မြောက်အမေရိက၏ ၀င်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် Venom ဆက်လက်ရပ်တည်

First Man ရုပ်ရှင်မှ ဇာတ်ဝင်ခန်းတစ်ခု (Photo: AP)

ဆိုနီမှထုတ်လုပ်သော စူပါဟီရိုးရုပ်ရှင် Venom သည် ပြီးခဲ့သည့် သီတင်းပတ်ကလည်း မြောက်အမေရိကဒေသ၏ ၀င်ငွေအကောင်းဆုံးရုပ်ရှင် ၁၀ ကားစာရင်းတွင် ထိပ်ဆုံး၌ ထပ်မံရပ်တည်ခဲ့သည်။ ဒုတိယမြောက် ၀င်ငွေအများဆုံးရုပ်ရှင်အဖြစ် ပြီးခဲ့သည့် သီတင်းပတ်ကကဲ့သို့ပင် A Star is Born က ရပ်တည်ခဲ့သည်။

ပြင်းပြင်းထန်ထန် ဝေဖန်မှုများရရှိထားသည့်ကြားမှ Venom သည် ပြီးခဲ့သောသီတင်းပတ်၏ နောက်ဆုံးသုံးရက်အတွင်း ၀င်ငွေ ဒေါ်လာ ၃၅.၇ သန်းရရှိခဲ့ပြီး နိုင်ငံတကာ၌ ပြသရာတွင် ဒေါ်လာ ၆၉.၇ သန်း ရရှိခဲ့သည်။ အပြုသဘောဆောင်သည့် ဝေဖန်မှုများ ရရှိထားသော ဘရက်ဒလေကူးပါး၏ A Star is Born မှာ ၀င်ငွေ ဒေါ်လာ ၂၈ သန်း ရရှိခဲ့သည်။

Venom သည် စတင်ထွက်ရှိချိန်မှစပြီး မြောက်အမေရိကဒေသတစ်ခုတည်းမှာပင် ၀င်ငွေဒေါ်လာ ၁၄၂.၈ သန်း ရရှိထားပြီ ဖြစ်သည်။

လကမ္ဘာသို့ ၁၉၆၉ ခုနှစ်က ပထမဆုံး ခြေချခဲ့သည့် အမေရိကန်အာကာသယာဉ်မှူး နေးလ်အမ်းစထရောင်း၏ အကြောင်းကို ရိုက်ကူးထားသော First Man ရုပ်ရှင်ကားသစ်မှာမူ ပွဲဦးထွက်သီတင်းပတ်တွင် ၀င်ငွေဒေါ်လာ ၁၆.၅ သန်းရရှိပြီး စာရင်း၏ တတိယနေရာ၌ ရပ်တည်နေသည်။ ထိုရုပ်ရှင်၌ ရိုင်ယန်ဂိုစလင်းက နေးလ်အမ်းစထရောင်းနေရာမှ ပါဝင်သရုပ်ဆောင်ထားသည်။ ရုပ်ရှင် သုံးသပ်ရေးဝက်ဘ်ဆိုက် rottentomatos တွင် ၈၈ ရာခိုင်နှုန်းအထိ ရရှိထားသည့် First Man သည် ဒေါ်လာသန်း ၆၀ နီးပါး အကုန်အကျခံ ရိုက်ကူးထားခြင်းဖြစ်ပြီး နိုင်ငံတကာ၌ ပြသရာတွင် ၀င်ငွေဒေါ်လာ ၂၅ သန်း ရရှိထားသည်။ First Man ရုပ်ရှင်သည် လူကြီးပိုင်းပရိသတ်ကို ရည်ရွယ်ထားခြင်းဖြစ်ပြီး စတင်ပြသသည့် သီတင်းပတ်တွင် လူများစုပြုံ ၀င်လာမည်ကို မမျှော်လင့်ထားကြောင်း၊ First Man သည် တာတိုပြေးပွဲမဟုတ်ဘဲ မာရသွန်ပြေးပွဲဖြစ်လိမ့်မည်ဖြစ်ကြောင်း ထိုရုပ်ရှင်ကို ထုတ်လုပ်သည့် Universal က ဆိုသည်။ First Man ၏ ဒါရိုက်တာမှာ အော်စကာဆုရှင် ဒါမီယန်ချာဇယ်လီဖြစ်သည်။

စာရင်း၏ နံပါတ်လေးနေရာတွင် ရှိနေသည်မှာ ဆိုနီမှပင်ထုတ်လုပ်သည့် Goosebumps 2: Haunted Halloween ဖြစ်သည်။ မိသားစုလိုက်ကြည့်ရှုရန် သင့်တော်သော အဆိုပါ နောက်ဆက်တွဲရုပ်ရှင်သည် R.L.Stine ၏ ကလေးများအတွက် စာအုပ်စီးရီးကို အခြေခံရိုက်ကူးထားခြင်းဖြစ်ကာ ၀င်ဒီမက်လန်ဒန်-ကိုဗေးနှင့် မက်ဒီဆန်အိုင်ဆီမန်းတို့က ပါဝင်သရုပ်ဆောင်ထားသည်။

ဝင်ငွေအများဆုံးစာရင်း၏ ပဉ္စမနေရာတွင် ရှိနေသည်မှာ Warner Bros မှ ထုတ်လုပ်သော အန်နီမေးရှင်းရုပ်ရှင်ဖြစ်သည့် Smallfoot ဖြစ်ပြီး ၀င်ငွေဒေါ်လာ ၉.၃ သန်း ရရှိခဲ့သည်။

Angry Birds ဂိမ်းကို ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးရန် စီစဉ်နေ

ရေပန်းစားသည့် ဗီဒီယိုဂိမ်းတစ်ခုဖြစ်သည့် Angry Birds ကို အခြေခံပြီး ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရန် စီစဉ်နေသည်ဟု ယင်းဇာတ်လမ်းတွဲကို ဖြန့်ချိမည့် Cake ကုမ္ပဏီက အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဒေါသကြီးသည့် ရောင်စုံငှက်များက ၎င်းတို့၏ဥများကို အစိမ်းရောင်ဝက်များထံမှ ကာကွယ်သည့်အကြောင်း ဖန်တီးထားသည့် Angry Birds ဂိမ်းကိုရုပ်ရှင်ဇာတ်ကား အဖြစ်လည်း ရိုက်ကူးခဲ့ဖူးသည်။

Angry Birds ဂိမ်းကို တီထွင်ခဲ့သည့် ဖင်လန်အခြေစိုက် Rovio Entertainment က ယင်းဂိမ်းတွင် ပါဝင်သည့် ဇာတ်ကောင်များကို အခြေခံပြီး ဇာတ်လမ်းတွဲအဖြစ် ချဲ့ထွင်ရိုက်ကူးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ယင်းဇာတ်လမ်းတွဲတွင် ဇာတ်လမ်းပိုင်း မည်မျှပါဝင်မည်ကိုမူ ဗြိတိန်အခြေစိုက်ဖြန့်ချိရေးကုမ္ပဏီ Cake က မထုတ်ပြန်ခဲ့ပေ။ Cake သည် ယင်းဇာတ်လမ်းတွဲဖြန့်ချိရေး အတွက် Rovio နှင့် ဇွန်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

Angry Birds ဒုတိယဇာတ်ကားကို ၂၀၁၉ ခုနှစ် စက်တင်ဘာ တွင်ဖြန့်ချိရန် စီစဉ်ထားသောကြောင့် ယင်း ဇာတ်လမ်းတွဲကို ၂၀၂၀ ပြည့် နှစ်မှသာ ထုတ်လွှင့်နိုင်ခြေရှိသည်။ ၂၀၁၆ ခုနှစ် မေက ဖြန့်ချိခဲ့သည့် ပထမဆုံး The Angry Birds Movie ဇာတ်ကားသည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေဒေါ်လာ သန်း ၃၀၀ ကျော် ရရှိခဲ့သည်။

