို့ ပြောတယ်။ ဖားကန့်မြေစာပုံပြိုတာတွေ လူသေတယ်။ ဒါတွေကိုလည်း မဖြေရှင်းနိုင်ဘူး။ နောက်တစ်ချက် ဥရုချောင်းထဲကို မြေစာတွေကျတယ်။ အောက်ဘက်တွေအထိ ရေလမ်း ကြောင်းတွေ ပြောင်းသွားပြီးတော့ ဒီဟာတွေ အထိ စဉ်းစားစေချင်တာ။ သတ္တုတူးလို့ ရေ ကြီးတာမဟုတ်ဘူးဆိုတာက အဖြေမဟုတ်ဘူး။

 

■ မေး     –         အခုအစီရင်ခံစာတွေမှာ ဘယ်လို လိုအပ်ချက်တွေ ရှိသေးလဲ။ ပြည့်စုံတဲ့အစီရင်ခံစာဖြစ်အောင် ဆောင်ရွက်ဖို့ရှိလဲ။

ဖြေ      –         လုပ်ငန်းလိုအပ်ချက်တွေကတော့ အများကြီး ရှိတယ်။ ကျွန်မတို့ရေနံမှာဆိုရင် ကမ်းလွန်လုပ်ကွက်ကဟာတွေ ၀င်လာတယ်။ ဒါပေမဲ့ ကုန်းတွင်းကဟာတွေက ပြည်တွင်းကို ရောင်းတယ်ပြောပေမဲ့ ဘယ်လိုဈေးနဲ့ ရောင်းတာလဲ၊ ဘယ်လိုသူတွေကို ရောင်းတာလဲဆိုတာကို လုံးဝမဖော်ပြဘူး။ ကျွန်မတို့ကလည်း တိုက်တွန်းတယ်။ ဒါပေမဲ့ ဒီနေ့အချိန်ထိ မဖော်ပြသေးဘူး။ အဲဒါက ပွင့်လင်းမြင်သာမှု မရှိဘူး။ ကိုယ့်ပြည်တွင်းကိုရောင်းရောင်း ပြည်သူတွေသိသင့်တယ်။ ကျောက်မျက်နဲ့ ကျောက်စိမ်းကဏ္ဍမှာလည်း တွင်းဝခွန်တွေ လိုက်ကြည့်တဲ့အခါမှာ တွင်းဝခွန်တွေကို တချို့ ကုမ္ပဏီက အများကြီးဆောင်ထားပေမဲ့ တချို့ကုမ္ပဏီတွေက နည်းနည်းလေးပဲ ဆောင်ထားတယ်။ အဲဒါတွေကို ရှင်းသင့်တယ်။ ကျွန်မတို့ အများကြီးလုပ်ရဦးမှာပါ။ ကျောက်စိမ်းနဲ့ ကျောက်မျက်ကထွက်တာက တရုတ်ပြည်ကို ရောက်တဲ့ အချက်အလက်နဲ့ ကျွန်မတို့ရဲ့ အချက်အလက်က တော်တော်လေးကို ကွာပါ တယ်။ အဲဒီကိစ္စကိုလည်း NRGI က ထုတ်ပြန်လိမ့်မယ့်။ ကဏ္ဍတော်တော်များများမှာ ကွာနေတယ်။ တကောင်းနီကယ်စက်ရုံကလည်း အရှုံးပြနေတဲ့အခြေအနေဖြစ်နေတယ်။ ဒီဟာတွေနဲ့ပတ်သက်ပြီး မြေပြင်နဲ့ ဘယ်လို ချိတ်ဆက်ဆောင်ရွက်ရမလဲဆိုတာကို စဉ်းစားဖို့လိုတာပေါ့။ နောက်အစီရင်ခံစာမှာ အဲဒါမျိုးတွေပါမယ်။ နောက်အစီရင်ခံစာမှာ ဘာတွေလုပ်ရမလဲဆိုတော့ ဇယားတွေ ကြည့်လိုက်တဲ့အခါမှာ ကျောက်စိမ်းလုပ်ကွက် အ များဆုံးရထားတဲ့ တချို့ကုမ္ပဏီတွေက အခွန်ပေးထာတဲ့အထဲမှာ မပါဘူးဖြစ်နေတယ်။ လုပ်ကွက်အများဆုံးသူတွေကော အခွန် အများဆုံးဆောင်တဲ့သူတွေကော အဲဒါတွေ ကို ထည့်မယ်ဆိုရင် ထောင့်စုံသွားမယ်။

