နိုင်ငံတကာ၏ ဖယ်ကြဉ်မှု

နိုင်ငံတကာ၏ ဖယ်ကြဉ်မှုဟူသည် နိုင်ငံတကာအသိုင်းအ၀ိုင်း သို့မဟုတ် ကုလသမဂ္ဂ ကဲ့သို့သော အင်အားကြီးမားသည့် နိုင်ငံများအုပ်စုက နိုင်ငံတစ်နိုင်ငံ၊ အစိုးရတစ်ရပ် သို့မဟုတ် လူအုပ်စုတစ်စုအပေါ် အပြစ်ပေးရန် ကျင့်သုံးမှုတစ်ရပ်ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်း သို့မဟုတ် နိုင်ငံများအုပ်စုက ဖယ်ကြဉ်ခဲ့ပြီးနောက် နိုင်ငံတစ်နိုင်ငံအနေဖြင့် အထီးကျန်တည်ရှိခြင်းကိုလည်း ခေါ်ဆိုသည်။ အင်အားကြီးသည့် နိုင်ငံများအုပ်စုဟု သတ်မှတ်ချက်များသည် စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုအရ တည်ငြိမ်မှုများအပေါ် တည်မှီနေသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ တိုးတက်လာခြင်းနှင့်အတူ ကမ္ဘာကြီး၏ အခင်းအကျင်းသည် အဆက်မပြတ် ပြောင်းလဲနေသောကြောင့် ယင်းကဲ့သို့သော အုပ်စုများမှာလည်း ပြောင်းလဲ၍နေနိုင်သည်။

နိုင်ငံတကာ၏ ဖယ်ကြဉ်မှုသည် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် နိုင်ငံများအုပ်စုတစ်စုအား နိုင်ငံတကာက ပိတ်ဆို့မှုများကြောင့် ဖြစ်ပေါ်လာသော ရလဒ်တစ်ခု ဖြစ်တတ်သော်လည်း သက်ဆိုင်ရာ နိုင်ငံတစ်နိုင်ငံက တံခါးပိတ်မူဝါဒ ကျင့်သုံးခြင်းကြောင့် ထွက်ပေါ်လာသော ရလဒ်လည်း ဖြစ်နိုင်သည်။ ဥပမာအားဖြင့် မွမ်မာကဒါဖီလက်ထက် လစ်ဗျားနိုင်ငံသည် ဆယ်စုနှစ်အတန်ကြာ အနောက်တိုင်းနှင့် ထိပ်တိုက်တွေ့ပြီး အမျိုးတူ အာရပ်အစိုးရအဖွဲ့များနှင့် ဆန့်ကျင်သော နိုင်ငံရေးကြောင့် နိုင်ငံတကာ၏ ဖယ်ကြဉ်မှုခံရသော နိုင်ငံဖြစ်ခဲ့သည်။

အခြားနိုင်ငံတစ်နိုင်ငံမှ ခွဲထွက်ခဲ့သော နိုင်ငံများသည်လည်း နိုင်ငံတကာ၏ ဖယ်ကြဉ်မှုခံရနိုင်သည်။ ဥပမာအားဖြင့် ရုရှားစစ်တပ်၏ အကူအညီဖြင့် ဂျော်ဂျီယာနိုင်ငံမှ ခွဲထွက်ခဲ့သော အက်ခါးဇီးယားနိုင်ငံကို နိုင်ငံအနည်းငယ်မျှသာ အသိအမှတ်ပြုကြသည်။  ဆိုက်ပရပ်စ်ကျွန်း၏ မြောက်ပိုင်းဖြစ်သော မြောက်ဆိုက်ပရပ်စ်သည်လည်း အလားတူ အနေအထားမျိုး ကြုံတွေ့ရသည်။ ယင်းကဲ့သို့သော နိုင်ငံများနှင့် ၎င်းတို့၏ အကျိုးစီးပွားများကို ပိုမိုကြီးမားသော အိမ်နီးချင်းက ကာကွယ်ပိတ်ဆို့၍ ထားတတ်သည်။

‘အပယ်ခံနိုင်ငံ’ ကဲ့သို့သော ပို၍ကျယ်ပြန့်စွာ သိကြသည့် စကားရပ် သို့မဟုတ် သဘောတရားကို မိမိဘာသာ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ရှောင်ဖယ်၍နေသော သို့မဟုတ် နိုင်ငံများအုပ်စုတစ်စုက ဖယ်ကြဉ်ထားသော နိုင်ငံများအား ရည်ညွှန်းရာ၌ ခေါ်ဆိုသည်။ ယင်းကဲ့သို့သော နိုင်ငံတစ်နိုင်ငံနှင့် ပတ်သက်သည့် လက္ခဏာရပ်များမှာ သံတမန်အရ ဖယ်ကြဉ်ခံထားရမှု၊ ယုံကြည်စိတ်ချရသော လုံခြုံရေးဆိုင်ရာ ထောက်ပံ့မှု သို့မဟုတ်  အင်အားကြီးမားသော မဟာမိတ်ဖွဲ့စည်းပုံအတွင်း နိုင်ငံရေးအရ အကာအကွယ်ပေးခံရခြင်းချို့တဲ့မှုနှင့် ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာ ဖိုရမ်များအတွင်း စွဲစွဲမြဲမြဲ မညှာမတာ ကဲ့ရဲ့ပြစ်တင်ခံရမှုနှင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံရမှုတို့ဖြစ်ကြသည်။ ယင်းကဲ့သို့သော နိုင်ငံမှာ ၁၉၇၉ ခုနှစ်နောက်ပိုင်း ကမ်ပူးချားနိုင်ငံဖြစ်သည်။ ထိုစဉ်က ခမာအစိုးရကို ဖြုတ်ချရန် ဗီယက်နမ်တို့၏ ၀င်ရောက်မှုကို အတည်မပြုပေးသည့်အတွက် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံစလုံးသည် ကမ်ပူးချားကို ဖယ်ကြဉ်ခဲ့သည်။ အခြားဥပမာတစ်ရပ်မှာ  နိုင်ငံတကာသဘောတူညီချက်များကို ပယ်ချသည့် သို့မဟုတ် လိုက်နာခြင်းမရှိသည့် နိုင်ငံများကို ဖယ်ကြဉ်ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဖန်လုံအိမ်အာနိသင်ကို ဖြစ်စေသော ဓာတ်ငွေ့များအား ကန့်သတ်ထိန်းချုပ်သည့် ကျိုတိုသဘောတူညီချက်အား မလိုက်နာသည့် ကနေဒါနိုင်ငံသည် အဆိုပါ ဥပမာမျိုးဖြစ်သည်။ နိုင်ငံတကာဖယ်ကြဉ်ခံရမှုကြောင့် ခံရသော သက်ရောက်မှုများအနက် အဖြစ်အများဆုံးမှာ လူ့အဖွဲ့အစည်းအတွင်း ပစ္စည်းဥစ္စာ မပြည့်စုံသူများ ဆင်းရဲမွဲတေသွားခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတကာ၏ ဖယ်ကြဉ်မှုကြောင့် အဆိုးရွားဆုံးဒဏ်ခံရမည့် သူများမှာ အောက်ဆုံးလွှာမှ ပြည်သူများသာဖြစ်ပါကြောင်းThe Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(စက်တင်ဘာ ၁၂ ရက်နေ့ The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

ပရော်ဖက်ရှင်နယ်တစ်ဦးဟူသည် . . .

မိမိ ရွေးချယ်ထားသော နယ်ပယ်တစ်ရပ်၌ ပရော်ဖက်ရှင်နယ်ဖြစ်ခြင်းဟူသည် ဂျုတီကုတ်ကဲ့သို့သော သက်ဆိုင်ရာ လုပ်ငန်းဝတ်စုံကို ၀တ်ဆင်လိုက်ခြင်း၊ ဘွဲ့လက်မှတ် တစ်ခုကို ပိုင်ဆိုင်ခြင်း သို့မဟုတ် ရာထူးတာဝန်တစ်ခု၌ ရှိနေခြင်း အစရှိသည်တို့ထက် များစွာပိုပေသည်။ ပရော်ဖက်ရှင်နယ်လစ်ဇင်ဟူသည် မိမိ၏ လုပ်ငန်းရေးရာကိစ္စရပ်များ အတွင်း မိမိကိုယ်တိုင် မည်သို့မည်ပုံ စောင့်ထိန်းလိုက်နာ ဆောင်ရွက်သနည်းဟူသည်နှင့် သက်ဆိုင်သည်။ စစ်မှန်သော ပရော်ဖက်ရှင်နယ်များသည် မည်သည့်လုပ်ငန်း အမျိုးအစား၌မဆို အကျုံးဝင်နိုင်သည့် အရေးကြီးသော စရိုက်လက္ခဏာရပ်များကို ပိုင်ဆိုင်ထားကြသည်။

အသွင်အပြင် – ပရော်ဖက်ရှင်နယ်တစ်ဦးသည် အသွင်အပြင်အရ သပ်ရပ်နေရမည် ဖြစ်သည်။ မိမိကုမ္ပဏီ၏ ၀တ်စားဆင်ယင်မှုဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာသည်ထက်ပင် ပိုမိုရမည်ဖြစ်သည်။ အထူးသဖြင့် အလုပ်လျှောက်ထားသူများ သို့မဟုတ် လုပ်ငန်း ဖောက်သည်များကို တွေ့ဆုံရသည့်အခါ မိမိအသွင်အပြင်ကို ပို၍ပင် ဂရုစိုက်ရန် လိုအပ်သည်။