Angry Birds ဂိမ်းသည် Download လုပ်သည့်အကြိမ် အရေအတွက် လေးဘီလျံကျော်ရှိသည်အထိ အောင်မြင်မှုရရှိခဲ့သည်။ Angry Birds Challenge ဟု အမည်ပေးထားသည့် လူအစစ်များဖြင့် ကစားသည့် Angry Birds ဂိမ်းအစီအစဉ်ကို တီထွင်ရန်အတွက် Rovio က ယခုနှစ်အစောပိုင်းတွင် Big Fish Entertainment နှင့် ပူးပေါင်းခဲ့သည်။ Angry Birds ဂိမ်းသည် ရုပ်ရှင်ဇာတ်ကားနှင့် ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးရုံသာမက ကာတာတွင် Angry Birds World အပန်းဖြေဥယျာဉ်တစ်ခု ဖွင့်လှစ်သည်အထိ အောင်မြင်မှု ရရှိခဲ့သည်။

ထိပ်တန်းဒီဂျေများ ပါဝင်မည့် Gods Music Festival EDM ဖျော်ဖြေပွဲ သီတင်းကျွတ်လပြည့်ညတွင် Waterboom ၌ ပြုလုပ်မည်

ထိပ်တန်းဒီဂျေများပါဝင်မည့် Gods Music Festival EDM ဖျော်ဖြေပွဲအား သီတင်းကျွတ်လပြည့်ည၌ ရန်ကုန်မြို့ Waterboom တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဖျော်ဖြေရေးအစီအစဉ်တွင် ဒီဂျေ Double U၊ Kendrick-K၊ Kendi-K၊ NEDNZ၊ Marvis စသည့် ဒီဂျေများပါဝင်မည်ဖြစ်ကာ Mikis Weber က Host အဖြစ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ဒီပွဲက ပြည်တွင်းက ထိပ်တန်းဒီဂျေတွေ ပါဝင်တဲ့ပွဲပါ။ ဒီဂျေတွေက နိုင်ငံတကာ EDM Festival တွေမှာ ပါဝင်တင်ဆက်နေသူတွေလည်း ဖြစ်ပါတယ်။ သူတို့က အမြူးကြွဆုံး သီချင်းတွေနဲ့ တင်ဆက်ပေးကြပါမယ်။ သီတင်းကျွတ်လပြည့်ညမှာ ပျော်ပွဲရွှင်ပွဲအနေနဲ့ ပါဝင်ဆင်နွှဲနိုင်မှာပါ။ လာရောက် အားပေးကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်” ဟု အဆိုပါ ဖျော်ဖြေပွဲအတွက် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Gods Music Festival EDM ဖျော်ဖြေပွဲတွင် ဂျာမန်နိုင်ငံသား သရုပ်ဆောင် Mikis Weber က Host အဖြစ် ပါဝင်ဆောင်ရွက်ပေးမည်ဖြစ်သည်။ ဖျော်ဖြေတင်ဆက်မှုများအား ညနေ ၆နာရီခန့်တွင် စတင်မည်ဖြစ်ကာ ပါဝင်သည့်ဒီဂျေများက အပိုင်းများခွဲ၍ တင်ဆက်သွားရန် စီစဉ်ထားကြောင်း သိရသည်။ ယင်းဖျော်ဖြေပွဲအတွက် လက်မှတ်များကိုလည်း ရောင်းချလျက်ရှိကာ လက်မှတ်နှုန်းထားများအား GA- ကျပ်တစ်သောင်းငါးထောင်နှင့် VIP သုံးသောင်းငါးထောင်ဟု သတ်မှတ်ထားကြောင်း သိရသည်။

Gods Music Festival တွင် ပါဝင်မည့်ဒီဂျေများမှာ ပြည်တွင်းတွင် လာရောက်ကျင်းပလျက်ရှိသည့် EDM Festival များတွင်သာမက ပြည်ပနိုင်ငံများတွင် ကျင်းပလျက်ရှိသော EDM Festival များတွင်ပါ သွားရောက်တီးခတ်ခွင့် ရရှိထားသူများဖြစ်သည့်အပြင် ပြည်တွင်းမှ ပရိသတ်များနှင့် ရင်းနှီးမှုရရှိထားပြီးသူများဖြစ်ကြောင်း သိရသည်။

သီတင်းကျွတ်ကာလတွင် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီးနှင့် မြို့ကြီးများ၌ ဖျော်ဖြေပွဲများ ပြုလုပ်ရန် စီစဉ်ထားကြပြီး ယင်းဖျော်ဖြေပွဲများအတွက် လက်မှတ်များကိုလည်း ရောင်းချလျက်ရှိကာ ယခုဖျော်ဖြေပွဲလည်း ပါဝင်ကြောင်း သိရသည်။

သရုပ်ဆောင်တေးသံရှင်မိုရီဆာကီဝင်း၊ သရုပ်ဆောင်အရိုင်း၊ တေးသံရှင်ရေဗက္က၀င်းတို့ပါဝင်မည့် ‘Win’s Shoow Time’ အစီအစဉ်သစ် မိတ်ဆက်ပွဲ ပြုလုပ်

သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်း၊ သရုပ်ဆောင်အရိုင်း၊ တေးသံရှင်ရေဗက္က၀င်းတို့ ပါဝင်မည့် ‘Win’s Shoow Time’ အစီအစဉ်သစ် မိတ်ဆက်ပွဲအား အောက်တိုဘာ ၁၂ ရက်တွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ မိတ်ဆက်ပွဲတွင် အစီအစဉ် တင်ဆက်သူများဖြစ်သည့် မိုရီဆာကီဝင်း၊ အရိုင်း၊ ရေဗက္က၀င်း၊ Prizmax အဖွဲ့တို့က တက်ရောက်ခဲ့ကြပြီး အစီအစဉ်နှင့် ပတ်သက်၍ မိတ်ဆက်ခြင်း၊ ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့သည်။

‘Win’s Shoow Time’ အစီအစဉ်တွင် ‘Toy box with fun’ concept ဖြင့် တင်ဆက်မည်ဖြစ်ကာ ဂီတဖြင့်တင်ဆက်ခြင်း၊ အကအစီအစဉ်၊ ဟာသပြက်လုံးများ တင်ဆက်မှု၊ ခရီးသွားအစီအစဉ်၊ Special Talk စသည့် အစီအစဉ်များစွာကို အစီအစဉ်တင်ဆက်သူသုံးဦးက မတူကွဲပြားသည့် Special Guest များ ပါဝင်စေကာ တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။ ပျော်ရွှင်ဖွယ်၊ စိတ်လှုပ်ရှားဖွယ် ရသခံစားမှုများစွာဖြင့် တင်ဆက်နိုင်မည့် အစီအစဉ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော် ပါဝင်တင်ဆက်မယ့် Win’s Shoow Time အစီအစဉ် ထုတ်လွှင့်ပါတော့မယ်။ ဒီအစီအစဉ်က ပျော်စရာတွေလည်း ပါဝင်သလို ဖျော်ဖြေရေးရသတွေလည်း ရမှာပါ။ အတူတွဲဖက် တင်ဆက်ခွင့်ရတဲ့ အနုပညာရှင်တွေကလည်း အရမ်းတော်ကြတဲ့သူတွေဆိုတော့ ဒီအစီအစဉ်လေးကို ပရိသတ်တွေကို ကြည့်စေချင်ပါတယ်။ ဒီအစီအစဉ်မှာ မတူကွဲပြားတဲ့ တင်ဆက်မှုတွေ ပါဝင်ပါမယ်။ အထူးဧည့်သည်တော်တွေကို ဖိတ်ခေါ်ပြီးတော့လည်း ပါဝင်တင်ဆက်စေမှာပါ။ ဒါကြောင့် လက်မလွတ်တမ်း စောင့်ကြည့်ပါလို့ မှာချင်ပါတယ်” ဟု သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်းက ဆိုသည်။