 

■ မေး     –         လက်နက်ကိုင်အဖွဲ့အစည်းတွေက သယံဇာတတွေကို ထိန်းချုပ်ထားတာတွေနဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းဆောင်ရွက်သင့်သလဲ။

ဖြေ      –         တကယ်တော့ ကျွန်မတို့နိုင်ငံက သယံဇာတရှိနေလို့ပဲ ပဋိပက္ခရှည်တာ။ ပွင့်ပွင့်လင်း လင်းပြောရရင် လက်နက်ကိုင်အဖွဲ့အစည်း၊ စစ်တပ်ရယ်လို့မဟုတ်ဘဲနဲ့ သယံဇာတကြောင့် ဖြစ်နေတဲ့အပေါ်မှာ သူတို့လည်း ပြန်စဉ်းစားသင့်တယ်။ နှစ်ဖက်ဖြစ်တာကိစ္စမရှိဘူး။ ကြားထဲက မြေစာပင်၊ ဒေသမှာရှိတဲ့သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။ တစ်ချိန်လုံး ပြေးပြီး၊ ကိုယ့်လယ်ယာမြေတွေ စွန့်ပြီးပြေး နေရာတာဖြစ်တဲ့အတွက် ဒါတွေအပေါ်မှာလည်း သေချာဆွေးနွေးသင့်တယ်။ ငြိမ်းချမ်း ရေးပွဲလုပ်တဲ့အပေါ်မှာလည်း သယံဇာတ ပေါ်ကနေပြီးတော့ နှစ်ဦးနှစ်ဖက်အကျိုးရနေ တာကို ဘယ်လိုလုပ်ကြမလဲ။ နှစ်ဦးနှစ်ဖက်ပဲ အကျိုးရနေတာထက် နိုင်ငံအတွက်၊ ပြည်သူ အတွက် ဘယ်လိုအကျိုးရအောင် စဉ်းစားမလဲ ဆိုတာကို စဉ်းစားသင့်တယ်။ ပြီးခဲ့တဲ့တစ်ပတ်က KNU ဗဟိုစီးပွားရေးကော်မတီနဲ့ EITI အစီရင်ခံစာအကြောင်း လာပြောပေးပါလို့ တရားဝင်ဖိတ်တယ်။ ဖိတ်တော့ သွားပြောကြတယ်။ သွားပြောတဲ့အခါမှာလည်း ဒီလိုပဲ ဘယ်သူ့ဘယ်သူကို အပြစ်တင်ခြင်းထက် သယံဇာတကဏ္ဍနဲ့ပတ်သက်ပြီး ဖြစ်စဉ်တွေကြည့်လိုက်ရင် အကျင့်ပျက်ခြစားမှုတွေ တွေ့ရ တယ်။ အခွန်ရှောင်တိမ်းမှုတွေ၊ နိုင်ငံတော်အတွက် ဘဏ္ဍာငွေတွေ ဥပမာအားဖြင့် ကျောက်မျက်ဆိုရင် ၀င်လာတဲ့အချက်အလက်တွေ ထက် ထွက်သွားတာကများတယ်။ အစီရင်ခံစာထဲမှာ ပြောပြောမပြောပြော ဒီလိုထွက်သွားလို့ရအောင်ကလည်း လက်နက်ကိုင်တွေကပဲ ကူညီကြတာများတယ်။ ဒါတွေအပေါ်မှာ အားလုံးက နိုင်ငံအတွက် ပြည်သူအတွက်ဆို ပြီးတော့ လက်နက်ကိုင်အဖွဲ့တွေအားလုံးက စဉ်းစားသင့်တယ်။