ပြောဆိုပြုမူပုံ – မိမိ၏ ပြောဆိုပြုမူပုံသည် ယုံကြည်မှုရှိရမည်ဖြစ်သော်လည်း မောက်မာထောင်လွှားသော ပုံစံမျိုးပေါက်မနေစေရန် လိုအပ်သည်။ ဖောက်သည်များ၊ အထက်လူကြီးများ၊ လုပ်ဖော်ကိုင်ဖက်များ စသဖြင့် မည်သူနှင့် ပြောဆိုဆက်ဆံရာ၌ဖြစ်စေ ယဉ်ကျေးသိမ်မွေ့ပြီး ကောင်းမွန်စွာ ပြောဆိုရန် လိုအပ်သည်။ တင်းမာနေသည့် အနေအထားများ၌ပင်လျှင် တည်ငြိမ်မှုကို ထိန်းထားနိုင်ရန် လိုအပ်သည်။

ယုံကြည်စိတ်ချရမှု – ပရော်ဖက်ရှင်နယ်တစ်ဦးအဖြစ် အလုပ်ပြီးမြောက်စေရေး နည်းလမ်းကို ရှာဖွေရန် မိမိအပေါ် ယုံကြည်စိတ်ချမှု ရှိလာစေရန် လိုအပ်သည်။ လူများကို အလျင်အမြန် တုံ့ပြန်ရန်နှင့် အချိန်နှင့်တစ်ပြေးညီ ပေးထားသည့် ကတိအတိုင်း ဆောင်ရွက်ပေးရန် အရေးကြီးသည်။

လုပ်ရည်ကိုင်ရည် – ပရော်ဖက်ရှင်နယ်များသည် မိမိတို့နယ်ပယ်တွင် ကျွမ်းကျင်ပိုင်နိုင်သူများ ဖြစ်လာရန် အားထုတ်ကြသူများဖြစ်သည်။ ယင်းကပင်လျှင် မိမိတို့အား အခြားသူများနှင့် ကွဲပြားလာစေရန် တည်ဆောက်နေမှုများ ဖြစ်သည်။ သက်ဆိုင်ရာ သင်ခန်းစာများကို လေ့လာခြင်း၊ ဆွေးနွေးပွဲများ တက်ရောက်ခြင်း၊ မိမိပရော်ဖက်ရှင်နှင့် ဆက်နွှယ်နေသော မည်သည့်စာတမ်းဖတ်ပွဲများကိုမဆို တက်ရောက်ခြင်း အစရှိသည်တို့ဖြင့် မိမိ၏ ပညာရှာမှီးရေး လမ်းကြောင်းကို အဆက်မပြတ် လိုက်နေရန် လိုအပ်သည်။

ကျင့်ဝတ် – ဆရာဝန်များ၊ ရှေ့နေများနှင့် အစိုးရစာရင်းကိုင်များ ကဲ့သို့သော ပရော်ဖက်ရှင်နယ်များသည် ကျင့်ဝတ်နှင့်ပတ်သက်သော တင်းကျပ်သည့် စည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။ မိမိ၏ ကုမ္ပဏီ သို့မဟုတ် လုပ်ငန်း၌ ရေးဆွဲထားသော ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ မရှိသည့်တိုင် မိမိအနေဖြင့် အချိန်တိုင်း ကျင့်ဝတ်နှင့် လျော်ညီသော အမူအကျင့်များကို ပြသရန်လိုသည်။

မိမိ၏ ဣနြေ္ဒကို စောင့်ထိန်းခြင်း – ခက်ခဲသော အနေအထားတစ်ရပ်ကို ရင်ဆိုင်ရသည့်အခါ၌ပင်လျှင် ပရော်ဖက်ရှင်နယ်တစ်ဦးသည် မိမိ၏ဣနြေ္ဒကို စောင့်ထိန်းရန် လိုအပ်သည်။ ဥပမာအားဖြင့် မိမိ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦး သို့မဟုတ် ဖောက်သည်တစ်ဦးက မိမိအပေါ် ရန်လိုသည့် အပြုအမူတစ်ရပ် ပြုသည့်တိုင် မိမိအနေဖြင့် တူညီသော အပြုအမူမျိုးဖြင့် မတုံ့ပြန်သင့်ပေ။

ဖုန်းနှင့်ပတ်သက်သော ကျင့်ဝတ် – ဖုန်းနှင့်ပတ်သက်သော ကျင့်ဝတ်သည် ပရော်ဖက်ရှင်နယ် အပြုအမူအတွင်း အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ဖုန်းခေါ်ဆိုသည့်အခါ မိမိ၏ နာမည်အပြည့်အစုံ၊ ကုမ္ပဏီအမည်နှင့် ရာထူးအပြည့်အစုံကို ဖော်ပြရမည်ဖြစ်သည်။ အပြန်အလှန် စကားပြောဆိုမှုကို လွှမ်းမိုးရန် မကြိုးစားဘဲ တစ်ဖက်သား ပြောကြားမှုအား စိတ်ရှည်လက်ရှည် နားထောင်ပေးရမည်ဖြစ်သည်။

စာများ ရေးသားခြင်း – လုပ်ငန်းနှင့်ပတ်သက်သော စာရေးသား ဆက်သွယ်မှုတွင် တိုတိုနှင့် လိုရင်းကို ဖော်ပြရမည်ဖြစ်သည်။ စာရေးသားသည့် လေသံသည် ယဉ်ကျေးသိမ်မွေ့ကာ ကိန်းကြီးခန်းကြီးမနိုင်ဘဲ နည်းလမ်းတကျ ဖြစ်ရမည်ဖြစ်သည်။

စုစည်းနိုင်သည့် ကျွမ်းကျင်မှု – ပရော်ဖက်ရှင်နယ်တစ်ဦးသည် လိုအပ်သည့် အရာကို အလျင်အမြန် အလွယ်တကူ ရှာဖွေနိုင်ရမည်ဖြစ်သည်။ မိမိလုပ်ငန်းခွင်သည် သပ်ရပ်ကာ စုစုစည်းစည်း ရှိရမည်ဖြစ်သည်။ မိမိ၏ ချိန်းဆိုထားမှုများနှင့် တင်ပြမှုများအတွက် လိုအပ်သည့် အရာများကိုသာလျှင် မိမိ၏ လက်ဆွဲအိတ်ထဲ၌ ထည့်ထားသင့်သည်။

တာဝန်ခံမှု – ပရော်ဖက်ရှင်နယ်များသည် မည်သည့်အချိန်၌မဆို မိမိတို့ လုပ်ဆောင်ချက်တိုင်းအတွက် တာဝန်ခံထားရသည်။ အမှားတစ်ခု လုပ်မိပါက ယင်းအတွက် ပြန်လည်ပေးဆပ်ရပြီး ဖြစ်နိုင်သမျှ ပြန်လည်ပြင်ဆင်နိုင်ရန် ကြိုးပမ်းရသည်။ လုပ်ဖော်ကိုင်ဖက်တစ်ဦးအပေါ် အပြစ်ပုံချရန် ကြိုးပမ်းခြင်း မပြုအပ်ပေ။ မိမိကုမ္ပဏီတစ်ခုလုံး အနေဖြင့် အမှားလုပ်မိပါကလည်း တာဝန်ယူကာ ယင်းကိစ္စကို ဖြေရှင်းနိုင်ရန် လုပ်ဆောင်ရသည်။

ထို့ကြောင့် ပရော်ဖက်ရှင်နယ်တစ်ဦး ရှိရမည့် စရိုက်လက္ခဏာရပ်များနှင့် လျော်ညီသောသူများကိုသာ ပရော်ဖက်ရှင်နယ်များဟု ခေါ်ဆိုနိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

အပြောနှင့် အလုပ်

အသေးငယ်ဆုံး လုပ်ဆောင်မှုသည် အကြီးမားဆုံး ရည်ရွယ်ထားမှုထက် ပို၍ကောင်းသည်။

■ ဂျွန်ဘော်ရို (၁၈၃၇-၁၉၂၁)

အမေရိကန် အက်ဆေးဆရာ

 

တစ်စုံတစ်ရာကို လုပ်ဆောင်မည်ဟု ပြောခြင်းနှင့် တစ်စုံတစ်ရာကို အမှန်တကယ် လုပ်ဆောင်လိုက်ခြင်းတို့အကြား အကြီးအကျယ် ကွဲပြားခြားနားသည်ကို လူတိုင်း သိကြသည်။ မည်သူမဆို “ငါ ဒါကို လုပ်နိုင်တယ်” ဟု ပြောတတ်ကြသည်။ သို့သော် ပြောသည့်အတိုင်း အမှန်တကယ် လုပ်ဆောင်ကြပါ၏လော။