ယင်းအစီအစဉ်တွင် ပါဝင်သည့် သရုပ်ဆောင်အရိုင်းကလည်း “ဒီအစီအစဉ်လေးက ပျော်စရာကောင်းတဲ့ အစီအစဉ်ပါ။ အထူးသဖြင့်တော့ အ၀င်းကအရမ်းလည်း တော်သလို ချစ်စရာလည်းကောင်းတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့စိတ်ကူးလေးတွေ၊ တင်ဆက်မှုတွေ၊ ကျွန်တော်တို့ရဲ့ တင်ဆက်မှုတွေကို ပရိသတ်တွေကြည့်ရှုရင်း ရသစုံရမယ်လို့ မျှော်လင့်ပါတယ်။ ဒီအစီအစဉ်မှာ အားလုံးက အစွမ်းကုန် ကြိုးစားထားပါတယ်” ဟု ပြောကြားသည်။

Win’s Shoow Time အစီအစဉ်၏ မိတ်ဆက်ပွဲတွင် အစီအစဉ်နှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းမှုများအား အရိုင်း၊ မိုရီဆာကီဝင်း၊ ရေဗက္က၀င်းတို့က ပြုလုပ်ခဲ့ပြီး Prizmax အဖွဲ့၏ ဖျော်ဖြေမှုကို ပြုလုပ်ခဲ့သည်။ ထို့နောက် သိလိုသည်များအား ဆက်လက် ဖြေကြားပေးခဲ့သည်။ Win’s Shoow Time အစီအစဉ်ကို MNTV ရုပ်သံလိုင်းတွင် နိုဝင်ဘာလအတွင်း ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

‘ကရာကီနဲ့ ချန်ပီယံကာကွယ်ပွဲမှာ သုံးချီအတွင်း အပြီးသတ်မှာပါ’ ဆိုတဲ့ အောင်လအန်ဆန်

ဓာတ်ပုံ – ညီညီစိုးညွန့်

ONE MMA ၀ိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲအဖြစ် အောက်တိုဘာ ၂၆ ရက်တွင် လက်ဘနွန်နိုင်ငံသား ကရာကီနှင့် ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။ ချန်ပီယံဆု ကာကွယ်ရန် ပြင်ဆင်မှုနှင့် ပတ်သက်၍ အောင်လအန်ဆန်အား အွန်လိုင်းမှတစ်ဆင့် မေးမြန်းမှုကို ဖော်ပြအပ်ပါသည်။

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲအတွက် ပြင်ဆင်မှု

ဒီပြိုင်ပွဲအတွက် ရည်ရွယ်ပြီး လေ့ကျင့်လာတာ ၁၂ ပတ်လောက် ရှိပါပြီ။ သုံးလကျော်လောက် ပြင်ဆင်ချိန်ရတာကြောင့် ပြိုင်ပွဲမှာ အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်ထိုးသတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ကရာကီအပေါ်အမြင်

ကရာကီက ချုပ်တာကောင်းတယ်။ နပန်းလည်း ကျွမ်းကျင်တယ်။ Ground Fight ထိုးသတ်တာမှာ ကောင်းမွန်ပါတယ်။ ရှုံးပွဲမရှိ မှတ်တမ်းကလည်း သူ့ကို တွန်းအားဖြစ်စေမှာ သေချာပါတယ်။ သူ့ရဲ့အားနည်းချက်တစ်ခုက ကျွန်တော့်လောက် အတွေ့အကြုံ မရှိတာပါပဲ။ ကရာကီက ကိုးပွဲစလုံး အနိုင်ရထားတဲ့သူဖြစ်တာကြောင့် ယုံကြည်မှုအပိုင်းမှာ အမြင့်ဆုံး ရှိနေနိုင်ပါတယ်။ သူ့ရဲ့ထိုးသတ်ပုံတွေ၊ အားနည်းချက်၊ အားသာချက်တွေကို လေ့လာထားပါတယ်။

ယခုပွဲတွင် ထိုးသတ်မည့်ပုံစံ

တစ်ချီ၊ နှစ်ချီအတွင်း ပွဲသိမ်းနိုင်အောင် ကြိုးစားနေပါတယ်။ အများဆုံး သုံးချီထက် မပိုပါဘူး။ သုံးချီအတွင်း အပြီးသတ်မှာပါ။

ချန်ပီယံဆု ကာကွယ်နိုင်ရန် ပြင်ဆင်ထားမှု

ကစားသမားတိုင်းရဲ့ ရည်မှန်းချက်က ချန်ပီယံဖြစ်ဖို့ပါ။ ကျွန်တော် ထိုးသတ်နေတဲ့ MMA ပြိုင်ပွဲတစ်ခုတည်းကို ပြောရမယ်ဆိုရင် ကစားသမားတိုင်းက သူတို့ထိုးသတ်နေတဲ့ ၀ိတ်တန်းတိုင်းမှာ ချန်ပီယံဖြစ်ချင်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ပိုပြီးခက်ခဲတဲ့ ပွဲတွေကို ယှဉ်ပြိုင်လာရပါတယ်။ ကျွန်တော့်ရဲ့ ပထမရည်မှန်းချက်က အောင်မြင်ခဲ့ပြီလို့ ပြောရမှာပါ။ မစ်ဒယ်ဝိတ်တန်းမှာ ကမ္ဘာ့ချန်ပီယံဆု ရယူနိုင်ခဲ့သလို လိုက်ဟဲဗီးဝိတ်မှာလည်း ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ရည်မှန်းချက်တွေ မပြီးဆုံးသေးပါဘူး။ ချန်ပီယံဆုတွေ ကာကွယ်ဖို့ အစဉ်အမြဲ ကြိုးစားနေရပါတယ်။ အကောင်းဆုံးအသင်းနဲ့ လေ့ကျင့်နေပြီး သူများထက်သာအောင်၊ ကိုယ့်ကိုယ်ကိုယ်ကျွမ်းကျင်အောင် လေ့ကျင့်နေပါတယ်။ ကျွန်တော် ကမ္ဘာ့ချန်ပီယံဖြစ်နေပြီဆိုပြီး ရပ်တန့်မနေပါဘူး။ အမြဲတမ်းသင်ယူပြီး အရာရာတိုင်းမှာ ထိပ်ဆုံးက ရပ်တည်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါမှ စွမ်းဆောင်ရည် တိုးတက်လာပြီး လိုချင်တဲ့ ရည်မှန်းချက်ကို ဆက်ထိန်းထားနိုင်မှာပါ။

ပွဲချိန်ပြည့် ထိုးသတ်နိုင်မည့် ကြံ့ခိုင်မှုရရန် နေထိုင်လေ့ကျင့်မှု

ကျွန်တော့်အနေနဲ့ အစားအသောက်ကို Program အတိုင်း စားသောက်ပါတယ်။ ဆရာဝန်နဲ့ ညှိနှိုင်းပြီး သတ်မှတ်ထားတဲ့အချိန်မှာ သတ်မှတ်ထားတဲ့ အစားအသောက်ကို စားသုံးပါတယ်။ ကုန်ခန်းသွားတဲ့အားအင်တွေ ဖြည့်တင်းဖို့ အင်အားပြည့်အစာတွေ စားသုံးသလို လေ့ကျင့်မှု ပြင်းပြင်းထန်ထန် လုပ်တဲ့အချိန်မှာ ပိုပြီးစားပါတယ်။ ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မယ်ဆိုရင် ငါးမိနစ် ငါးချီနဲ့ စုစုပေါင်း ၂၅ မိနစ်ကြာပါတယ်။ ဒီလို ၂၅ မိနစ်စလုံး ထိုးသတ်နိုင်မယ့် ကြံ့ခိုင်မှုရအောင် တစ်ရက်ကို အနည်းဆုံး လေး၊ ငါးနာရီ လေ့ကျင့်ရပါတယ်။ တစ်ပတ်မှာ လေ့ကျင့်ချိန် ပျမ်းမျှ နာရီ ၃၀ ကျော်ရှိပါတယ်။