 

■ မေး     –         လက်ရှိအစိုးရက သယံဇာတတွေနဲ့ ပတ်သက်ပြီး ထိန်းချုပ်မှုအပိုင်းက ယခင်အစိုးရနဲ့နှိုင်းယှဉ်ရင် အားနည်းမှုရှိလား၊ အားသာမှုရှိလား။ အစိုးရအနေနဲ့ သယံဇာတတွေ ထိန်းချုပ်ကာကွယ်ဖို့ ဘယ်လိုဆောင် ရွက်သင့်သလဲ။

ဖြေ      –         ပြီးခဲ့တဲ့အစိုးရလက်ထက်မှာတုန်းက ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မတို့နိုင်ငံ ရဲ့ပြဿနာက သယံဇာတပေါ်မှာ မူတည်တယ်။ ၂၀၁၀ အစတုန်းက အရင်အစိုးရက ပိုက်ဆံမထားခဲ့ဘူးဆိုပြီး ဒါကြောင့်လည်း သယံဇာတတူးရမယ်ဆိုပြီးတော့ ရေနံတွင်း တွေအများကြီးတူးလိုက်တယ်။ အခုအစိုးရလက်ထက်မှာတော့ သယံဇာတကဏ္ဍသည် ပြည်သူလူထုကို ဒုက္ခပေးပါတယ်လို့ပြောတာ ဖြစ်တဲ့အတွက်ကြောင့် တားတော့တားလိုက်သေးတယ်။ စစချင်းပေါ့၊ မြေပြင်ရဲ့ပြဿနာကို ထည့်သွင်းစဉ်းစားမှုအားနည်းတယ်။ ပြည်သူ့အသံနားထောင်တာကတော့ အရင်အစိုးရနဲ့ ဒီအစိုးရအတူတူပဲ မကွဲဘူး။ ဘယ်အရာကို ပြည်သူ့အသံကိုနားထောင်ပြီး ရပ်လိုက်ပါ တယ်ဆိုတာကိုတော့ ကျွန်မတော့ မတွေ့သေးဘူး။ သတ္တုတွင်းကုမ္ပဏီတော်တော်များများက တကယ်ဥပဒေအတိုင်းမလုပ်ဘူး။ စာချုပ်စာတမ်းအတိုင်း မလုပ်ဘူးဆိုတာ သေချာတယ်။ ဒီနေ့အချိန်ထိ ဘယ်ကုမ္ပဏီကို အရေးယူနေတယ်ဆိုတာမရှိဘူး။ ဥပဒေလုပ် ထုံးလုပ်နည်းတွေ လိုက်နာအောင်ကလည်း အရေးယူမှကိုဖြစ်မယ်။ လုပ်ငန်းရှင်တွေ တော်တော်များများကလည်း လုပ်ပိုင်ခွင့်ရသွားပြီ ဆိုရင် အုပ်ချုပ်ရေးအာဏာပိုင်နဲ့ ပေါင်းပြီးတော့ ငါတို့လိုင်စင်ရထားပြီး တရားဝင်မိုက် ကြေးခွဲခွင့်ရထားတဲ့ပုံစံဖြစ်နေတာ တော်တော်များများတွေ့ရတယ်။ အဲဒီလိုဖြစ်နေတဲ့ အတွက် တရားဥပဒေစိုးမိုးဖို့ အရမ်းလိုတယ် ဥပဒေအတိုင်း တိတိကျကျ အရေးယူဖို့လိုတယ်။ ဒီဟာတွေလုပ်မပြဘဲနဲ့တော့ နောက်ထပ် သတ္တုတွင်းလိုင်စင်တွေချ မြေပြင်မှ ဒီထက်ပိုများတဲ့ ပြဿနာတွေပဲရှိလာမယ်။ ယနေ့အချိန်ထိလဲ ပြဿနာတွေ ဖြေရှင်းလို့ ပြီးတာမှ မဟုတ်တာ။

ကိုစည်သူမောင်နှင့် ဆက်သွယ်မေးမြန်းခြင်း. . .