လူပေါင်းများစွာတို့သည် ၎င်းတို့၏ ရည်မှန်းချက်များနှင့် အိပ်မက်များကိုတွင်တွင် ပြောလျှင် ဖြစ်လာလိမ့်မည်ဟု ယုံကြည်တတ်ကြသည်။ ကံမကောင်း အကြောင်းမလှစွာပင် ပြုဖွယ်ဆောင်တာနှင့် အမှန်တကယ် လုပ်ဆောင်မှုတို့အကြား ကွဲပြားခြားနားလျက်ရှိသည်။ မိမိအလိုရှိရာကို ပြောခြင်းမှတစ်ဆင့်သွားခြင်းသည်လည်း မိမိ၏ ရည်မှန်းရာများကို ဆောင်ရွက်နေခြင်းမှနေ၍ ကွဲပြားခြားနားသည်။ အ၀တ်လျှော်၊ မီးပူတိုက်၊ ဈေးဝယ် အစရှိသော ကိစ္စများကဲ့သို့ နေ့စဉ်ပြုဖွယ်ကိစ္စများဖြင့် မအားလပ်အောင် ရှိခြင်းသာမက အလုပ်နှင့် ဆက်နွှယ်နေသော ဖုန်းခေါ်ဆိုမှုများကို ပြန်လည်ဖြေကြားခြင်းနှင့် အစည်းအဝေးထိုင်ခြင်းကဲ့သို့သော အလုပ်များသည်ပင်လျှင် ထုတ်လုပ်မှုရှိသော အလုပ်များနှင့် ကွဲပြားခြားနားသေးသည်။ ထုတ်လုပ်မှုရှိသော အလုပ်များဟူသည် ပိုမိုကြီးမားသော ရည်မှန်းချက်များကို အကောင်အထည်ဖော်ခြင်း သို့မဟုတ် ပို၍ကြီးမားသော အခွင့်အလမ်းများဆီသို့ ဦးတည်စေရန် အထောက်အကူပြုခြင်းတို့နှင့် ပတ်သက်နေသော အလုပ်များ ဖြစ်သည်။

လူများစွာတို့သည် ရည်မှန်းထားသော အလုပ်တစ်ခုကို စတင်ကာစ၌ အလွန်အဆင်ပြေ ကောင်းမွန်တတ်ကြသည်။ ယင်းကို ပြီးပြည့်စုံပြီဟုလည်းကောင်း၊ မိမိကိုယ်မိမိ ကျွမ်းကျင်ပိုင်နိုင်သည်ဟုလည်းကောင်း မမှတ်ယူအပ်ပေ။ ပြီးပြည့်စုံပြီဟု ထင်ခြင်းသည် တိုးတက်မှု၏ ရန်သူဖြစ်ပြီး ကျရှုံးမှုဆီသို့ ဦးတည်သွားစေနိုင်သည်။ တစ်စုံတစ်ရာကို ကျွမ်းကျင်ပိုင်နိုင်ရေးအတွက် အဓိကထားနေမည့်အစား တစ်ဆင့်ပြီးတစ်ဆင့် ရှေ့သို့တိုး၍ တိုး၍ သွားနိုင်ရေးကိုသာ ဦးစားပေးရမည်ဖြစ်သည်။ တစ်စုံတစ်ရာသည် ပြီးပြည့်စုံမှု မရှိပါက ပျင်းရိသွားခြင်း၊ စိတ်မပါတော့ခြင်း မဖြစ်သင့်ပေ။ အစွမ်းအစရှိသူများစွာတို့သည် ရည်မှန်းထားသည့် အလုပ်များစွာတို့ကို စတင်ပြီးနောက် ပျင်းရိသွားခြင်း သို့မဟုတ် စိတ်မပါတော့ခြင်း သို့မဟုတ် အခြားသူများက ဟန့်တားခြင်း အစရှိသည်တို့ကြောင့် စွန့်လွှတ်လိုက်တတ်ကြသည်။ အလွန်နည်းပါးသော သူတို့သည်သာလျှင် အရာရာကို လုပ်ကိုင်သည့်အတိုင်း အဆင်ပြေမည်ဖြစ်သည်။ တစ်စုံတစ်ရာကို အပြီးသတ်နိုင်ရေးကသာ ပို၍ အရေးကြီးပြီး အပြီးသတ်အထိ မရောက်မချင်း အပြစ်အနာအဆာ ရှိတတ်သည်သာ ဖြစ်သည်။ မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲပြီး အနည်းငယ်သာ အားထုတ်သူများသည်လည်း ပန်းတိုင်နှင့် ဝေးကွာ၍ နေတတ်ကြသည်။ မိမိ၏ ရည်မှန်းချက်များဆီသို့ သွားမည့် ခြေလှမ်းများအား တားဆီးကာကွယ်မည့် အခြေအနေရပ်များက အမြဲတမ်း ရှိနေမည်သာ ဖြစ်သည်။ မိမိအနေဖြင့် တစ်ခါတစ်ရံ ယာယီရပ်နားကာ အချိန်ကောင်းကို စောင့်ရတတ်သည်။ အချိန်တန်သည်နှင့် မိမိအလိုရှိရာကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ အပြောသည် အလုပ်မဟုတ်ဘဲ အလုပ်တစ်ခုကသာ လုံးဝ ကွဲပြားခြားနားသော တစ်စုံတစ်ရာကို ဆောင်ကြဉ်းပေးနိုင်သောကြောင့် ပထမဆုံးခြေလှမ်းကို ယခုပင် စ၍ လှမ်းလိုက်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(စက်တင်ဘာ ၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

နိုင်ငံရေးသမားနှင့် ရိုးသားမှု

နိုင်ငံရေးနှင့် ကိုယ်ကျင့်တရားကို သီးခြားစီခွဲလျက်ထားရန် ဆန္ဒရှိသူတို့သည် ယင်းနှစ်ရပ်စလုံးကို မည်သည့်အခါမျှ နားလည်လာမည်မဟုတ်ဟု ပြင်သစ်တွေးခေါ်ရှင် ရူးဆိုးက ဆိုသည်။ နိုင်ငံရေးကျင့်သုံးမှုသည် ရိုးသားမှုနှင့်ပတ်သက်သော အရေးပါသည့်အရာများနှင့် ညီညွတ်ရမည်ဖြစ်သည်။ သို့သော် နိုင်ငံရေးသမားတစ်ဦး၌ မည်သည့်အရာများသည် ရိုးသား၍ မည်သည့်အရာများသည် မရိုးသားသနည်းဟူ၍လည်းကောင်း၊ နိုင်ငံရေး သမားတစ်ဦးအနေဖြင့် လုံးဝရိုးသားမှု ရှိနိုင်ပါမည်လားဟူ၍လည်းကောင်း မေးခွန်းများ ပေါ်ထွက်လာသည်။ ယင်းမေးခွန်းများသည် ဒီမိုကရေစီ၏ အချက်အချာ ဖြစ်လာသည်။

နိုင်ငံရေးဆိုင်ရာ မရိုးသားမှုသည် အသွင်အမျိုးမျိုးဖြင့် ပေါ်ထွက်လာနိုင်သည်။ တစ်မျိုးမှာ မရိုးသားသူတစ်ဦးအဖြစ် စတင်ပေါ်ထွက်လာသည့် ပုံစံမျိုးဖြစ်သည်။ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် မည်သည့်အခြေအနေရပ်တွင်မဆို မရိုးသားသော ခေါင်းဆောင်၊ မရိုးသားသော သဘောတရားရေးရာဆရာနှင့် မရိုးသားသော သံတမန်များဖြစ်ကြသည်။ အခြားတစ်မျိုးမှာ အလေးအနက်မရှိသူမျိုးဖြစ်သည်။ ထုံထိုင်းကာ အပျော်တမ်းဆန်သူမျိုး ဖြစ်သည်။ ယင်းကဲ့သို့သောပုဂ္ဂိုလ်မျိုး၏ လုပ်ရပ်များသည်လည်း ၎င်းက ချဉ်းကပ်ရန် ရည်ရွယ်သော အကျိုးစီးပွားများကို ထိခိုက်စေသည်။

အခြားတစ်ဖက်တွင်လည်း နိုင်ငံရေးဆိုင်ရာ လောင်းကစားသမားများဟု ခေါ်ဆိုနိုင်သူများ ရှိသည်။ ၎င်းတို့သည် မိမိတို့၏ ကျွမ်းကျင်မှုကို မကောင်းသောနေရာ၌ အသုံးပြုကြသူများဖြစ်သည်။ ၎င်းတို့သည် ကျွမ်းကျင်သူများဖြစ်သော်လည်း ရက်စက်တတ်ပြီး လူသားဆန်သောစိတ် မရှိဘဲ မိမိအား ဝေဖန်တုံ့ပြန်မှုများကို ရှောင်ရှားတတ်ကြသည်။ ယင်းကဲ့သို့သော ပုဂ္ဂိုလ်များကို ပြဿနာရှာသူများဟု ခေါ်ဆိုနိုင်ပြီး မည်ကဲ့သို့သော အန္တရာယ်ရှိသည်ဖြစ်စေ၊ အခြားသူများအား မည်မျှထိခိုက်နိုင်သည်ဖြစ်စေ ၎င်းကိုယ်တိုင်၏ ဘ၀တိုးတက်ရေး ရည်မှန်းချက်များနောက်သို့သာ လိုက်တတ်ကြသည်။

အခြားအစွန်းရောက်သောပုဂ္ဂိုလ် အမျိုးအစားတစ်ရပ်ရှိသေးသည်။ ယင်းမှာ တုံးအသော၊ စိတ်ကူးယဉ်ဆန်လွန်းသော၊ သူရဲကောင်းဆန်သည့် စတန့်များ လုပ်ပြသောသူများဖြစ်ပြီး ၎င်းတို့သည်လည်း မရိုးသားသူများပင်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့အား သူတော် စင်ဟုလည်းကောင်း၊ သူရဲကောင်းဟုလည်းကောင်း မှတ်ယူအောင် နေတတ်ကြသည်။ သို့သော် သမိုင်းသည် စိတ်ကူးယဉ်စရာကိစ္စ မဟုတ်သောကြောင့် နိုင်ငံရေးသမား၏ အတ္ထုပ္ပတ္တိသည် သူတော်စင်တစ်ဦးနှင့် တူမည်မဟုတ်ပါ။ နိုင်ငံရေးသမားသည် သူတော်စင်မဟုတ်ဘဲ နိုင်ငံရေးသမားသာ ဖြစ်သောကြောင့် လုပ်သင့်လုပ်ထိုက်သည့် အရာများကို လုပ်ရမည့်သူသာဖြစ်သည်။ အတိုချုပ်အားဖြင့် ရိုးသားသော နိုင်ငံရေးသမားတစ်ဦးသည် မူဝါဒသဘောတရားများအပေါ် တည်ဆောက်ထားသည့် လက်တွေ့ဆန်မှုနောက်သို့သာ လိုက်ပြီး အမြဲတမ်း အပြုသဘောဆောင်သည့် သဘောထားရှိသော်လည်း မနှစ်မြို့ဖွယ်အရာများကို ထုတ်ပြောရဲသည့် သတ္တိရှိသည်။