အနာဂတ် အစီအစဉ်

၃၃ နှစ်ရှိပြီဖြစ်ပေမဲ့ အရမ်းကျန်းမာပါတယ်။ နှစ်နှစ်၊ သုံးနှစ်လောက် ဆက်ထိုးနိုင်ပါသေးတယ်။

၆၂ ကြိမ်မြောက် လန်ဒန်ရုပ်ရှင်ပွဲတော်ကို စတိဗ်မက်ကွင်း၏ Widows ဇာတ်ကားဖြင့် ဖွင့်လှစ်

Widows ဇာတ်ကား ပွဲဦးထွက်ပြသသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဒါရိုက်တာ စတိဗ်မက်ကွင်းနှင့် မိသားစု (Photo: AFP)

၆၂ ကြိမ်မြောက် လန်ဒန်ရုပ်ရှင်ပွဲတော် BFI ကို ဗြိတိန်ဒါရိုက်တာ စတိဗ်မက်ကွင်း၏ သည်းထိတ်ရင်ဖိုဇာတ်ကား Widows ပွဲဦးထွက်ပြသမှုဖြင့် အောက်တိုဘာ ၁၀ ရက်တွင် ဖွင့်လှစ်ခဲ့သည်ဟု ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

ဓားပြတိုက်ရန် ကြံစည်မှုတွင် မအောင်မြင်ဖြစ်ခဲ့ပြီး ဓားပြလေးဦး သေဆုံးခဲ့ပြီးနောက် ၎င်းတို့၏ ကျန်ရှိသည့်ဇနီးများက ယင်းဓားပြတိုက်မှုကို ဆက်လက်အကောင်အထည်ဖော်ရန် ကြိုးစားသည့်အကြောင်း ရိုက်ကူးထားသည့် Widows ဇာတ်ကားသည် အော်စကာဆုရဇာတ်ကား 12 Years a Slave ဖြန့်ချိခဲ့ပြီး ငါးနှစ်အကြာတွင် ရိုက်ကူးသည့် မက်ကွင်း၏ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သည်။

ယင်းဇာတ်ကားတွင် ဗိုင်အိုလာဒေးဗစ်၊ မီရှဲယ်ရော့ဒီဂတ်၊ အလိဇဘတ်ဒီဘီကီ၊ စင်သီယာအီရီဗို၊ ကောလင်းဖာရဲ၊ ဘရိုင်ယန်တိုင်ရီ ဟင်နရီ၊ ဒယ်နီရယ်ကာလူယာ၊ ဂျက်ကီဝီဗာ၊ ကာရီကွန်၊ ရောဘတ်ဒူဗဲနှင့် လီယမ်နီဆန်တို့က အဓိကဇာတ်ကောင်များအဖြစ် ပါဝင်ထားသည်။

၁၉၈၀ ပြည့်လွန်နှစ်များက ထုတ်လွှင့်ခဲ့သည့် ဗြိတိန်ရုပ်သံဇာတ်လမ်းတွဲကို မှီငြမ်းထားသည့် ယင်းဇာတ်ကားတွင် ကျား-မ ခွဲခြားမှု၊ လူမျိုးရေး၊ နိုင်ငံရေးနှင့် မှုခင်း အကြောင်းအရာများကို ရိုက်ကူးထားသည်။ ယင်းဇာတ်ကားကို စက်တင်ဘာ ၈ ရက်က ကျင်းပသည့် တိုရွန်တိုရုပ်ရှင်ပွဲတော်တွင်လည်း ပွဲဦးထွက် ပြသခဲ့သည်။

အောက်တိုဘာ ၁၀ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ ကျင်းပမည့် လန်ဒန်ရုပ်ရှင်ပွဲတော်တွင် ပထမကမ္ဘာစစ်အကြောင်း မှတ်တမ်းရုပ်ရှင် They Shall Not Grow Old ကိုလည်း ပွဲဦးထွက်ပြသမည်ဖြစ်သည်။ ယခုနှစ်ရုပ်ရှင်ပွဲတော်တွင် ပြသမည့် ဇာတ်ကား ၂၂၅ ကားတွင် ရာခိုင်နှုန်း ၃၀ သည် အမျိုးသမီးဒါရိုက်တာများ၏ ဇာတ်ကားများ ဖြစ်သည်ဟု ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

လန်ဒန်ရုပ်ရှင်ပွဲတော်ကို အောက်တိုဘာ ၂၁ ရက်တွင် ဟာသဇာတ်မြူးဇာတ်ကား Stan & Ollie ဖြင့် ပိတ်သိမ်းမည် ဖြစ်သည်။

အင်ပါယာတီးဝိုင်းနှင့် တေးသံရှင်ဇော်ဝင်းထွဋ်၊ ရင်ဂို၊ ငွေစိုးနှင့် အခြားတေးသံရှင်အချို့တို့ ပါဝင်မည့် ‘ရော့ခ်တစ္ဆေ’ ဂီတဖျော်ဖြေပွဲ မန္တလေးမြို့တွင် ပြုလုပ်မည်

အင်ပါယာတီးဝိုင်းနှင့် တေးသံရှင် ဇော်ဝင်းထွဋ်၊ ရင်ဂိုတို့ပါဝင်မည့် ‘ရော့ခ်တစ္ဆေ’ ဂီတ ဖျော်ဖြေပွဲအား မန္တလေးမြို့၌ အောက်တိုဘာ ၂၃ ရက်တွင်ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲအတွက် ပြင်ဆင်မှုများလည်း ပြုလုပ်ထားကာ လက်မှတ်ရောင်းချမည့် အစီအစဉ်များအား အသေးစိတ် အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ထုံးစံအတိုင်းပဲ သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းလပြည့်နေ့တွေမှာ ရှိုးတွေရှိပါမယ်။ သီတင်းကျွတ်က မန္တလေးမှာ ပြုလုပ်သွားမှာပါ။ အောက်တိုဘာ ၂၃ ရက်မှာ လုပ်ပါမယ်။ ဒီပွဲမှာတော့ အင်ပါယာ တီးဝိုင်းအ ပြင် အခြားတီးဝိုင်းတွေနဲ့ အခြားတေးသံရှင်အချို့လည်း ပါပါမယ်။ ဂီတဖြတ်သန်းမှုတစ်လျှောက်က အမှတ်တရသီချင်းတွေလည်း ဆိုပါမယ်။ ဆေးပေါင်းခတဲ့ညပွဲကတော့ ရန်ကုန်မှာ လုပ်ပါမယ်။ မန္တလေးပွဲအတွက်ရော၊ ရန်ကုန်ပွဲအတွက်ပါ သေချာလေး ပြင်ဆင်သွားမယ်။ ဒီကြားထဲ ပွဲမလုပ်တာလည်း နည်းနည်းကြာပြီဆိုတော့ ပရိသတ်တွေကလည်း ဆိုစေချင်တယ်။ ကျွန်တော်ဆိုချင်တဲ့သီချင်းတွေလည်း ဆိုပြပါမယ်။ မန္တလေးပွဲကိုတော့ ရော့ခ်တစ္ဆေလို့ နာမည်ပေးထားပါတယ်” ဟု တေးသံရှင် ဇော်ဝင်းထွဋ်က ဆိုသည်။