“ဘယ်အချိန်ခေါ်မလဲဆိုတဲ့ အဖြေရကျပ်တဲ့မေးခွန်းတွေ မမေးပါနဲ့တဲ့။ သူတို့ လုပ်ဆောင်နေတဲ့အရာတွေကို ရှင်းပြမယ်။ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပြမယ်။ သူတို့ကို ဘယ်အချိန် ပြန်ထုတ်နိုင်မလဲဆိုတာက သူတို့မှာ အဖြေမရှိသေးဘူး”

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထမ့်လွမ်ဂူတွင် တောဝက်ဟု အမည်ရသည့် ဒေသခံဘောလုံးအသင်းမှ ဘောလုံးသမားကလေးငယ် ၁၂ ဦးနှင့် နည်းပြဆရာတစ်ဦးတို့ ပိတ်မိလျက်ရှိသည်။ ဇွန် ၂၃ ရက်မှစ၍ ပျောက်ဆုံးလျက်ရှိသည့် ၎င်းတို့အား ထိုင်းအာဏာပိုင်များမှ ဂူအတွင်း ရှိနိုင်သည်ဟုယူဆလျက် ရှာဖွေခဲ့ကြသည်။ ၁၀ ရက်ခန့်အကြာတွင် ၎င်းတို့အား ဂူဝမှ ၃ ဒသမ ၈ မိုင်အကွာ ပတ္တယားကမ်းခြေတွင် ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇွန် ၂၄ ရက်မှ စတင်ကာ ဂူဝတွင်စောင့်ဆိုင်းပြီး လူမှုကွန်ရက် Facebook စာမျက်နှာတွင် သတင်းများတင်ပေးနေသည့် ကိုစည်သူမောင်အား The Daily Eleven သတင်းစာက ဇူလိုင် ၇ ရက်တွင် ဆက်သွယ် မေးမြန်းခဲ့ပါသည်။

■ မေး – ဒီနေ့မှာ ကလေးတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာများထူးခြားသေးလဲ ခင်ဗျ။

ဖြေ – ဒီနေ့အခြေအနေကတော့ သိပ်ထူးခြားမှု မရှိသေးပါဘူး။ အားရကျေနပ်ဖွယ် မရှိသေးဘူး။

■ မေး – အခုလက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဘက်က ဘာတွေများထပ်ပြီး ထုတ်ပြန်ထားပါသလဲ။

