ဘူဆန်ရုပ်ရှင်ပွဲတော်၏ New Current ဆုကို တောင်ကိုရီးယားနှင့် အီရန်ဇာတ်ကားတို့က ပူးတွဲဆွတ်ခူး

After My Death ဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခုအား တွေ့ရစဉ်

အာရှ၏ ထိပ်တန်းရုပ်ရှင်ပွဲတော်တစ်ခုဖြစ်သည့် ဘူဆန်ရုပ်ရှင်ပွဲတော်၏ New Current ဆုကို ကိုရီးယားဒရာမာဇာတ်ကား After My Death နှင့် အီရန်ဇာတ်ကား Blockage တို့က ပူးတွဲဆွတ်ခူးခဲ့သည်။

ကိုရီးယားဒါရိုက်တာ Kim Ui – seok ၏ After My Death ဇာတ်ကားသည် ထင်ရာစိုင်းသည့် ဆယ်ကျော်သက်များအကြောင်းကို ရိုက်ကူးတင်ပြထားသည့် ဒရာမာဇာတ်ကားဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည့် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး၏ ရှုထောင့်ကို ရိုက်ကူးထားသည့် ယင်းဇာတ်ကားသည် ကိုရီးယားလူ့အဖွဲ့အစည်းကိုထင်ဟပ်စေသည့် ဇာတ်ကားဟု BIFF တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တီဟီရန်တွင် ခက်ခဲကြမ်းတမ်းလှသည့် နေ့စဉ်နေထိုင်မှုဘ၀အကြောင်း ရိုက်ကူးထားသည့် အီရန်ဒါရိုက်တာ Mohsen Gharaei ၏ Blockage ဇာတ်ကားသည် ပဋိပက္ခကြောင့် နိုင်ငံ၏ စီးပွားရေး ယိုယွင်းမှုအခြေအနေအတွင်း အလုပ်သမားများ အထိနာခဲ့ ရသည့်အကြောင်း ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားတစ်ကားဖြစ်သည်။

ယင်းဇာတ်ကား နှစ်ကားစလုံးသည် အသေးစိတ် ရှင်းရှင်းလင်းလင်းဖော်ပြပြီး အနုစိတ်ခြယ်မှုန်းထားသည့် ဇာတ်ကားများဖြစ်သည်ဟု အော်စကာဆုရ အမေရိကန်ဒါရိုက်တာ အိုလီဗာစတုန်း ဦးဆောင်သည့် အကဲဖြတ် ဒိုင်အဖွဲ့က ချီးကျူးခဲ့သည်။

ယခုနှစ် New Current ဆုရွေးချယ်ရေးအဖွဲ့၏ ဂျူရီအဖွဲ့တွင် အိုလီဗာစတုန်း နှင့်အတူ အီရန်ဒါရိုက်တာ Bahman Ghobadi ၊ ကိုရီးယားဒါရိုက်တာ Jang Sun woo ၊ ပြင်သစ် ရုပ်ရှင်အတတ်ပညာရှင် Agnes Godard တို့ ပါဝင်ခဲ့သည်။

(၂၂) ကြိမ်မြောက် ဘူဆန်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် BIFF ကို အောက်တိုဘာ ၁၂ ရက်တွင် စတင်ပြီး အောက်တိုဘာ ၂၁ ရက်တွင် ပိတ်သိမ်းခဲ့သည်။ ၁၀ ရက်ကြာ ပြုလုပ်ခဲ့သည့် ယင်းရုပ်ရှင်ပွဲတော်အတွင်း နိုင်ငံပေါင်း ၆၉ နိုင်ငံမှဇာတ်ကား ၂၉၉ ကား ကို ပါဝင်ပြသခဲ့သည်။

ယခုနှစ် ရုပ်ရုပ်ပွဲတော်သို့ တက်ရောက်သည့် ပရိသတ်အရေအတွက် စုစုပေါင်း ၁၉၂,၉၉၁ ဦးရှိပြီး ယခင်နှစ်အရေအတွက် ၁၆၅,၁၄၉ ဦးထက် ၁၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု BIFF ကျင်းပရေးကော်မတီက ထုတ်ပြန်ခဲ့သည်။