အင်ပါယာတီးဝိုင်းမှ ကိုသန့်ဇော်ကလည်း “မန္တလေးသီတင်းကျွတ်မှာ တစ်ပွဲလုပ်ပါမယ်။ ရန်ကုန်မှာက ဆေးပေါင်းခတဲ့ညပွဲလုပ်မှာပါ။ မန္တလေးပွဲကိုတော့  ရော့ခ်တစ္ဆေလို့နာမည်ပေးထားပါတယ်။ ကိုညီထွဋ်ရယ်၊ ကိုရင်ဂိုရယ်၊ ကိုငွေစိုးရယ်နဲ့ အခြားတေးသံရှင်တချို့ ဖျော်ဖြေဖို့စီစဉ်ထားတယ်။ ပွဲအတွက်ကတော့ အကောင်းဆုံး ပြင်ဆင်သွားမှာပါ” ဟု ဆိုသည်။

အင်ပါယာ တီးဝိုင်းအနေဖြင့် မိုးတွင်းကာလအတွင်း ဖျော်ဖြေပွဲများ အတန်ငယ် ရပ်နားထားရာမှ ပွင့်လင်းရာသီကာလအတွင်း ဖျော်ဖြေပွဲများ ပြန်လည်ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ သီတင်းကျွတ်ကာလတွင် ဖျော်ဖြေပွဲ အများအပြားပြုလုပ်ကြမည် ဖြစ်သည်။

ဖြည်းဖြည်းမှန်မှန် ခြေလှမ်းများဖြင့် အနုပညာခရီးလမ်းအတွင်း လျှောက်လှမ်းနေသူ သရုပ်ဆောင် ဆုမြတ်နိုးဦး၏ ငယ်ဘ၀ဖြတ်သန်းရာ

ရုပ်ရှင်ကိုချစ်မြတ်နိုးသူတိုင်း စိတ်ပါဝင်စားကြတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ဒါမှမဟုတ် အကယ်ဒမီပေးပွဲမှာ အကယ်ဒမီဗန်းကိုင်အဖြစ် ပါဝင်ခွင့်ရကြသူတွေကိုလည်း ပရိသတ် စိတ်ဝင်စား ချစ်ခင်လေ့ရှိကြပါတယ်။ အကယ်ဒမီဗန်းကိုင်ကတစ်ဆင့် အောင်မြင်ထင်ရှားတဲ့မင်းသမီးတွေ ဖြစ်နေကြသူတွေလည်း အများအပြားရှိနေတာပဲ ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ အကယ်ဒမီ ဗန်းကိုင်တစ်ဦးအနေနဲ့ ပရိသတ် စတင်သတိထားမိစေခဲ့ပြီး လက်ရှိမှာတော့ ပရိသတ် ချစ်ခင်အားပေးမှုရရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်ဆုမြတ်နိုးဦးရဲ့ ငယ်စဉ်ဘ၀အမှတ်တရတွေကို ပုံဖော်ပေးချင်ပါတယ်။

သရုပ်ဆောင်ဆုမြတ်နိုးဦးကို မိဘများဖြစ်ကြတဲ့ ဦးတင်ဝင်း၊ ဒေါ်သန်းသန်းကြူတို့ကနေ ဇူလိုင် ၃၀ ရက် ၁၉၉၁ ခုနှစ်မှာ ကော့သောင်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း မောင်လေးတစ်ယောက်ရှိပြီး ကော့သောင်းမြို့မှာပဲ နေထိုင်ကြီးပြင်းခဲ့တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကလေးဘ၀ရဲ့အမှတ်တရ အနေနဲ့ကတော့ ကစားမက်တဲ့ကလေးတစ်ယောက်ဖြစ်ပြီး မိဘများက အလိုလိုက် ချစ်ခင်ခံရတဲ့ ကလေးတစ်ယောက်ပါလို့ ဆိုပါတယ်။

ငယ်စဉ်ဘ၀ရဲ့ အမှတ်တရတစ်ခုအနေနဲ့ “အမှတ်တရတစ်ခုကတော့ သုံးနှစ်သမီးလောက်မှာ ပရိုမီနာ မိတ်ကပ်တစ်ဘူးလုံးကို မြတ်နိုးရယ်၊ ကစားဖော် ကလေးတစ်ယောက်ရယ်ပေါင်းပြီး ကုန်အောင်လိမ်းထားခဲ့ဖူးတယ်။ အရမ်းလည်းငယ်သေးတော့ မေမေက အသားအရည်ပျက်စီးပြီး မျက်နှာတွေ ပွန်းပဲ့သွားမှာစိုးလို့ မနည်းပြန်ဖျက်ခဲ့ရတာ အမှတ်တရပါလို့ မေမေက ခဏခဏ ပြန်ပြောပါတယ်” လို့ ဆုမြတ်နိုးဦးက ဆိုပါတယ်။

ဆုမြတ်နိုးဦးက ကျောင်းပညာရေးအနေနဲ့ သူငယ်တန်းကနေ သတ္တမတန်းအထိကို ကော့သောင်းမြို့မှာတက်ရောက်ခဲ့ပြီး အဋ္ဌမတန်း ရောက်ရှိချိန်ကနေ ရန်ကုန်မြို့ကို ပြောင်းရွှေ့လာခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းပညာရေးမှာ ဥာဏ်ကောင်းသူတစ်ယောက်ဖြစ်ပေမဲ့ စာအရမ်းတော်တဲ့သူတစ်ယောက်တော့ မဟုတ်ခဲ့ဘူးလို့ဆိုပါတယ်။ ကျောင်းတက်စဉ်တစ်လျှောက်မှာ မြန်မာစာကိုအားသန်ခဲ့ပြီး စာကျက်ရတာထက် စာရေးရတာကို ၀ါသနာပါသူ တစ်ယောက်ဖြစ်တာကြောင့် စာစီစာကုံးပြိုင်ပွဲတွေမှာ တိုင်းအဆင့်ထိ ဆုတွေရခဲ့ဖူးတယ်လို့လည်း အမှတ်တရ ဆိုပါတယ်။ ကျောင်းကလုပ်တဲ့ ဘက်စုံလှုပ်ရှားမှုတွေမှာတော့ တက်တက်ကြွကြွ ပါဝင်တတ်သူတစ်ယောက် ပါလို့လည်း ဆုမြတ်နိုးဦးက ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်မှာတော့ ယူကေကပေးတဲ့တက္ကသိုလ်မှာ အပြင်ဒီပလိုမာတန်းတက်တယ်။ အဝေးသင်တက္ကသိုလ်မှာ Law တက်တယ်။ ယူကေ ဒီပလိုမာအတွက် တတိယနှစ်တက်ဖို့ စင်ကာပူကိုသွားရမယ့်အချိန်မှာ အနုပညာအလုပ်တွေ စလုပ်ခဲ့ရတဲ့အတွက် ဆက်မတက်ဖြစ်ခဲ့ပါဘူး။

အနုပညာအလုပ်တွေကိုတော့ Miss Christmas ပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်ရာကနေ စတင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပွဲမှာ Miss Pantene Title ဆုကို ရရှိခဲ့ရာကနေ အနုပညာလောကထဲ စတင်ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ Miss မိုးယံ အပါအ၀င် ပြိုင်ပွဲတွေမှာ ထပ်မံယှဉ် ပြိုင်ခဲ့သလို အကယ်ဒမီဗန်းကိုင်အဖြစ် ပါဝင်ခွင့်လည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“Miss မိုးယံဆုလည်း ရရှိခဲ့ပြီးနောက်မှာ အန်ကယ်လေး (လူမင်း) က ဇာတ်ကားရိုက်ဖို့ ဆက်သွယ်လာလို့ ဇာတ်ကားနှစ်ကားမှာ ပါဝင်ခွင့်ရခဲ့တယ်။ အဲဒီနောက်မှာမှ အကယ်ဒမီဗန်းကိုင်အနေနဲ့ ပါဝင်ခွင့်ရခဲ့တယ်။ ဖြစ်ချင်တော့ မြတ်နိုးတို့ပါဝင်ခွင့်ရတဲ့နှစ်က ရန်ကုန်မှာပြန်လုပ်ခွင့်ရတဲ့ အကယ်ဒမီပေးပွဲလည်းဖြစ်သလို ရှစ်ယောက်တောင် ရွေးချယ်တဲ့နှစ်လည်းဖြစ်တော့ မီဒီယာတွေကရော ပရိသတ်တွေကပါ အရမ်းစိတ်ဝင်စားကြတယ်။ အဲဒီအခါကျတော့ မြတ်နိုးတို့ကိုလည်း ပိုပြီး သတိထားမိစေခဲ့တယ်လို့ ပြောလို့ရ ပါတယ်” လို့ ဆုမြတ်နိုးဦးက အကယ်ဒမီဗန်းကိုင်အနေနဲ့ ပါဝင်ခွင့်ရခဲ့တဲ့ အမှတ်တရတွေကို ပြောပြခဲ့ပါတယ်။