ဖြေ – သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာတော့ ဒီကလေးတွေကို ရေလမ်းကြောင်းကနေ ပြန်ခေါ်ထုတ်လာဖို့ဆိုတာ လုံးဝတော့ မဖြစ်နိုင်ဘူး။ အဲဒီတစ်ချက်ပေါ့။ သို့သော် ရာသီဥတုကောင်းမယ် ဆိုလို့ရှိရင်တော့ ရေတွေကို တောက်လျှောက်လည်း စုပ်ထုတ်တယ်။ တောင်ပေါ်မှာရှိတဲ့ ဂူထဲကိုဝင်မယ့် စမ်းချောင်းတွေကိုလည်း လွှဲပေးနေတယ်။ ဒါပေမဲ့ တောင်ပေါ်မှာ မိုးမရွာပေမယ့် ဒီဘယ်လိုခေါ်မလဲ အရင်ရက်တွေက မိုးရွာထားတဲ့အတွက်ကြောင့် သဘာဝ မြေအောက်စမ်းချောင်းတွေက တောက်လျှောက်စိမ့်ဝင် စီးဆင်းနေတာများတယ်။ အဲဒီအခါကျတော့ နံပါတ် ၁ က တောင်ပေါ်မှာရှိတဲ့ ဂူပေါက်ကယ်ပေါက်တွေကို လိုက်ရှာတော့ အပေါက် ၁၀၀ လောက်တွေ့တယ်။ အပေါက် ၁၀၀ လောက် တွေ့ပေမယ့် ၁၈ ပေါက်လောက်ပဲ ဂူအောက်ကို ထိုးဖောက်တဲ့ အပေါက်လောက်ပဲပေါက်တယ်။ ဒါပေမဲ့ အဲဒီအပေါက်တွေလည်း ဒီကလေးတွေရှိနေတဲ့ လိုဏ်ဂူနဲ့ တိုးလျှိုပေါက် မဖြစ်ဘူး။ တွေ့တဲ့အပေါက်တွေကလည်း ပေ ၁၂၀၀ လောက်ပဲ ရှိတယ်။ ပေ ၁၂၀၀ လောက်ပဲရှိတော့ အောက်ကို ထပ်ဖောက်ဖို့ကလည်း ခက်ခဲတယ်။ နောက်တစ်ခုက ချီလီနိုင်ငံလိုမျိုးပေါ့။ ချီလီက မိုင်းတွင်း။ ပြီးတော့ သူကမြေပြန့်။ အဲဒီမှာက ရာသီဥတု အတားအဆီး မရှိဘူး။ သူက ဖောက်ပြီးဝင်သွားလို့ ရတယ်။ ချီလီမှာ တစ်ခုသာတာက တည်နေရာကို GPS နဲ့ဖမ်းပြီးကြည့်နိုင်တယ်။ တန်းဖောက်လို့ရတယ်။ ချီလီမှာတောင်မှ တစ်ကီလိုမီတာကို နှစ်လကြာတယ်ပြောတယ်။ ဖောက်တာက။ ဒီမှာက တောတောင်ဖြစ်နေတော့ ကလေးတွေရဲ့နေရာကို GPS ရှာလို့မရဘူး ဖြစ်နေတယ်။ သစ်ပင်တွေ တအားများတယ်။ သဘာဝ အတားအဆီး ကျောက်တုံးတွေ ထုံးကျောက်တွေ များနေတော့ နည်းပညာမြင့်တဲ့ဟာတွေနဲ့တောင် ရှာလို့မရဘူးဖြစ်နေတယ်။ အခုဟာက ကျောက်တောင်ကြီးဆိုတော့ တုတ်နဲ့လိုက်ထိုးသလို ထိုးလို့ကလည်းမရဘူး။ အဲဒီတော့ ကလေးရှိတဲ့နေရာကို သေနတ်ပစ်သလိုနဲ့ ပစ်လိုက်ရင် အများကြီး လွဲချော်သွားမယ်ပေါ့။ သူတို့အတတ်နိုင်ဆုံးကတော့ ရေတွေကို စုပ်ထုတ်နေတယ်။ အဲဒါက သတင်းစာရှင်းလင်းပွဲမှာပြောတာ။ လောလောဆယ်တော့ ရာသီဥတုက ပူနေပေမယ့် ကောင်းကင်မှာတော့ တိမ်မည်းတွေလည်း ရှိနေတယ်။ နောက်ဆုံးအဆင့်အထိတော့ ဘယ်လိုလုပ်မလဲဆိုတာ မသိရသေးဘူး။