Thor: Ragnarok ဇာတ်ကားက ပွဲဦးထွက်ဖြန့်ချိသည့် သီတင်းပတ်တွင် ဒေါ်လာ သန်း ၁၀၀ အထိရရှိနိုင်ဟု ခန့်မှန်းထား

 

ရွှန်းရွှန်းဝေသည့် အစောပိုင်းဝေဖန်သုံးသပ်မှုများ၏ အထောက်အပံ့ပြုမှုကြောင့် Thor: Ragnarok ဇာတ်ကားသည် ပွဲဦးထွက်ဖြန့်ချိသည့် သောကြာမှ တနင်္ဂနွေအထိ လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ သန်း ၉၀ မှ သန်း ၁၀၀ အထိ ရရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

၂၀၁၁ ခုနှစ်က ဖြန့်ချိခဲ့သည့် Thor နှင့် ၂၀၁၃ ခုနှစ်က ဖြန့်ချိခဲ့သည့် Thor: The Dark World ၏ နောက်ဆက်တွဲဖြစ်သော Thor: Ragnarok ဇာတ်ကားကို နိုဝင်ဘာ ၃ ရက်တွင် အမေရိကန်၌ ဖြန့်ချိမည်ဖြစ်သည်။ ယင်း ဇာတ်ကားသည် Marvel Cinematic Universe ၏ ၁၇ ကားမြောက်  စူပါဟီးရိုးဇာတ်ကားလည်းဖြစ်သည်။

ဒါရိုက်တာ တိုင်ကာဝေတီတီ ရိုက်ကူးသည့် ယင်းဇာတ်ကားတွင် ခရစ်ဟမ်းစ်ဝါ့သ်၊ တွမ်ဟစ်ဒယ်စတန်၊ ကိတ်ဘလန်ချက်၊ အိုင်ဒရစ်အယ်လ်ဘာ၊ ဂျက်ဖ်ဂိုးဘလမ်၊ တီဆာသွမ်ဆန်၊ ကားလ်အာဘန်၊ မက်ရက်ဖ် ဖလိုနှင့် အန်တိုနီဟော့ကင်းတို့  ပါဝင်သရုပ်ဆောင်ထားသည်။

Thor:Ragnarok ဇာတ်ကားသည် ခန့်မှန်းထားသည့် ၀င်ငွေထက် ပိုများမည်ဆိုပါက ဒစ္စနေက ပိုင်ဆိုင်သည့် မာဗယ်စတူဒီယိုအတွက် Guardians of the Galaxy: Vol.2 နှင့် Spider-Man : Homecoming ဇာတ်ကားပြီးလျှင် ပြည်တွင်း ပွဲဦးထွက်ဝင် ငွေ ဒေါ်လာ သန်း ၁၀၀ ရရှိမည့် သုံးကားမြောက် ဇာတ်ကားဖြစ်လာမည်ဖြစ်သည်။

“Thor: Ragnarok ဟာ မာဗယ်စတူဒီယိုက အခုထိဖြန့်ချိခဲ့ဇာတ်ကားတွေထဲမှာ ရယ်စရာ အကောင်းဆုံး ဇာတ်ကားတစ်ကားနဲ့ အကောင်းဆုံး Thor ဇာတ်ကားပါပဲ” ဟု  Slash Film Entertainment ၀က်ဘ်ဆိုက်၏ ပိုင်ရှင် Peter Sciretta က ရုံမတင်မီအထူးပွဲပြသခဲ့ပြီးနောက် Twitter တွင် ရေးသားခဲ့သည်။

Yahoo Entertainment မှ သတင်းထောက် Kevin Polpwy ကလည်း Thor: Ragnarok ဇာတ်ကားကို  အလွန်ရယ်စရာကောင်းသော၊ ထူးဆန်း ထိတ်လန့်ဖွယ်ကောင်းသော၊ တစ်မူထူးခြားသော၊ နောက်ကြောင်းပြန်သော၊ ရင်သပ်ရှုမောဖွယ်ကောင်း သောဇာတ်ကားဟု ဖော်ပြခဲ့သည်။