အမှန်တကယ် အုပ်ချုပ်စေခြင်းသည် နိုင်ငံရေးဆိုင်ရာ ရိုးသားမှုအတွက် အကောင်းဆုံးသော စမ်းသပ်ချက်ဖြစ်တတ်သည်။ ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံရေးသမားများသည် အတိုက်အခံများအနေဖြင့် အာဏာရှိစဉ် ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်းမရှိကြောင်း သက်သေပြရန်အတွက် အခြားသူများကို ဝေဖန်ရန် လိုအပ်သည်။ သို့မှသာ မဲဆန္ဒရှင်များအနေဖြင့် မရိုးသားသူများကို မဲဆန္ဒပေးရာ၌ အပြစ်ပေးနိုင်မည် ဖြစ်သည်။ ရိုးသားသော နိုင်ငံရေးသမားတစ်ဦးအတွက် အခက်ခဲဆုံးစမ်းသပ်ချက်တစ်ရပ်သည် လူကြိုက်မများသော်လည်း မှန်ကန်သော အဆိုတစ်ရပ်ကို ခုခံကာကွယ်ရမည့်အချိန်၌ ဖြစ်ပေါ်လာသည်။ ယင်းစမ်းသပ်ချက်ကို မည်သည့်နိုင်ငံရေးသမားမျှ မကြုံလိုပါ။ အထူးသဖြင့် ရွေးကောက်ပွဲများ နီးချိန်၌ဖြစ်သည်။ သို့သော် မရိုးသားသည့် နိုင်ငံရေးသမားသာလျှင် နိုင်ငံရေးကို လူကြိုက်များမှုနှင့် ချိန်ညှိတတ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုသည် ယင်းနိုင်ငံရှိ နိုင်ငံရေး သမားအများစု နိုင်ငံရေးအရ မည်မျှရိုးသားသနည်းဟူသည်နှင့် တိုက်ရိုက်အချိုးကျနေ မည်ဖြစ်ပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

(စက်တင်ဘာလ ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

နိုင်ငံတော်အကျိုးစီးပွား၏ အမျိုးအစားများ

“နိုင်ငံတော်အကျိုးစီးပွားဟူသည် ရုပ်ပိုင်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာရပ်များကို အခြားနိုင်ငံများက ၀င်ရောက်စွက်ဖက်ထိပါးခြင်းမှနေ၍ ကာကွယ်စောင့်ရှောက်မှုအား ဆက်လက်ရှင်သန်အောင် ပြုလုပ်ရေးဖြစ်သည်”
မော်ဂင်ဆော (၁၉၀၄-၁၉၈၀)
အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးပညာရှင်

နိုင်ငံတော်အကျိုးစီးပွားသည် နိုင်ငံတကာဆက်ဆံရေး၌ အဓိကကျသော သဘောတရားတစ်ရပ် ဖြစ်သည်။ နိုင်ငံအားလုံးသည် ၎င်းတို့၏ နိုင်ငံတော်အကျိုးစီးပွားဆိုင်ရာ ရည်မှန်းချက် ပန်းတိုင်များ ပြည့်ဝစေရန် သို့မဟုတ် လုံခြုံစေရန် လုပ်ငန်းစဉ်တစ်ရပ်ကို အမြဲထမ်းဆောင်နေရသည်။ နိုင်ငံအသီးသီးတို့၏ နိုင်ငံခြားရေးမူဝါဒသည် ၎င်းတို့၏ နိုင်ငံတော် အကျိုးစီးပွားပေါ်၌ အခြေခံကာ တွက်ချက်ထားခြင်းဖြစ်သည်။ နိုင်ငံတိုင်း အနေဖြင့် ၎င်းတို့၏ နိုင်ငံတော်အကျိုးစီးပွားကို လုံခြုံအောင် ပြုလုပ်ပိုင်ခွင့်အား တစ်ကမ္ဘာလုံးက လက်ခံထားကြသည်။ နိုင်ငံတစ်နိုင်ငံ၏ အမူအကျင့်များသည် ၎င်း၏ နိုင်ငံတော်အကျိုးစီးပွား၏ ချုပ်ကိုင်မှုခံရပြီး ယင်းအကျိုးစီးပွားအလိုက် ပြောင်းလဲနေမည်ဖြစ်သည်။ နိုင်ငံအသီးသီးတို့က လုံခြုံရန် ကြိုးပမ်းသော နိုင်ငံတော်အကျိုးစီးပွား အမျိုးအစား ခြောက်ရပ်ရှိသည်။

ပထမအကျိုးစီးပွား – ယင်းအကျိုးစီးပွားများသည် မည်သည့်နိုင်ငံကမျှ အထိပါးမခံနိုင်သော အကျိုးစီးပွားများ ဖြစ်သည်။ ယင်းတွင် ရုပ်ပိုင်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာရပ်များကို အခြားနိုင်ငံများက ၀င်ရောက်စွက်ဖက် ထိပါးခြင်းမှနေ၍ ထိန်းသိမ်းစောင့်ရှောက်ရေး ပါဝင်သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် ယင်းအကျိုးစီးပွားများအတွက် မည်သည့်နည်းနှင့်မဆို ခုခံကာကွယ်ရမည်ဖြစ်သည်။

ဒုတိယအကျိုးစီးပွား – ယင်းသည် ပထမအကျိုးစီးပွားထက် အရေးကြီးမှု လျော့နည်းသည်။ သို့သော် နိုင်ငံတစ်နိုင်ငံ၏ ဖြစ်တည်မှုအတွက် လုံးဝအရေးပါသည်။ ယင်းတွင် ပြည်ပသို့ ရောက်ရှိနေသော မိမိနိုင်ငံသားများကို ကာကွယ် စောင့်ရှောက်ရေးနှင့် ပြည်ပတွင် သံတမန်ဝန်ထမ်းများအတွက် အပြစ်ပေးမှုမှ သံတမန်ဆိုင်ရာ ကင်းလွတ်ခွင့် ရရှိရန် သေချာစေရေးတို့ ပါဝင်သည်။

အမြဲတမ်းအကျိုးစီးပွား – ယင်းသည် ရေရှည်နိုင်ငံတော် အကျိုးစီးပွားကို ရည်ညွန်းသည်။ ယင်းကိစ္စသည် ပြောင်းလဲမှု အလွန်နှေးကွေးသောသဘော ရှိသည်။ အမေရိကန်သည် သူ၏အကျိုးစီးပွားအဖြစ် သြဇာသက်ရောက်မှု အ၀န်းအ၀ိုင်းကို ထိန်းထားခြင်းနှင့် သမုဒ္ဒရာအားလုံး၌ လွတ်လပ်စွာ သွားလာခွင့်ကို ထိန်းသိမ်းထားခြင်းတို့သည် အမြဲတမ်း အကျိုးစီးပွားအတွက် နမူနာများဖြစ်သည်။

အပြောင်းအလဲရှိသော အကျိုးစီးပွား – ယင်းကဲ့သို့သော အကျိုးစီးပွားများသည် သက်ဆိုင်ရာ အခြေနေရပ်တစ်ခုအတွင်း နိုင်ငံ၏ ကောင်းကျိုးအတွက် အလွန်အရေးကြီးသည်ဟု သတ်မှတ်ထားသောကိစ္စများ ဖြစ်သည်။ သဘောတရားအရ ယင်းသည် ပထမ အကျိုးစီးပွားနှင့် အမြဲတမ်းအကျိုးစီးပွား နှစ်ရပ်စလုံးမှနေ၍ ကွဲပြားသွားနိုင်သည်။ အပြောင်းအလဲရှိသော အကျိုးစီးပွားကို လက်ရှိပုဂ္ဂိုလ်ရေး အပြန်အလှန်လမ်းကြောင်းများ၊ ပြည်သူ့သဘောထား၊ ကဏ္ဍအလိုက် အကျိုးစီးပွားများ၊ ဘက်အလိုက်နိုင်ငံရေး၊ နိုင်ငံရေးဆိုင်ရာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ လမ်းကြောင်းများ အစရှိသည်တို့က အကြီးအကျယ် လွှမ်းမိုးသည်။

အထွေထွေအကျိုးစီးပွား – နိုင်ငံတစ်နိုင်ငံ၏ အထွေထွေအကျိုးစီးပွားသည် နိုင်ငံပေါင်းများစွာရှိ သို့မဟုတ် စီးပွားရေး၊ ကုန်သွယ်ရေး၊ သံတမန်ဆက်ဆံရေး အစရှိသော သီးခြားနယ်ပယ်ပေါင်းများစွာရှိ အပြုသဘောဆောင်သော အခြေအနေရပ်များကို ရည်ညွှန်းသည်။ နိုင်ငံတကာငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်သည် နိုင်ငံအားလုံး၏ အထွေထွေ အကျိုးစီးပွားဖြစ်သည်။ လက်နက်ဖျက်သိမ်းခြင်းနှင့် လက်နက်ထိန်းချုပ်ခြင်းတို့သည် ယင်းအမျိုးအစားထဲ၌ ပါဝင်သည်။