■ မေး – အထဲမှာရှိတဲ့ ကလေးတွေအတွက်ရော သူတို့ဘာတွေလုပ်ထားသလဲ။

ဖြေ – ကလေးတွေအတွက်ကတော့ ရိက္ခာတွေ ပို့ထားပြီးပြီ။ ဒါပေမဲ့အဓိက အခက်အခဲဆုံးက အောက်ဆီဂျင်ပဲ။ ကလေးတွေကို ရေကူးဝတ်စုံနဲ့ ခေါ်ထုတ်လာဖို့ဆိုတာက မလွယ်ဘူး။ ပင်လယ်ထဲမှာကျတော့ အပေါ်ကနေနဲ့ အောက်မှာက မြင်ရတယ်။ အခုဟာက ဂူထဲမှာ။ နောက်ပြီးတော့ ဂူလမ်းကြောင်းထဲမှာ စီးနေတဲ့ရေက ကြည်ကြည်လင်လင် မရှိဘူး။ ရေက တောင်ကျရေဆိုတော့ မည်းညစ်ညစ်တွေချည်းပဲ။ နောက်ပြီး ကလေးတွေကို ခေါ်လာရင် အောက်ဆီဂျင် ပေးထားပေမယ့် ကြောက်လန့်သွားရင် လိုအပ်တာ ထက်ပိုပြီးတော့ အောက်ဆီဂျင် ပေးရမယ်ဆိုရင် ကြားထဲက အောက်ဆီဂျင်ပြတ်သွားရင် မနေ့ကလိုပဲ ဖြစ်သွားလိမ့်မယ်။ ဒါတောင် မနေ့က အသက်ဆုံးရှုံးသွားတဲ့သူက ကျွမ်းကျင်တဲ့ ရေကူးသမားနော်။ သူတို့တောင် ဒီလိုအဖြစ်တွေရှိနေတော့ သူတို့ကို ခေါ်လာဖို့က ခက်ခဲတယ်။

■ မေး – အခုလက်ရှိ ဂူအပြင်ဘက်မှာရော ဘယ်လိုလှုပ်ရှားမှုတွေ ရှိနေသလဲ။

ဖြေ – ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကို ဆက်လက်လုပ်ဆောင်နေတယ်။ ရေတွေကိုလည်း စုပ်ထုတ်နေတာပေါ့။ ဒါတောင်မှ တစ်နာရီမှာ တစ်စင်တီမီတာပဲလျော့တယ်။ ရေစတင် စုပ်ထုတ်တဲ့အချိန်ကစပြီး ဒီနေ့ဒီအချိန်အထိ လီတာပေါင်း ၁၂၈ သန်းလောက်တော့ရှိပြီ။ အဲဒီက စုပ်ထုပ်တဲ့ ရေတွေမှန်သမျှကလည်း အနီးအနားမှာရှိတဲ့ လယ်ဧက ၂၆၀၀ လောက်ကို ရေလွှမ်းမိုးနေပြီ။ သတင်းစာ ရှင်းလင်းပွဲမှာကလည်း ထိုင်းအာဏာပိုင်တွေ ပြောသွားတာက ကျွန်တော်တို့ကလေးတွေကို တွေ့ပြီလို့ ၀မ်းသာအားရ ကြေညာလိုက်ပေမယ့် ဒီပျော်ရွှင်မှုက ခဏတာလေးပါပဲတဲ့။ အစစ်အမှန်ပျော်ရွှင်မှုက ကလေးတွေကို ခေါ်ထုတ်နိုင်မှုကသာလျှင် အောင်မြင်မှုပေါ့။ ကလေးတွေကို တွေ့ပြီဆိုပြီး ဗီဒီယိုကလစ်ကို ထုတ်ပြန်နိုင်ပေမယ့် စစ်ပွဲသေးသေးလေးကို အောင်မြင်တာပဲ ရှိသေးတယ်တဲ့။ တွေ့ပြီးကတည်းက တစ်ရက်တစ်ရက် အစည်းအဝေးတွေကို တစ်ခါတစ်ခါလုပ်ရင် လေးနာရီကြာအောင် လုပ်ရတယ်တဲ့။ ဒီကလေးတွေကို ဘယ်လိုကယ်ထုတ်ရမလဲဆိုတာက သူတို့အတွက် ခေါင်းမီးတောက်နေပါတယ်တဲ့။ ဘုရင်ကြီးကလည်း သူတို့ကို မြန်မြန်ခေါ်ထုတ်ဖို့ ပြောထားတာဆိုတော့ သူတို့ကိုယ်တိုင်က ဘယ်အချိန်ခေါ်မလဲဆိုတဲ့ အဖြေရကျပ်တဲ့ မေးခွန်းတွေ မမေးပါနဲ့တဲ့။ သူတို့ လုပ်ဆောင်နေတဲ့အရာတွေကို ရှင်းပြမယ်။ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပြမယ်။ သူတို့ကိုဘယ်အချိန် ပြန်ထုတ်နိုင်မလဲဆိုတာက သူတို့မှာ အဖြေမရှိသေးဘူးပေါ့နော်။ ဒါပေမဲ့ ဒီကလေးတွေရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးကိုတော့ စိတ်ချ။ ကောင်းကောင်းမွန်မွန် ပြည့်စုံတဲ့ အခြေအနေမှာ ထားထားတယ်ဆိုတာ ပြောတယ်။ နောက်ပြီး အထဲမှာလည်း အောက်ဆီဂျင်ဘူးတွေကိုလည်း တစ်နေရာနဲ့ တစ်နေရာ ၂၅ ပေအကွာမှာ ထားထားတယ်။ နောက်ပြီး ရေငုပ်တဲ့သူတွေကိုလည်း လျှော့ချမယ်။ အထဲမှာ အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို မျှတအောင် လုပ်မယ်တဲ့။