စက်ဘီးမတော်တဆမှုတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုကြောင့် အက်ဒ်ရှီးရန်က အာရှဖျော်ဖြေပွဲခရီးစဉ်ကို ဖျက်သိမ်း

ဗြိတိန်အဆိုတော်အက်ဒ်ရှီးရန်သည် စက်ဘီးမတော်တဆမှုဖြစ်ပြီး လက်ကျိုးခဲ့သောကြောင့် အာရှဖျော်ဖြေပွဲခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။

ရှီးရန်သည် တိုင်ပေ၊ အိုဆာကာ၊ ဆိုးလ်၊ တိုကျိုနှင့် ဟောင်ကောင်တွင် ပြုလုပ်မည့် ဖျော်ဖြေပွဲများကို ဖျက်သိမ်းကြောင်းကို follower ၁၇ ဒသမ ၅ သန်းရှိသည့် Instagram တွင် ကြေညာခဲ့သည်။

“ကျွန်တော့်ရဲ့ ညာဘက်လက်ကောက်ဝတ်နဲ့ ဘယ်ဘက်လက်တံတောင်ဆစ် ကျိုးသွားလို့ ဖျော်ဖြေပွဲတွေ မလုပ်နိုင်တော့ဘူး။ ကုသမှုတိုးတက်လာတာကို စောင့်ပြီးမှ ဖျော်ဖြေပွဲတွေ ဘယ်အချိန်ပြန်စမယ်ဆိုတာကို ဆုံးဖြတ်နိုင်မှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ရှီးရန်သည် စက်ဘီးမတော်တဆဖြစ်မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းကို အောက်တိုဘာ ၁၆ ရက်တွင် Instagram ၌ ဖော်ပြခဲ့သည်။ ယင်းမတော်တဆမှုသည် အောက်တိုဘာ ၁၅ ရက်တွင် လန်ဒန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ရှီးရန်သည် အာရှဖျော်ဖြေပွဲခရီးစဉ်အဖြစ် ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် အိန္ဒိယတို့တွင် ဖျော်ဖြေရန် စီစဉ်ထားသည်။ ၎င်းသည် ယူအေအီးတွင်လည်း ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သိရသည်။

အသက် ၂၆ နှစ်အရွယ်ရှိ ရှီးရန်သည် ရောင်းအားအကောင်းဆုံးစာရင်းဝင် အဆိုတော်တစ်ဦးဖြစ်သည်။ ၎င်း၏ နောက်ဆုံးထွက်ရှိခဲ့သည့် Divide အယ်လ်ဘမ်သည် Spotify ၀က်ဘ်ဆိုက်တွင် စံချိန်ချိုးဖျက်ခဲ့ပြီး ဖြန့်ချိပြီးတစ်ရက်အတွင်း အွန်လိုင်းမှ နားထောင်သူ ၅၇ သန်း ရှိခဲ့သည်။

ရှီးရန်သည် လမ်းမပေါ်နှင့် ဘားများတွင် နှစ်အတော်ကြာ ဖျော်ဖြေခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် Thinking Out Loud သီချင်းဖြင့် နိုင်ငံတကာတွင် ထိုးဖောက် အောင်မြင်ခဲ့သည်။ ယင်းသီချင်းသည် Spotify တွင် နားထောင်မှုအကြိမ် ငါးသန်းကျော် ရှိခဲ့သည့် ပထမဆုံး သီချင်းလည်းဖြစ်သည်။ ရှီးရန်သည် ယင်းသီချင်းဖြင့် ၂၀၁၆ ခုနှစ် ဂရမ်မီဆုပေးပွဲတွင် တစ်နှစ်တာ အကောင်းဆုံးသီချင်းဆုနှင့် Best Pop Solo Performance ဆုကို ရရှိခဲ့သည်။

ဂျနီဖာလိုပက်ဇ်၊ အဲလက်ရိုဒရီဂွက်ဇ်နှင့် မက်အန်တိုနီတို့က ပွာတိုရီကိုကယ်ဆယ်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၃၅ သန်း ရှာဖွေပေးခဲ့