သီးခြားအကျိုးစီးပွား – ယင်းတို့သည် အထွေထွေအကျိုးစီးပွားဆိုင်ရာ ယုတ္တိဗေဒကျသော ရလဒ်ဖြစ်ပြီး ကာလနှင့် ဒေသကိုလိုက်၍ သတ်မှတ်နိုင်သည်။ ဒေသတွင်းတစ်ခုအတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတစ်ရပ်ကို ထိန်းသိမ်းခြင်းသည် ယင်းအမျိုးအစား ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတိုင်းအနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံတော်အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရသည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

ရာဇ၀တ်မှုဆိုင်ရာ ဥပဒေ၏ ရည်ရွယ်ချက်များ

ရာဇ၀တ်မှုဆိုင်ရာ ဥပဒေသည် ရာဇ၀တ်မှုနှင့် ဆက်နွှယ်နေသော ဥပဒေ၏ အဓိက အစိတ်အပိုင်းဖြစ်သည်။ ယင်းကို ပြည်သူတို့၏ အိုးအိမ်စည်းစိမ်၊ ကျန်းမာရေး၊ ဘေးကင်းလုံခြုံမှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကောင်းကျိုးချမ်းသာတို့အပေါ် ခြိမ်းခြောက်မှု၊ ထိခိုက်စေမှု သို့တည်းမဟုတ် တစ်နည်းအားဖြင့် အန္တရာယ်ပြုမှုအဖြစ် မှတ်ယူထားသည့် လုပ်ဆောင်ချက်များကို တားမြစ်ပိတ်ပင်ရန် ချမှတ်ထားခြင်းဖြစ်သည်။ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေအများစုကို ဥပဒေပြု အာဏာပိုင်အဖွဲ့က ပြဋ္ဌာန်းသည့် ဥပဒေများအဖြစ် ထူထောင်ထားခြင်းဖြစ်သည်။ ယင်းတွင် အဆိုပါ ဥပဒေများကို ချိုးဖောက်သူများအား အပြစ်ပေးမှု ပါဝင်သည်။ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေများသည် တရားစီရင်ပိုင်ခွင့်အရ အမျိုးမျိုး ကွဲပြားကြပြီး အငြင်းပွားမှု ဖြေရှင်းရေးနှင့် အပြစ်ပေးခြင်းထက် ထိခိုက်နစ်နာသူကို ပေးလျော်စေရေးတို့အပေါ် အဓိကထားသည့် တရားမမှုများနှင့် ကွဲပြားခြားနားသည်။ ရာဇ၀တ်မှုဆိုင်ရာ လုပ်ငန်းစဉ်ကို ပြစ်မှုကျူးလွန်ကြောင်း အချက်အလက်များဖြင့် သက်သေပြခြင်းနှင့် ကျူးလွန်သူကို အပြစ်ပေးပိုင်ခွင့်ရှိခြင်းတို့ ပါဝင်သည့် တရားဝင်လုပ်ဆောင်ချက် အဖြစ် ပုံသေသတ်မှတ်ထားသည်။

အပြစ်ဒဏ်ချမှတ်ခြင်းအားဖြင့် ရာဇ၀တ်မှုဆိုင်ရာ ဥပဒေအား ဖော်ဆောင်မှုအတွက် အများလက်ခံထားသော ရည်ရွယ်ချက်ငါးရပ်ရှိသည်။ ၎င်းတို့မှာ ဒဏ်ခတ်ခြင်း၊ ဟန့်တားခြင်း၊ မကျူးလွန်နိုင်အောင် ပြုလုပ်ခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းနှင့် ပြန်လည်ထိန်းသိမ်းပေးခြင်းတို့ ဖြစ်သည်။

ဒဏ်ခတ်ခြင်း – ရာဇ၀တ်မှု ကျူးလွန်သူများကို တစ်နည်းနည်းဖြင့် အပြစ်ပေးသင့်သည်သာဖြစ်သည်။ ယင်းကို အများစုက ရည်ရွယ်ချက်အဖြစ် ရှုမြင်ကြသည်။ ပြစ်မှုကျူးလွန်သူများသည် အခြားသူများအပေါ် မလျော်ကန်သော အားသာချက်ရယူခြင်း သို့မဟုတ် မမျှတသော ထိခိုက်နစ်နာစေမှုဖြစ်စေခြင်း ပြုခဲ့ကြပြီး ရာဇ၀တ်မှုဆိုင်ရာ ဥပဒေပြစ်မှု ကျူးလွန်သူများကို ပြန်လည်ပေးဆပ်မှုအနေဖြင့် မနှစ်မြို့ဖွယ်ကောင်းသော ဆိုးကျိုးတစ်ရပ် ပြန်လည် ခံစားစေခြင်းဖြစ်သည်။ ပြည်သူများသည် ၎င်းတို့အနေဖြင့် အသတ်မခံရရေး အခွင့်အလမ်းကိုရရှိရန် ဥပဒေများကို လိုက်နာခြင်းဖြစ်ပြီး လူများသည် ယင်းဥပဒေများကို ချိုးဖောက်ပါက ၎င်းတို့ကိုယ်တိုင်အပေါ် ဥပဒေက အာမခံပေးထားသည့် အခွင့်အရေးများကို စွန့်လွှတ်လိုက်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် လူသတ်မှု ကျူးလွန်သူသည် မိမိကိုယ်မိမိ ကွပ်မျက်လိုက်သည့် သဘောပင်ဖြစ်သည်။

ဟန့်တားခြင်း – တစ်ဦးချင်းဆိုင်ရာ ဟန့်တားမှုသည် သက်ဆိုင်ရာ ကျူးလွန်သူအတွက် ရည်ရွယ်ပြီး ထိုသူအား ပြစ်မှုကျူးလွန်သည့် အမူအကျင့်ပပျောက်စေရန် လုံလောက်သည့် ပြစ်ဒဏ်ပေးခြင်းဖြစ်သည်။ အထွေထွေသဘော ဟန့်တားမှုသည် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ချမှတ်ခြင်းအားဖြင့် အခြားသူများကိုလည်း အလားတူကျူးလွန်မှုများ မပြုလုပ်စေရန် သတိပေး ဟန့်တားခြင်းဖြစ်သည်။

မကျူးလွန်နိုင်အောင် ပြုလုပ်ခြင်း – ပြည်သူများကို ၎င်းတို့၏ ကျူးလွန်မှုခံရခြင်းမှနေ၍ ကာကွယ်စောင့်ရှောက်သောအားဖြင့် ပြစ်မှုကျူးလွန်သူများအား လူ့အဖွဲ့အစည်းမှ သီးခြားခွဲထုတ်ကာ ထိန်းသိမ်းထားလိုက်ခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် ယင်းရည်ရွယ်ချက် ပေါက်မြောက်ရန်အတွက် ထောင်ဒဏ်ချမှတ်မှုကို ကျင့်သုံးသည်။ သေဒဏ်ချမှတ်ခြင်းသည်လည်း ဖော်ပြပါ ရည်ရွယ်ချက်အတွက်ပင် ဖြစ်သည်။

ပြန်လည်ထူထောင်ပေးခြင်း – ပြစ်မှုကျူးလွန်သူကို လူ့အဖွဲ့အစည်း၏ တန်ဖိုးရှိသော အဖွဲ့ဝင် တစ်ဦးအဖြစ် အသွင်ပြောင်းပေးရန် ရည်ရွယ်သည်။ ပြစ်မှုကျူးလွန်သူများအား ၎င်းတို့၏ လုပ်ရပ်သည် မှားယွင်းကြောင်း သိမြင်သွားစေခြင်းဖြင့် နောက်ထပ် ပြစ်မှုထပ်မံကျူးလွန်ခြင်း မရှိအောင် ကာကွယ်ခြင်းသည် မူရင်းရည်ရွယ်ချက် ဖြစ်သည်။

ပြည်လည်ထိန်းသိမ်းပေးခြင်း-ကျူးလွန်သူက ကျူးလွန်ခံရသူအပေါ် ထိခိုက်နစ်နာစေသည့် ဒဏ်ရာကို နိုင်ငံတော်အာဏာဖြင့် ပြန်လည်ကုစားပေးရန် ရည်ရွယ်သည်။ ဥပမာအားဖြင့် အလွဲသုံးစားလုပ်ထားသူတစ်ဦးသည် မတရားသဖြင့် ရယူထားသည့်ပမာဏကို ပြန်လည်ပေးဆပ်ရန် လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေများအရ ပြစ်ဒဏ်ပေးခြင်းသည် ဖော်ပြပါ ရည်ရွယ်ချက်များအား အကောင်အထည်ဖော်ခြင်းသာ ဖြစ်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