■ မေး – မြန်မာနိုင်ငံသား ကလေးနှစ်ယောက်ပါတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ် အစ်ကို။ အဲဒါနဲ့ပတ်သက်ပြီးလည်း ပြောပေးပါဦး။

ဖြေ – မြန်မာနိုင်ငံသားဆိုတာက ဒါကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာမှာ မွေးတယ်။ ဒီဘက် (ထိုင်း) မှာ ကြီးပြင်းလာတယ်။ နောက်တစ်ခါက ဒီဘက်မှာ နိုင်ငံသား ခံယူထားသလားဘာလား ဆိုတာက အစ်ကိုတို့ တိတိကျကျ ပြောလို့မရဘူး။ ဒီမှာက ဘာမှပြဿနာ မရှိဘူး။ လူကို လူလို့ပဲမြင်တယ်။ ကယ်ထုတ်ဖို့ပဲ လုပ်တယ်။ ပြီးတော့ ဒါနဲ့ပတ်သက်ပြီး အာဏာပိုင်တွေကလည်း အတည်ပြုပြောကြားတာ မရှိဘူး။

■ မေး – အခုလာကူညီတဲ့သူတွေကိုရော ဘယ်လို ကူညီထောက်ပံ့မှုတွေ ပေးနေသလဲ။

ဖြေ – အကုန်လုံးကတော့ တိုက်ရိုက်လွှင့်တဲ့အထဲမှာလည်းပါတယ်။ ကူညီတဲ့သူတွေ ဘာဖြစ်ချင်လဲ။ ဘာလုပ်ချင်လဲ အကုန်ဖြည့်ဆည်းပေးတယ်။ မိန်းကလေးတွေအတွက် အပေါ့အပါးသွားနိုင်ဖို့ Mobile Toilet က အစရှိတယ်။ ဘာမှ လိုလေသေးမရှိဘူး။ ခေါင်းလျှော်ချင်သလား၊ ခေါင်းညှပ်ချင်သလား။ လက်ဆေးဂျယ်လီတွေကအစ ရှိတယ်။ အကုန်အစုံရှိတယ်။ ဆေးဝါး၊ လူသုံးကုန်အစရှိတယ်။ စားချင်တာလဲ ဘာစားချင်သလဲ။ ရေသန့် ကားတွေဆိုလည်း မနည်းဘူး။ တစ်ရက်ကို ရေသန့်ဘူး ၄၀၀၀ ထုတ်လို့ရတဲ့ကားတွေ လာရပ်ပေးထားတာ။ ဘာမှလိုလေသေးမရှိဘူး။ သတင်းသမားတွေအတွက် ဆိုရင်လည်း ၀ိုင်ဖိုင်တွေ လွှတ်ပေးထားတယ်။ မီးပါဝါကြိုးတွေကအစ အကုန်လုပ်ပေးထားတယ်။ တစ်ခုပဲရှိတယ်။ ကန့်သတ်နေရာတွေရှိမယ်။ အမှိုက်မပစ်ရတဲ့နေရာတွေရှိတယ်။ အဲဒါလေးပဲရှိတယ်။