ဂျနီဖာလိုပက်ဇ်၊ ၎င်း၏လက်ရှိချစ်သူ ဘေ့စ်ဘောကစားသမား အဲလက်ရိုဒရီဂွက်ဇ်နှင့် ၎င်း၏ခင်ပွန်းဟောင်း မက်အန်တိုနီတို့သည် ဟာရီကိန်း ဒဏ်ခံခဲ့ရသည့် ပွာတိုရီကိုအတွက် ရန်ပုံငွေ ဒေါ်လာ ၃၅ သန်း ရှာဖွေပေးခဲ့သည်ဟု ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဂျနီဖာလိုပက်ဇ်၊ ရိုဒရီဂွက်ဇ်နှင့် မက်အန်တိုနီတို့က ရန်ပုံငွေ ကောက်ခံပေးခဲ့သည့်အပြင် သီးသန့်စီလည်း လှူဒါန်းခဲ့သည်ဟု သိရသည်။ ၎င်းတို့သုံးဦးက အစီအစဉ် တင်ဆက်သူများအဖြစ် ဆောင်ရွက်ခဲ့သည့် One Voice: Somos Live! ရန်ပုံငွေဖျော်ဖြေပွဲမှ ဒေါ်လာ ကိုးသန်းရရှိခဲ့ပြီး ကျန်ရှိသည့်ငွေများကို အဖွဲ့အစည်း လှူဒါန်းမှုများမှ ရရှိခဲ့သည်ဟု သိရသည်။ အောက်တိုဘာ ၁၄ ရက်က ပြုလုပ်ခဲ့သည့် ယင်းဖျော်ဖြေပွဲတွင် ရစ်ကီမာတင်၊ ဒီမီလိုဗာတို၊ ဂွမ်စတက်ဖနီ၊ စတိဗ်ဝမ်ဒါ၊ ဂျင်မီဖောက်စ်၊ Coldplay အဖွဲ့ခေါင်းဆောင် ခရစ်မာတင်နှင့် Maroon 5 အဖွဲ့တို့ ပါဝင်ဖျော်ဖြေခဲ့သည်။

ဂျနီဖာလိုပက်ဇ်နှင့် အန်တိုနီတို့၏ မိဘများသည် ပွာတိုရီကိုမှ အမေရိကန်သို့ ပြောင်းရွှေ့အခြေချခဲ့ခြင်းဖြစ်သည်။ ရိုဒရီဂွက်ဇ်၏ မိဘများသည် ဒိုမီနီကန်မှဖြစ်သည်။ အသက် ၄၈ နှစ်အရွယ်ရှိ လိုပက်ဇ်သည် စက်တင်ဘာ နှောင်းပိုင်းတွင် လပ်စ်ဗီးဂတ်ဖျော်ဖြေပွဲမှ ရရှိသည့် ဒေါ်လာတစ်သန်းကို ဟာရီကိန်းဒဏ်ခံခဲ့ရသည့် ပွာတိုရီကိုနှင့် ကာရစ်ဘီယံတွင် ပြန်လည်ထူထောင်ရေးများအတွက် လှူဒါန်းခဲ့သည်။

“နယူးယောက်မှာ နေထိုင်တဲ့ ကျွန်မနဲ့ အဲလက်ရိုဒရီဂွက်ဇ်က ပွာတိုရီကိုနဲ့ ကာရစ်ဘီယံမှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်ရာမှာ ကူညီဖို့ အနုပညာ၊ အားကစားနဲ့ စီးပွားရေးနယ်ပယ်က ကျွန်မတို့ရဲ့ရင်းမြစ်တွေနဲ့ မိတ်ဆွေတွေကို တိုက်တွန်းခဲ့တယ်” ဟု လိုပက်ဇ်က ပြောကြားခဲ့သည်။

၂၀၀၄ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်၌ မက်အန်တိုနီနှင့် ကွာရှင်းခဲ့သည်။ လိုပက်ဇ်သည် ယခုနှစ်အစောပိုင်းတွင် ရိုဒရီဂွက်ဇ်နှင့် တွဲခဲ့သည်။