ဆုမြတ်နိုးဦးကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ ‘ကား’ ဆိုတဲ့ ဇာတ်ကားမှာ သတိထားမိကြသလို ‘ကျိုက်ထီးရိုးရေစက်’ ဆိုတဲ့ ဇာတ်ကားမှာလည်း ပရိသတ်တွေက မှတ်မိချစ်ခင်ကြတယ်လို့ ဆိုပါတယ်။ ‘ကျိုက်ထီးရိုးစေတီ’ ရဲ့သမိုင်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်တာကြောင့် ပရိသတ်တွေက အခုချိန်အထိကို တွဲပြီးမှတ်မိနေကြတယ်လို့ ဆုမြတ်နိုးဦးက အမှတ်တရဆိုပါတယ်။ ဒီနောက်မှာတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ အများအပြား ပါဝင်ခွင့်ရခဲ့သလို ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ခွင့်ရခဲ့တယ်လို့ဆိုပါတယ်။

အနုပညာလောကအတွင်း ဖြတ်သန်းလာခဲ့ချိန်မှာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသလို စိန်ခေါ်မှုတွေ၊ စိတ်ပင်ပန်းတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကြုံလာတဲ့အခက်အခဲတွေကိုတော့ အနုပညာကို ချစ်မြတ်နိုးတဲ့ စိတ်တစ်ခုတည်းနဲ့ သည်းခံဖြတ်သန်းခဲ့ပါတယ်လို့လည်း ဆုမြတ်နိုးဦးက ဆိုပါတယ်။ ဖြတ်သန်းခဲ့ပြီးသလောက် အနုပညာခရီးလမ်းမှာရရှိလာတဲ့ ပရိသတ်အားပေးမှုနဲ့ပတ်သက်လို့ ကျေနပ်တယ်လို့ခံစားမိပြီး အချိန်တိုအတွင်း ပရိသတ်ချစ်ခင်မှုရရှိခဲ့တာကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ကံကောင်းတယ်လို့ ခံစားမိပါတယ်လို့ ဆုမြတ်နိုးဦးက ဖွင့်ဟခဲ့ပါတယ်။

“မြတ်နိုးက ကြိုးစားနေရဆဲသူတစ်ယောက်ဖြစ်တာကြောင့် ဘယ်လိုဇာတ်ရုပ်မျိုးတွေ ရိုက်ကူးချင်တယ်၊ ပါဝင် ချင်တယ်ဆိုတာမျိုး ရွေးချယ်ခွင့်မရှိပါဘူး။ မြတ်နိုးနဲ့ လိုက်ဖက်တယ်လို့ ယူဆလို့ ပါဝင်စေတဲ့ ဇာတ်ရုပ်တွေမှာသာ အကောင်းဆုံး ကြိုးစားရတာမျိုးပဲရှိပါတယ်။ ပရိသတ်တွေအနေနဲ့လည်း မြတ်နိုးလုပ်ပြခွင့်ရတဲ့ အနုပညာဖန်တီးမှုတွေကိုအားပေး ဝေဖန်ပေးစေချင်ပါတယ်။ ပရိသတ်များကပြောပြကြမှပဲ မြတ်နိုးရဲ့အားနည်းချက် အားသာချက်ဆိုတာကိုသိပြီး ပြင်ဆင်လို့ရမှာပါ”လို့ ဆုမြတ်နိုးဦးက ဆိုခဲ့ပါသေးတယ်။

ဖန်ပင်းပင်း၏ အခွန်အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီးနောက် ကျားဝေနှင့် ရှုကျီတို့ ရေဒီယိုနှင့် ရုပ်သံဌာနကို ဒေါ်လာ ၅ ဒသမ ၇ သန်းကျော် ပြန်ပေးရ

ရှုကျီ

သရုပ်ဆောင် ဖန်ပင်းပင်း၏ အခွန်အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီးနောက် ကျားဝေ (Vicky Zhao) နှင့် ရှုကျီတို့ကို ရေဒီယိုနှင့် ရုပ်သံဌာနသို့ ဒေါ်လာ ၅ ဒသမ ၇ သန်းစီ ပြန်ပေးရန် တာဝန်ရှိသူများက ညွှန်ကြားခဲ့သည်။

ဖန်ပင်းပင်း၏ အခွန်ရှောင်မှုဖြစ်စဉ်က တရုတ်၏အနုပညာအသိုင်းအ၀န်းကို တုန်လှုပ်စေခဲ့သည်။ လူမြင်ကွင်းရှေ့မှ လနှင့်ချီ ပျောက်ကွယ်နေသည့် တရုတ်ထိပ်တန်းသရုပ်ဆောင် ဖန်ပင်းပင်းကို အခွန်ရှောင်မှုနှင့် အခြားပြစ်မှုများအတွက် ဒေါ်လာ ၁၂၉ သန်း ပေးဆောင်ရန် အခွန်အာဏာပိုင်များက အမိန့်ချမှတ်ခဲ့သည်ဟု အစိုးရပိုင်မီဒီယာက အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဖန်၏၀င်ငွေကို စုံစမ်းစစ်ဆေးခံခဲ့ရပြီးနောက် ကျန်းကျိယိ၊ Huang Xiaoming၊ Chen Jianbin နှင့် Cecilia Liu အပါအ၀င် အနုပညာရှင်များစွာသည် အလားတူ စစ်ဆေးမှုများကို ရှောင်လွှဲရန် ၎င်းတို့၏ကုမ္ပဏီများမှ နုတ်ထွက်ခဲ့ကြသည်။

ကျားဝေ

ယင်းဖြစ်စဉ်အပြီးတွင် တရုတ်အာဏာပိုင်များက အခြားအနုပညာရှင်များ ပုံမှန်ထက် သရုပ်ဆောင်ကြေးပိုမိုရရှိမှုကို ကန့်သတ်ရန် အာရုံစိုက်လာပြီး စည်းကမ်းအသစ်များ ချမှတ်ခဲ့သည်။ ရုပ်သံဇာတ်လမ်းတွဲ တစ်ပိုင်းစီအတွက် သရုပ်ဆောင်ကြေးသည် ဒေါ်လာ ၇ ဒသ မ ၂ သန်း မကျော်သင့်ကြောင်း၊ ရုပ်သံအစီအစဉ်အတွက် သရုပ်ဆောင်ကြေး ဒေါ်လာ ၁ ဒသမ ၄ သန်းထက် မကျော်သင့်ကြောင်း အစိုးရပိုင်ရေဒီယိုနှင့် ရုပ်သံဌာန (NRTA) က ထုတ်ပြန်ခဲ့သည်။