■ မေး – အစ်ကို့အနေနဲ့ ဒီဖြစ်စဉ် စဖြစ်ကတည်းက ရောက်ရှိနေခဲ့တာဆိုတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကိုယ့်နိုင်ငံအစိုးရအတွက် ဘာများပြောချင်ပါသေးလဲခင်ဗျ။

ဖြေ – အထွေအထူး မရှိပါဘူး။ ဒီဖြစ်စဉ် စဖြစ်ကတည်းက လာအိုနိုင်ငံဆိုရင် ကျွမ်းကျင်သူ သုံးယောက်ပို့ထားတယ်။ ဖိလစ်ပိုင်ဆိုရင်လည်း ပို့ထားတယ်။ တရုတ်ပါတယ်။ ဒတ်ခ်ျပါတယ်။ ယူကေပါတယ်။ သြစတြေးလျပါတယ်။ အစုံပဲ။ အစ်ကိုတို့ မြန်မာနိုင်ငံဆိုတာက ကျောချင်းကပ်နေတဲ့ နိုင်ငံတွေ။ မိတ်ဆွေတွေပဲလေ။ အစ်ကိုတို့အစိုးရအနေနဲ့ကလည်း ဒါမျိုးနဲ့ပတ်သက်ပြီး သဘာဝဘေးတွေကို ဘယ်လိုကျော်ဖြတ်ရမလဲ ဆိုတာက အတွေ့အကြုံရအောင် သုံးယောက်၊ ဒါမှမဟုတ် လေးယောက်လောက် လွှတ်ပေးစေချင်တယ်။ ရေငုပ်ကျွမ်းကျင်တဲ့သူတွေပဲဖြစ်ဖြစ် ကယ်ဆယ်ရေးကျွမ်းကျင်သူတွေပဲဖြစ်ဖြစ် လွှတ်ပေးစေချင်တယ်။ ဒါကဘာပဲပြောပြော ဒီဖြစ်စဉ်က အတွေ့အကြုံ အများကြီးရမှာ ကျိန်းသေတယ်။ ဒီဖြစ်စဉ်က ကမ္ဘာမှာ တစ်ခါမှ မဖြစ်ဖူးသေးတဲ့ ဖြစ်စဉ်ပဲ။ နိုင်ငံခြားပညာရှင်တွေကလည်း ပြောကြတယ်။ ချီလီမှာ ဖြစ်တာက မိုင်းတွင်း။ ဒါကသဘာဝဂူ။ မိုင်းတွင်းက အောက်ထဲမှာ လူ ၁၀၀ လောက် နေလို့ရတယ်။ ဒီမှာက နေရာကလည်း အများကြီး မရှိဘူး။ အစ်ကိုပြောချင်တာကတော့ အဲဒါပဲ။ ကိုယ့်နိုင်ငံက စောစောရောက်လာမယ်ဆိုရင် ချစ်ကြည်ရေးအတွက်လည်း ကောင်းတယ်။ ကိုယ်တွေအတွက်လည်း အတွေ့အကြုံ ကောင်းကောင်းရမယ်။ ဘယ်လိုပဲပြောပြော မိတ်ဆွေနိုင်ငံအတွက်လည်း ကောင်းတယ်။