ဒီမိုကရေစီဆန်သော ခေါင်းဆောင်မှု

ဒီမိုကရေစီဆန်သော ခေါင်းဆောင်မှုကို စုပေါင်းခေါင်းဆောင်မှုဟုလည်းခေါ်ပြီး   ဆုံးဖြတ်ချက် ချမှတ်ရေးလုပ်ငန်းစဉ်တွင် အဖွဲ့ဝင်များ ပါဝင်သော အုပ်စုက ပို၍ပါဝင်သည့်  ခေါင်းဆောင်မှုပုံစံအမျိုးအစား ဖြစ်သည်။ ယင်းခေါင်းဆောင်မှုပုံစံကို ပုဂ္ဂလိကလုပ်ငန်းများမှသည် ကျောင်းများသာမက အစိုးရအဖွဲ့များအထိ မည်သည့်အဖွဲ့အစည်း၌မဆို ကျင့်သုံးနိုင်သည်။ ယင်းခေါင်းဆောင်မှုပုံစံတွင် လူတိုင်းပါဝင်နိုင်ခွင့်ရှိခြင်း၊ စိတ်ကူးစိတ်သန်းများ လွတ်လပ်စွာ ဖလှယ်နိုင်ခြင်းနှင့် ဆွေးနွေးမှုကို အားပေးခြင်းတို့ ပါဝင်သည်။ ဒီမိုကရေစီဆန်သော လုပ်ငန်းစဉ်သည် အုပ်စု၌ အခွင့်အရေးတန်းတူမှုနှင့် စိတ်ကူးစိတ်သန်းများ လွတ်လပ်စွာ စီးဆင်းမှုအပေါ် အဓိကထားသော်လည်း အုပ်စုခေါင်းဆောင်က လမ်းညွှန်မှုနှင့် ထိန်းချုပ်မှုကို ပေးဆဲဖြစ်သည်။

သုတေသနပြုမှုများအရ ဒီမိုကရေစီဆန်သော ခေါင်းဆောင်မှုပုံစံသည် အထိရောက်ဆုံး ပုံစံတစ်ရပ်ဖြစ်ပြီး ပိုမိုမြင့်မားသော ထုတ်လုပ်နိုင်စွမ်း၊ အုပ်စုဝင်များထံမှ ပိုမိုကောင်းမွန်သော ထည့်ဝင်မှုနှင့် အဖွဲ့လိုက် ကိုယ်ကျင့်တရား တိုးတက်မှုတို့ကို ဖြစ်စေကြောင်း တွေ့ရှိရသည်။ ဒီမိုကရေစီဆန်သော ခေါင်းဆောင်မှု၏ အခြေခံကျသော စရိုက်လက္ခဏာ ရပ်အချို့မှာ ခေါင်းဆောင်က ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ နောက်ဆုံးစကားကို ဆိုသော်လည်း အဖွဲ့ဝင်များကို စိတ်ကူးစိတ်သန်းများနှင့် ထင်မြင်ချက်များ မျှဝေရန် အားပေးခြင်း၊ အဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းစဉ်၌ ၎င်းတို့ ပိုမိုပါဝင်နေသည်ဟု ခံစားရခြင်းနှင့် ဖန်တီးနိုင်စွမ်းကို အားပေးချီးမြှင့်ခြင်း အစရှိသည်တို့ ဖြစ်ကြသည်။ ဒီမိုကရေစီဆန်သည့် ခေါင်းဆောင်ကောင်းများ ပိုင်ဆိုင်သည့် အရည်အသွေးများကို သုတေသနပြုသူများက ထောက်ပြခဲ့ကြသည်။ ၎င်းတို့မှာ ရိုးသားမှု၊ အသိဥာဏ်ထက်မြက်မှု၊ သတ္တိရှိမှု၊ ဖန်တီးနိုင်စွမ်းရှိမှု၊ ကျွမ်းကျင်မှုနှင့် မျှတမှုတို့ဖြစ်ကြသည်။ အားကောင်းသော ဒီမိုကရေစီဆန်သည့် ခေါင်းဆောင်များသည် နောက်လိုက်များအကြား ယုံကြည်မှုနှင့် လေးစားမှုကို ရရှိကြသည်။ ၎င်းတို့သည် ရိုးဖြောင့်မှန်ကန်သူများဖြစ်ပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်များကို ၎င်းတို့၏ ကိုယ်ကျင့်တရားစံများနှင့် တန်ဖိုးသတ်မှတ်ချက်များအပေါ်၌ အခြေခံကြသည်။ ခေါင်းဆောင်ကောင်းများသည် မတူခြားနားသော ထင်မြင်ချက်များကို ရှာဖွေလေ့ရှိပြီး အတိုက်အခံပြုသည့်အသံများ သို့မဟုတ် လူကြိုက်နည်းသည့် အမြင်များကို ပေးသူများအား တိတ်ဆိတ်သွားအောင် ကြိုးပမ်းခြင်းမပြုပါ။

အဖွဲ့ဝင်များအား ၎င်းတို့၏ အတွေးများကို မျှဝေဖလှယ်ရန် အားပေးသောကြောင့်  ဒီမိုကရေစီဆန်သော ခေါင်းဆောင်မှုသည် ပိုမိုကောင်းမွန်သော စိတ်ကူးစိတ်သန်းများ နှင့် ပို၍ ဖန်တီးမှုအားကောင်းသော ပြဿနာကို ဖြေရှင်းရန် နည်းလမ်းများ ရရှိနိုင်သည်။ အဖွဲ့ဝင်များအနေဖြင့်လည်း စီမံကိန်းတစ်ရပ်၌ ၎င်းတို့ ပိုမိုပါဝင်ရသည်/ ပိုမိုလုပ်ဆောင် ခွင့်ရသည်ဟု ခံစားရစေပြီး ထွက်ပေါ်လာမည့် ရလဒ်နှင့်ပတ်သက်၍ ပိုမိုဂရုစိုက်လာခြင်းကို ဖြစ်စေသည်။ သုတေသနများအရ ဒီမိုကရေစီဆန်သော ခေါင်းဆောင်မှုသည် အဖွဲ့ဝင်များအကြား ပိုမိုမြင့်မားသည့် ထုတ်လုပ်နိုင်စွမ်းကို ဖြစ်စေကြောင်း တွေ့ရှိရသည်။ အမေရိကန်သမိုင်းတွင် ကုမ္ပဏီအများအပြားနှင့် ခေါင်းဆောင်အများအပြားတို့က ဒီမိုကရေစီဆန်သော ခေါင်းဆောင်မှုကို ကျင့်သုံးခဲ့ကြပြီး အကောင်းဆုံးနမူနာများမှာ ဂျော့ဝါရှင်တန်၊ Mayo Clinic ၊ Google ၊ အီဘရာဟင်လင်ကွန်း၊ Amazon.com ၊ ဂင်နီရိုမက်တီနှင့် Twitter တို့ဖြစ်ကြသည်။

ထို့ကြောင့် သမိုင်းတွင် တစ်ဦးတစ်ယောက်တည်း၏ ခေါင်းဆောင်မှုကြောင့် ဒုက္ခအကြီးအကျယ် တွေ့ခဲ့ရသော မြန်မာနိုင်ငံအတွက် ဒီမိုကရေစီဆန်သော ခေါင်းဆောင်မှုသည်သာ ထိရောက်သည့် ခေါင်းဆောင်မှုဖြစ်နိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(စက်တင်ဘာ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

တရားစီရင်ရေးနှင့် တရားမျှတမှု

တရားစီရင်ရေးဟူသည် နိုင်ငံတော်ဟု အမည်ခံလျက် တရားဥပဒေများကို ဖွင့်ဆိုကျင့်သုံးသည့် တရားရုံးများ၏ စနစ်ဖြစ်သည်။ တရားစီရင်ရေးသည် အငြင်းပွားမှုများကို ဖြေရှင်းပေးရန် အတွက်လည်း ယန္တရားတစ်ရပ်ကို ထောက်ပံ့သည်။ အာဏာများခွဲဝေမှု သဘောတရားအရ တရားစီရင်ရေးသည် အထွေထွေ သဘောအားဖြင့် ဥပဒေပြုရေးတာဝန်နှင့် အုပ်ချုပ်ရေးတာဝန်မရှိဘဲ တရားဥပဒေများကို အချက်အလက်များအတိုင်း ဖွင့်ဆိုကျင့်သုံးသည့် တာဝန်သာရှိသည်။ သို့သော် တရားစီရင်ရေးသည် အခြားတရားရုံးများ လိုက်နာရန်အတွက် လုပ်ငန်းစဉ်များကို ချမှတ်သည့် ကျင့်ထုံးဥပဒေများကို ပြုနိုင်သည်။ တရားစီရင်ရေး၏ တာဝန်သည် ဥပဒေများအောက်၌ တရားမျှတမှုကို တန်းတူညီမျှ ရရှိရေးဖြစ်သည်။

တရားစီရင်ရေးများစွာတို့တွင် တရားစီရင်ရေးဆိုင်ရာ အဖွဲ့ခွဲတစ်ရပ်သည် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှု လုပ်ငန်းစဉ်တစ်လျှောက် ဥပဒေများကို ပြောင်းလဲနိုင်သည့် အာဏာရှိသည်။ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး အာဏာရှိသည့် တရားရုံးများသည် မူရင်းဥပဒေပြုမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် နိုင်ငံတကာ ဥပဒေဆိုင်ရာ ပြဋ္ဌာန်းထားမှုများ ကဲ့သို့သော ပိုမိုမြင့်မားသည့် စံသတ်မှတ်ချက်များနှင့် မလျော်ညီကြောင်း တွေ့ရှိသည့်အခါ နိုင်ငံတော်၏ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ဖျက်သိမ်းနိုင်ခွင့် ရှိတတ်သည်။ တရားသူကြီးများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ဖွင့်ဆိုခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့အတွက် အရေးကြီးသော အင်အားစုများအဖြစ် ပါဝင်သည်။ လူထုတစ်ရပ်အတွက် တရားဥပဒေစိုးမိုးရေးကို ထူထောင်ရန်နှင့် ထိန်းသိမ်းရန်အတွက် တရားရုံး၏ ကျမ်းသစ္စာအပေါ် သစ္စာစောင့်သိသော ဘက်မလိုက်ဘဲ အသိဥာဏ် ကြွယ်ဝသည့် ဥပဒေပညာရှင်များ ရွေးကောက်တင်မြှောက်ခြင်းသို့မဟုတ် ခန့်ထားခြင်းကို သတိကြီးမားစွာဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်။ ဥပဒေသည် အုပ်ချုပ်ရန်နှင့် အများလက်ခံရန်ဖြစ်ပါက တရားရုံးများသည် တရားမျှတမှုအပေါ် သစ္စာရှိခြင်းကို ကျင့်သုံးရမည်ဖြစ်သည်။