Chinese Restaurant အစီအစဉ်၏ Season 2 တွင်ပါဝင်သည့် ကျားဝေနှင့် ရှုကျီသည် ယင်းအစီအစဉ်အတွက် ဒေါ်လာ ၇ ဒသမ ၂ သန်းကျော်စီ ရရှိခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။ တရုတ်အဆိုတော်၊ သရုပ်ဆောင် Faye Wong သည်လည်း ရုပ်သံအစီအစဉ်အတွက် သရုပ်ဆောင်ကြေးများစွာ ရရှိခဲ့သည်ဆိုသော သတင်းများ ထွက်ရှိခဲ့သည်။ ရှုကျီနှင့် ကျားဝေတို့ကမူ ယင်းသတင်းများကို အတည်မပြုခဲ့ပေ။

ဟူနန်ရုပ်သံက ထုတ်လွှင့်သည့် Chinese Restaurant အစီအစဉ်တွင် တရုတ်သရုပ်ဆောင် ကျားဝေ၊ ထိုင်ဝမ်သရုပ်ဆောင် ရှုကျီနှင့် Alec Su တို့သည် ယင်းအစီအစဉ်၏ ပင်တိုင်ဧည့်သည်များဖြစ်သည်။

အကယ်ဒမီ ဒါရိုက်တာဝိုင်းနှင့် တွေ့ဆုံခြင်း

မကြာခင် ရုံတင်ပြသတော့မည့် သမ္မတကြီးထံပေးစာ ရုပ်ရှင်ဇာတ်ကားမှာ ပြင်ပတွင်လက်ရှိအချိန်ထိ ဖြစ်ပျက်နေဆဲဖြစ်သည့် တရားမမျှတမှု အကြောင်းအရာများအား ထင်ဟပ်ပုံဖော်ထားခြင်းဖြစ်ကာ တရားစီရင်ရေးမဏ္ဍိုင်သို့ ၀င်ရောက် စွက်ဖက်ခံနေရမှုများ၊ တစ်ဖက်သတ် ဖိနှိပ်ခံစားနေရမှုများကို ရှင်းလင်းစွာ ပုံဖော်ထားခြင်းလည်း ဖြစ်သည်။ ရိုက်ကူးရန် စတင်ပြင်ဆင်စဉ်ကတည်းကပင် ရိုက်ကူးခွင့်ပိတ်ပင်ခံခဲ့ရ၍ နှစ်နှင့်ချီကာ စောင့်ဆိုင်းခဲ့ရပြီးနောက် ရိုက်ကူးဖန်တီးချိန်တွင်လည်း အခက်အခဲပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့် ဇာတ်ကားတစ်ကားဖြစ်သည်။ သမ္မတကြီးထံပေးစာ ရုပ်ရှင်ဇာတ်ကားအား မျှတမှုမရှိသည့် အခြေအနေများတွင် ငြိမ်ခံမနေဘဲ စုပေါင်းတွန်းလှန်လိုစိတ်များ ဖြစ်ပေါ်စေရန် ရည်ရွယ်ဖန်တီးခဲ့သည်ဟုဆိုသည့် အကယ်ဒမီ ဒါရိုက်တာဝိုင်းနှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

■ မေး – သမ္မတကြီးထံပေးစာဇာတ်ကားက မရိုက်ခင်မှာလည်း အခက်အခဲတွေ ရှိခဲ့တယ်။ အချိန်ကာလတစ်ခုလည်း စောင့်ခဲ့ရတယ်။ ဒီလိုအခက်အခဲတွေကြားက မဖြစ်ဖြစ်အောင်ရိုက်ဖို့ ဘာကြောင့်ဆုံးဖြတ်ဖြစ်ခဲ့တာလဲ။

ဖြေ – ကျိန်းသေတာတစ်ခုက ဒီကားကို ရိုက်ခွင့်မပြုဘူးဆိုကတည်းက ကိုယ့်ကိုမတရား လုပ်သလို ခံစားရတယ်။ အဲဒီမတရားမှုကို တွန်းလှန်ချင်တယ်။ ဒီကားကိုရိုက်ဖြစ်အောင် ရိုက်မယ်။ ပိတ်ပင်ထားတာတွေကို မရရအောင် ဖောက်ထွက်မယ်ဆိုတဲ့စိတ်နဲ့ပဲ ဒီကားကိုရိုက်ဖို့ မရရအောင် ကြိုးစားခဲ့တာ။ ရှင်းရှင်းပြောရင် ဇာတ်ကားနာမည်ရယ်၊ ကိုယ့်ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်က တရားစီရင်ရေးကို ၀င်ရောက် စွက်ဖက်တာ လုံးဝမဖြစ်သင့်ဘူး ဆိုတာကို ပရိသတ်တွေသိအောင် ပြချင်တယ်။ ဒါက နိုင်ငံက လူတွေအတွက် ဖြစ်သင့်ဖြစ်ထိုက်တာတစ်ခုဆိုတဲ့ ခိုင်မာတဲ့ ရည်ရွယ်ချက်နဲ့ပဲ ရအောင်ဖန်တီးခဲ့တာ။

■ မေး – ဒီဇာတ်ကားမှာ ပါဝင်တဲ့ အကြောင်းအရာပိုင်းက ကြီးမားတဲ့အတွက် ရိုက်ကူးချိန်မှာ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရလဲ။

ဖြေ – ဒီဇာတ်ကားက ကိုယ့်ရဲ့အနုပညာသက်တမ်းမှာ အပင်ပန်းဆုံး ဇာတ်ကားပါ။ စိတ်လည်း ပင်ပန်းတယ်။ လူလည်းပင်ပန်းတယ်။ အစ်ကိုတို့ဆီမှာ Production Designer မရှိဘူး။ နိုင်ငံတော်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေက ပြဖို့လိုအပ်တဲ့အခါ သမ္မတရုံးတံဆိပ် အပါအ၀င် ကျန်တာတွေပြသဖို့ လုပ်တဲ့အခါ ဘယ်သူမှလည်းပေးမလုပ်ဘူး။ တကယ့် တကယ် ဌာနဆိုင်ရာနေရာတွေ ရိုက်ချင်တဲ့အခါလည်း ခက်ခဲပါတယ်။ အဲဒီလို အသေးစိတ်လေးတွေကအစ ပြင်ဆင်ပြီးမှ လုပ်ခဲ့ရတာပေါ့။

■ မေး – ဒီဇာတ်ကားမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍကိုလည်း လေးနက်စွာ ဖော်ပြထားတယ်။ အဲဒီအပိုင်းနဲ့ ပတ်သက်လို့လည်း ပြောပြပေးပါဦး။

ဖြေ – မီဒီယာဆိုတာက မဏ္ဍိုင်ကြီးတွေကို ထိန်းကျောင်းရမှာလေ။ မီဒီယာသမားစစ်စစ်ဆိုရင် ဘက်လိုက်မှုမရှိဘဲ ဒါတွေကို ထိန်းကျောင်းနိုင်မှသာ တိုင်းပြည်က တိုးတက်မယ်။ ပုဂ္ဂိုလ်စွဲကင်းကင်း၊ အဂတိတရားကင်းကင်းနဲ့ပေါ့။ အဲဒါကြောင့်မို့ ဒီအခန်းကဏ္ဍက အရေးကြီးတယ်။ ဒီဇာတ်ရုပ်ကို သေချာလေး Develop လုပ်ရမယ်ဆိုပြီး လုပ်ခဲ့တာပါ။

■ မေး – ဒီဇာတ်ကားဖန်တီးခဲ့ရတဲ့ အချိန်ကာလတွေ ကြာမြင့်ခဲ့ပေမယ့် အခုချိန်ထိ မှန်ကန်နေဆဲ အကြောင်းအရာဖြစ်တဲ့အတွက် ဒီဇာတ်ကားကတစ်ဆင့် ပရိသတ်တွေကို ဘယ်လိုအရာမျိုးတွေ ပေးနိုင်မယ်လို့ထင်လဲ။