တရားစီရင်ရေးဟူသည့် စကားရပ်ကို နိုင်ငံတော်၏ မဏ္ဍိုင်ကြီးသုံးရပ်ထဲမှ တစ်ရပ်အဖြစ် သတ်မှတ်ကြပြီး တရားသူကြီးများနှင့် အခြားသော စီရင်ဆုံးဖြတ်မှုပေးသည့် ပုဂ္ဂိုလ်များကဲ့သို့သော လူပုဂ္ဂိုလ်များကို ခြုံငုံခေါ်ဆိုသည်။ ယင်းတရားစီရင်ရေးမဏ္ဍိုင်၌ တရားစီရင်ရေးစနစ်ကို အဆင်ပြေ ချောမွေ့စေရေးအား ထိန်းသိမ်းသည့် အခြားဝန်ထမ်းအားလုံးလည်း ပါဝင်သည်။ အချို့သော တိုင်းပြည်များနှင့် တရားစီရင်ရေးစနစ်များတွင် တရားစီရင်ရေးမဏ္ဍိုင်ကို ချဲ့ထွင်ထားပြီး တရားစွဲဆိုရေးအရာရှိ၊ အစိုးရရှေ့နေ၊ အစိုးရဌာနများအပေါ် မကျေနပ်ချက်များကို စုံစမ်းတင်ပြရန် အစိုးရက ခန့်ထားသောအရာရှိ၊ ပြည်သူ့စာချုပ်စာတမ်း သက်သေခံရှေ့နေ၊ တရားစီရင်ရေးဆိုင်ရာ ရဲဌာနနှင့် ဥပဒေရေးရာ အကူအညီပေးရေး အရာရှိကဲ့သို့သော ဖြည့်စွက်ဥပဒေရေးရာ ပရော်ဖက်ရှင်နယ်များနှင့် အင်စတီကျူးရှင်းများ ပါဝင်သည်။ ယင်းအင်စတီကျူးရှင်းများအား တစ်ခါတစ်ရံ တရားရုံးများကို အုပ်ချုပ်သည့် တူညီသော တရားစီရင်ရေးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များကပင် ကြီးကြပ်ပြီး အချို့နိုင်ငံများတွင် တရားစီရင်ရေးဆိုင်ရာ အဖွဲ့ခွဲ၏ အုပ်ချုပ်မှုအဖွဲ့က ရှေ့နေများနှင့် ပုဂ္ဂလိက စာချုပ်စာတမ်းဆိုင်ရာ အရာရှိများ ကဲ့သို့သော ပုဂ္ဂလိကဥပဒေရေးရာ ပရော်ဖက်ရှင်နယ်များအတွက် အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အဖြစ် ဆောင်ရွက်သည်။

မည်သို့ပင်ဆိုစေကာမူ တရားစီရင်ရေး၏ တာဝန်သည် ဥပဒေများအောက်၌ တရားမျှတမှုကို တန်းတူညီမျှ ရရှိရေးသာဖြစ်သောကြောင့် တရားမျှတမှုအပေါ် သစ္စာရှိခြင်းကို ကျင့်သုံးရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာလ ၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်

တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦး၏ အရည်အသွေးများ

တိုင်းပြုပြည်ပြုပုဂ္ဂိုလ် (Statesman) တစ်ဦးသည် နိုင်ငံရေးသမား၊ သံတမန် သို့မဟုတ် လူအများကို ကိုယ်စားပြုသူတစ်ဦးဦး ဖြစ်နိုင်ပြီး နိုင်ငံတွင်း သို့မဟုတ် နိုင်ငံတကာ အဆင့်၌ လေးစားလောက်သည့် ရေရှည်မြှုပ်နှံလုပ်ကိုင်မှု ရှိသူဖြစ်သည်။ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ဟူသည် နိုင်လိုမင်းထက်ပြုမူသူတစ်ဦး သို့မဟုတ် အာဏာရှင်တစ်ဦး မဟုတ်ပါ။ သူသည် လွတ်လပ်သော ပြည်သူများ၏ လွတ်လပ်သော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အဓိကအရည်အသွေး လေးရပ် ရှိရသည်။

အခြေခံသဘောတရားခိုင်မာမှု – တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တစ်ဦးသည် သူ၏ ပလက်ဖောင်းကို ခိုင်မာသော၊ အပြောင်းအလဲမရှိသော၊ အခြေခံကျသော အမှန်တရားများပေါ် ၌ တည်ဆောက်သည်။ ယင်းအမှန်တရားများသည် သူ၏ အဓိကမဏ္ဍိုင်ဖြစ်သော ဆက်စပ်လွှမ်းခြုံထားသော အတွေးအခေါ်အပေါ်၌ သူ ယုံကြည်ထားသည့် အရာများဖြစ်သည်။ ယင်းတို့သည် မုန်တိုင်းတို့၏ ပြင်းထန်စွာ ရိုက်ပုတ်ခြင်းခံရသော အိမ်တစ်လုံး၏ အခြေခံအုတ်မြစ်ကဲ့သို့ပင်ဖြစ်သည်။ အတိုက်အခံပြုမှုများနှင့် စိန်ခေါ်မှုများသည် ပေါ်ပေါက်၍ လာမည်ဖြစ်ပြီး အချိန်များသာ ပြောင်းလဲသွားသော်လည်း အခြေခံအုတ်မြစ်သည် မယိမ်းမယိုင်ဘဲ ကျန်ရစ်မြဲဖြစ်ရသည်။ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် သူ၏မူဝါဒအသေး စိတ်အချက်များနှင့် ယင်းမူဝါဒများကို ရယူရန် နည်းလမ်းများ ပြောင်းလဲနိုင်သော်လည်း အခြေခံ သဘောတရားများမှာမူ မပြောင်းမလဲ ကျန်ရစ်မြဲသာဖြစ်သည်။

ကိုယ်ကျင့်တရားဆိုင်ရာ အတိုင်းအတာ – စစ်မှန်သော တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် သူ၏ ကိုယ်ပိုင်ကိုယ်ကျင့်တရားဆိုင်ရာ အတိုင်းအတာဖြင့်သာ ဆုံးဖြတ်ချက်များကို ချမှတ်တတ်သူဖြစ်သည်။ သူသည် မီးစင်ကြည့်ကနေသူတစ်ဦးမဟုတ်ဘဲ လုံးဝမှန်ကန်သည့် အမှန်တရားများကိုသာ ယုံကြည်သူဖြစ်သောကြောင့် သူ၏ ကိုယ်ကျင့်တရားဆိုင်ရာ အတိုင်းအတာသည် ဓမ္မနှင့် အဓမ္မတရားကို သိရှိခြင်းအပေါ်၌သာ အခြေပြုသည်။ တစ်စုံတစ်ရာသည် မှားယွင်းနေပါက သူသည် မှားယွင်းသည်ဟုသာ ရိုးရှင်းစွာဆိုပြီး သူ အင်အားရှိသမျှ အရာရာဖြင့် အဓမ္မတရားကို ဆန့်ကျင်မည်ဖြစ်သည်။ တစ်စုံတစ်ရာသည် မှန်ကန်သည်ဟုဆိုပါက ယင်းဓမ္မတရားကို ထိန်းသိမ်းရေးနှင့် ဖြန့်ချိရေးတို့အတွက် အတိုက်အခံ မှန်သမျှကို ကျော်လွှားရန်ဆန္ဒရှိသူဖြစ်သည်။ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် ရည်မှန်းချက်ကြီးသူဖြစ်ပြီး အာဏာရှိသည့် အနေအထားတစ်ရပ်ကို ရယူရမည်ဖြစ်သည်။ သို့သော် ၎င်းအနေဖြင့် ထိပ်ပိုင်းသို့ ရောက်ရေးအတွက် လုပ်သင့်သည့်အရာများနှင့် မလုပ်သင့်သည့် အရာများကို ကိုယ်ကျင့်တရားအရ ကွဲကွဲပြားပြား နားလည်သူဖြစ်သည်။ သူသည် သမာဓိရှိသူဖြစ်ပြီး အမှန်တရားကိုသာ ပြောဆို၏။ သူသည် ကိုယ်ကျင့်တရားအရ ရရှိသော အာဏာဖြင့်သာ ဦးဆောင်ပြီး သူ၏ နိုင်ငံသားအားလုံးကို ကိုယ်စားပြုသူဖြစ်သည်။

အမြော်အမြင် – တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် သူ၏ နိုင်ငံနှင့် သူ၏ ပြည်သူများ ဖြစ်လာနိုင်သည်များနှင့်ပတ်သက်၍ ရှင်းလင်းသော အမြော်အမြင်ရှိသူဖြစ်သည်။ သူ သည် ပြည်သူပြည်သားများကို ခေါ်ဆောင်ပေးလိုသော နေရာနှင့် ယင်းနေရာသို့ ရောက်ရှိရန် လုပ်ဆောင်ရမည့်အရာများကို သိရှိသူဖြစ်သည်။ သူသည် လောက၌ရှိသော ပြဿနာများကို သိမြင်နိုင်စွမ်းရှိသူဖြစ်ပြီး ရေတိုသာမက ရေရှည်အတွက်ပါ ကောင်းမွန်သည့် ဖြေရှင်းမှုများဖြင့် ကျော်လွှားနိုင်စွမ်းရှိသူဖြစ်သည်။ သူသည် ယခုမျက်မှောက်ကာလတစ်ခုတည်းကိုသာ ကြည့်သူမဟုတ်ဘဲ အနာဂတ်မျိုးဆက်များ ဆက်ခံရမည့် လောကကိုပါ ရှုမြင်သူဖြစ်သည်။

အမြော်အမြင်အတိုင်းရယူရန် အများသဘောတူညီချက်တစ်ရပ်ကို တည်ဆောက်နိုင်စွမ်း – နိုင်ငံရေးသမားတစ်ဦးသည် မူဝါဒခိုင်မာမှု၊ ကိုယ်ကျင့်တရား အတိုင်းအတာတစ်ရပ်နှင့် အမြော်အမြင်တစ်ရပ် ရှိနိုင်သည်။ သို့သော် အမြော်အမြင်အတိုင်း ရယူရန် အများသဘောတူညီချက်တစ်ရပ်ကို တည်ဆောက်နိုင်စွမ်း မရှိပါက မူဝါဒများ၊ ဥပဒေများနှင့် သမိုင်း လမ်းကြောင်းများကို ပြောင်းလဲရန် သူ၏ အားထုတ်မှုများသည် အချည်းနှီးသာဖြစ်လိမ့်မည်။ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တစ်ဦး၏ အောင်မြင်မှုသည် သူ၏ အတွေးအခေါ်နှင့်ပတ် သက်သည့် ကောင်းမွန်မှုကို သူ၏ နိုင်ငံသားများ ယုံကြည်အောင် ပြုလုပ်နိုင်စွမ်းပေါ်၌ မူတည်နေသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံအား တည်ဆောက်ရာတွင် အမှန်တကယ် လိုအပ်သည်မှာ မရေရာသည့် စကားများကိုသာ ပြောတတ်သည့် နိုင်ငံရေးသမားများ မဟုတ်ဘဲ စစ်မှန်သည့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်များသာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(စက်တင်ဘာ ၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

သတင်းအတုများကို ဖော်ထုတ်ခြင်း

ပုံနှိပ်မီဒီယာ၊ အသံလွှင့်သတင်းမီဒီယာ သို့မဟုတ် အွန်လိုင်းလူမှုမီဒီယာတို့မှတစ်ဆင့် ပျံ့နှံ့စေသည့် တမင်ရည်ရွယ်ကာ အချက်အလက်အမှားများနှင့် ဖြားယောင်းမှုများ ပါဝင်သော အ၀ါရောင်ဂျာနယ်လစ်ဇင် အမျိုးအစား သို့မဟုတ် ၀ါဒဖြန့်ချိရေးပုံစံကို သတင်းအတုများဟု ခေါ်ဆိုကြသည်။ အချက်အလက်အမှားများကို အဓိကအားဖြင့် လူမှုမီဒီယာများမှတစ်ဆင့် ဖြန့်ချိတတ်ကြသော်လည်း အချိန်ပိုင်းအလိုက် ပင်မမီဒီယာများ၌လည်း ဖြန့်ချိတတ်သေးသည်။ အဖွဲ့အစည်းတစ်ရပ်၊ အုပ်စုတစ်စု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးကို ထိခိုက်စေရန် သို့မဟုတ်/နှင့် ငွေကြေးအရ သို့မဟုတ် နိုင်ငံရေးအရ အကျိုးအမြတ်ရစေရန် တမင်လမ်းလွဲသို့  ခေါ်ဆောင်သော ရည်ရွယ်ချက်ဖြင့် သတင်းအတုများကို ရေးသားဖြန့်ချိကြသည်။ တမင်ရည်ရွယ်လျှင် လမ်းလွဲသို့ ခေါ်ဆောင်ကာ ဖြားယောင်းသည့် သတင်းအတုများသည် စာဖတ်သူများအား လမ်းလွဲသို့ ခေါ်ဆောင်ရန်ထက် ရွှင်မြူးစေရန် ရည်ရွယ်သည့် သရော်စာ သို့မဟုတ် ပြက်လုံးများနှင့် ကွဲပြားခြားနားသည်။

သတင်းအတုများကို အမျိုးအစား ခုနစ်မျိုး ခွဲခြားထားလေ့ရှိသည်။ ယင်းတို့မှာ သရော်စာ သို့မဟုတ် ပြက်လုံး (ထိခိုက်စေရန် ရည်ရွယ်ချက်မပါသော်လည်း အရူးလုပ်ရန် အဓိကထားသည်)၊ မှားယွင်းသောဆက်နွှယ်ချက် (ခေါင်းစီး၊ ရုပ်ပုံ သို့မဟုတ် ပုံစာတို့သည် တင်ပြထားသည့် အကြောင်းအရာကို အထောက်အပံ့မပြု)၊ လမ်းလွဲသို့ ခေါ်ဆောင်သည့် အကြောင်းအရာ (အကြောင်းအရာတစ်ရပ် သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးကို မတရားအမှု ဆင်ရန်အချက်အလက်များကို တလွဲအသုံးပြုခြင်းဖြစ်သည်)၊ မှားယွင်းသောအကြောင်းအရာ (အစစ်အမှန်အကြောင်းအရာကို မှားယွင်းသည့် သိုင်းဝိုင်းအချက်အလက်များနှင့် ယှဉ်တွဲဖြန့်ချိခြင်းဖြစ်သည်)၊ အယောင်ဆောင်အကြောင်းအရာ (အစစ်အမှန်သတင်းရင်း မြစ်များကို မှားယွင်းသော လုပ်ကြံထားသော သတင်းရင်းမြစ်များဖြင့် အယောင်ဆောင် တုပထားသည်)၊ လိုသလိုကစားထားသည့် အကြောင်းအရာ (အချက်အလက်အစစ်အမှန်များ သို့မဟုတ် ရုပ်ပုံများကို လိမ်လည်ဖြားယောင်းရန် လိုသလိုပြုပြင်ထားခြင်း ဖြစ်သည်) နှင့် လုပ်ကြံထားသည့် အကြောင်းအရာ (အကြောင်းအရာအားလုံးသည် အမှားများဖြစ်ပြီး လိမ်လည်ဖြားယောင်းရန်နှင့် ထိခိုက်စေရန် တမင်စီစဉ်ထားသည်) တို့ ဖြစ်ကြသည်။

စာကြည့်တိုက်များဆိုင်ရာ အဖွဲ့အစည်းများနှင့် အင်စတီကျူးရှင်းများ အပြည်ပြည်ဆိုင်ရာ အဖွဲ့ချုပ် (IFLA)  သည် သတင်းအတုများဖြစ်ကြောင်း ပြည်သူများအနေဖြင့် ဖော်ထုတ်ရာ၌ အထောက်အကူပြုစေရန် အနှစ်ချုပ်တစ်ရပ်ကို ပုံကြမ်းရေးဆွဲပြခဲ့သည်။ ယင်း၏ အဓိကအချက်များမှာ (၁) ရင်းမြစ်ကို စဉ်းစားပါ – ယင်း၏ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်ကို နားလည်ရန်၊ (၂) ခေါင်းစီးကို ကျော်လွန်လျက် ဖတ်ပါ – သတင်းတစ်ပုဒ်လုံးကို နားလည်ရန်၊ (၃) ရေးသားသူများကို စစ်ဆေးပါ – ၎င်းတို့သည် အစစ်အမှန်လား၊ ယုံကြည်ရသလားကြည့်ရန်၊ (၄) အထောက်အကူယူထားသော ရင်းမြစ်များကို သုံးသပ်ပါ – ၎င်းတို့သည် အဓိကတင်ပြချက်များကို အထောက်အပံ့ အမှန်တကယ်ဖြစ်စေသလား သိရှိရန်၊ (၅) ဖြန့်ဝေသည့်နေ့စွဲကို စစ်ဆေးပါ – သတင်းအကြောင်းအရာသည် ယုံကြည်ရသလားနှင့် Up to Date ဖြစ်သလားကြည့်ရန်၊ (၆) ပြက်လုံးတစ်ခုလားဟု မေးခွန်းထုတ်ပါ – သရော်ရန်ရည်ရွယ်ချက်ဖြင့် ရေးထားသလား ဆုံးဖြတ်ရန်၊ (၇) မိမိ၏ ကိုယ်ပိုင်ဘက်လိုက်မှုများကို သုံးသပ်ပါ – ၎င်းတို့သည် မိမိ၏ အကဲဖြတ်ချက်အပေါ် သက်ရောက်မှုရှိသလားဟူသည်ကို စစ်ဆေးရန်နှင့် (၈) ကျွမ်းကျင်သူများကို မေးမြန်းပါ – အသိကြွယ်ဝသည့် လွတ်လပ်သော ပုဂ္ဂိုလ်များထံမှ အတည်ပြုချက်ရယူရန်တို့ ဖြစ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ယနေ့ခေတ်၌ အထူးသဖြင့် အွန်လိုင်းလူမှုမီဒီယာများတွင် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် သတင်းအတုများကို ဖြန့်ချိနေကြပြီး အချို့သောသတင်းအတုများသည် အလွန်အန္တရာယ်ကြီးသောကြောင့် ပြည်သူများအနေဖြင့် သတင်းအတုများအား ဖော်ထုတ်နိုင်ရန် အရေးကြီးပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

(စက်တင်ဘာ ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)