ဖြေ – မတရားမှုကို မတရားမှုလို့မြင်ရမယ်။ အဲဒီမတရားမှုကို ကြောက်ရွံ့မှုမရှိဘဲ တရားမျှတမှုရှိအောင် ပြောင်းလဲနိုင်ရမယ်။ အဲဒီအမြင်တွေ တိုးတက်လာပြီဆိုရင် တရားမျှတမှုဆိုတဲ့လမ်းနဲ့ နီးစပ်လာပြီလို့ ယူဆတယ်။ လူတိုင်းက မတရားမှုတွေကို ဒီတိုင်းခံနေမှာလား၊ တရားမျှတမှုဖြစ်အောင် ဘယ်လိုတွန်းအားပေးမလဲ။ အစိုးရရော တရားစီရင်ရေးရော ဘယ်လိုပြောမလဲ။ ရဲရဲဝံ့ဝံ့လုပ်ရမှာပေါ့။ အဲဒီလိုသာ ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ အရမ်းဝမ်းသာရမှာပါ။

■ မေး – ဒီဇာတ်ကားကို စိတ်တိုင်းကျ ဖန်တီးနိုင်ခဲ့တဲ့အတွက် မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေကို ကြည့်စေချင်မှာပေါ့။ ရုံတင်စနစ်အရ တချို့ရုံတွေမှာ ပြသခွင့်မရတဲ့အပေါ် ဘာများပြောချင်လဲ။

ဖြေ – အစ်ကိုတို့က အနုပညာသည်ဆိုတော့ ပရိသတ်များများကြည့်လေ ကြိုက်လေပဲလေ။ ဒါပေမဲ့ ရုံရှင်နဲ့ ထုတ်လုပ်သူကြားက ပြဿနာကျတော့ အနုပညာရှင်က ရှင်းလို့မရဘူးလေ။ အရှင်းဆုံးပြောရရင် အရင်ကားတွေထက် ဒီဇာတ်ကားကို ပရိသတ် ပိုကြည့်စေချင်တယ်။ ရုံတင်ပြီးခဲ့ရင်တောင် နောက်ထပ် ဘယ်လိုပျံ့နှံ့အောင်ပြပေးလို့ရမလဲဆိုတာ နည်းလမ်းပေါင်းစုံရှာပြီး ပြည်သူတွေကို ကြည့်လို့ရအောင်စီစဉ်မှာပါ။

■ မေး – တခြားနိုင်ငံတွေမှာရော ပြသဖို့ အစီအစဉ်ရှိလား။

ဖြေ – ရှိပါတယ်။ ဒါကြောင့်လည်း Subtitle ကအစ သေချာလုပ်ထားတယ်။ တချို့မှားတာလေးတွေ ပါတာကလွဲရင်ပေါ့။

■ မေး – ဒီဇာတ်ကားက အစ်ကိုဖန်တီးခဲ့တဲ့ ဇာတ်ကားတွေထဲက စိတ်ကျေနပ်မှုအရဆုံး ကားတစ်ကားလို့ ပြောလို့ရမလား။

ဖြေ – ဒီဇာတ်ကားက စိတ်ကျေနပ်မှုအရဆုံး ဇာတ်ကားတွေထဲက တစ်ကားလို့ ပြောလို့ရပါတယ်။ အခုချိန်မှာဖြစ်နေတဲ့ ခံစားချက်ကို ပြောရရင် မတရားမှုတွေက ဆက်ရှိနေတုန်းပဲ။ သမ္မတကြီးသိသင့်တဲ့ အကြောင်းအရာတွေလည်း ရှိနေတုန်းပဲ။ ဒါကြောင့် သမ္မတကြီးထံပေးစာ ၂ ကို ဖန်တီးချင်တဲ့ စိတ်ဆန္ဒရှိပါတယ်။ အဲဒီအတွက် စိတ်အားထက်သန်နေပါတယ်။

■ မေး – သမ္မတကြီးထံပေးစာ ၂ သာ ဆက်လက်ဖန်တီးဖြစ်မယ်ဆိုရင် ပြင်ပမှာဖြစ်နေတဲ့ နောက်ထပ်မတရားမှုတွေအတွက် ကိုယ်စားပြု ဖော်ပြသွားမှာလား။

ဖြေ – ဒီလိုမတရားမှုတွေက အခုထိလည်း မပျောက်သေးဘူး။ လူတော်တော်များများကလည်း ခံစားနေရတုန်းပါ။ သူတို့တွေမှာ Story တွေ အများကြီးရှိမယ်လို့ ယုံကြည်ပါတယ်။

■ မေး – ဒီဇာတ်ကားနဲ့ပတ်သက်လို့ အကြိုပြောချင်တာများ ရှိမလား။

ဖြေ – ပရိသတ်တွေ သိအောင်တော့ ပြောရရင် ချစ်ကြိုက်ကွဲညားဇာတ်ကားတော့ မဟုတ်ပါဘူး။ ပြည်သူတွေ သိသင့်သိထိုက်တဲ့ Message တစ်ခုကို အင်တာတိန်းမန့်ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ လက်ရှိအချိန်နဲ့ အနီးစပ်ဆုံးဖြစ်အောင်လည်း ရိုက်ကူးထားတယ်။ သိသင့်သိထိုက်တဲ့ စကားလုံးတွေ အများကြီးပါတယ်။ အဲဒီကနေ မတရားမှုဆိုတာက ဒီတိုင်းထိုင်နေလို့မရဘူး။ စုပေါင်းတွန်းလှန်မှသာလျှင် တရားမျှတမှုဖြစ်အောင် အသွင်ပြောင်းနိုင်မှသာလျှင် ငါတို့ဘ၀တွေလည်း အေးချမ်းနိုင်မယ်ဆိုတဲ့ အတွေးမျိုးတွေသာ ရခဲ့မယ်ဆိုရင် အစ်ကိုရဲ့စိတ်ဆန္ဒတွေ တော်တော်အဆင်ပြေမှာပါ။

■ မေး – ကံ့ကော်နီရော ဘယ်တော့လောက် စရိုက်ဖြစ်မလဲ။

ဖြေ – ကံ့ကော်နီဇာတ်ကားကတော့ ဒီ ၁၂ ရက်မှာ ရိုက်ဖြစ်ပါပြီ။ လိုအပ်တာတွေအားလုံးလည်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပြီးပါပြီ။ ဆရာမင်းလူရဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့အတွက် တာဝန်ကြီးသလိုတော့ ခံစားရပါတယ်။ ဇာတ်ညွှန်းပိုင်းဆိုင်ရာ အကောင်းဆုံး ပြင်ဆင်ထားတဲ့အတွက် ပရိသတ်ကြိုက်တဲ့ ဇာတ်ကားတစ်ကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ သရုပ်ဆောင်တွေက အလင်းရောင်၊ ဖွေးဖွေးနဲ့ ရွှေသမီးတို့ပါ။

■ မေး – ကွယ်လွန်သွားခဲ့တဲ့ ကိုမင်းသွေးနဲ့ပတ်သက်လို့ အမှတ်တရစကားလည်း ပြောပေးပါဦး။

ဖြေ – ကိုယ့်မိသားစုဝင်တွေထဲက မိသားစုတစ်ဦး ခွဲခွာသွားသလို ခံစားရတယ်။ သူက လူမှန်၊ လူဖြောင့်စိတ်တို။ သူ့အိပ်မက်လေးတွေ အကောင်အထည်ပေါ်ခါနီးမှ ခွဲခွာသွားရတော့ ပိုခံစားရတယ်။

■ မေး – နောက်နှစ်ရိုက်မယ့် ဇာတ်ကားတွေရော စီစဉ်ထားပြီးလား။

ဖြေ – နောက်နှစ်ဆန်းမှာ ပပ၀တီစီရင်ခန်းကို ရိုက်ပါမယ်။ ပြီးရင် ဘဲကွဲ အသည်းကွဲနေသည်ကို ရိုက်ပါမယ်။