မိတ္ထီလာခရိုင်တွင် လေးရက်အတွင်း ဓားထိုးမှုသုံးမှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိ

မိတ္ထီလာခရိုင် သာစည်မြို့နယ်နှင့် မိတ္ထီလာမြို့နယ်တို့တွင် လေးရက်အတွင်း ဓားထိုးမှုနှစ်မှု၊ ဓားခုတ်မှုတစ်မှု စုစုပေါင်း သုံးမှုဖြစ်ပွားပြီး အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ကာ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦး ဖမ်းဆီး ထိန်းသိမ်းထားခဲ့ရကြောင်း မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

သြဂုတ် ၂၉ ရက် ညနေပိုင်းက သာစည်မြို့ ရှင်ရဲတစ်ထောင်ဘုရားမုဒ်ဦးအနီးတွင် မိတ္ထီလာမြို့ ညောင်ကန်ကျေးရွာနေ မဆုရည်နှင်း အသက် (၂၅ နှစ်) နှင့် မိတ္ထီလာမြို့ မကျီးကုန်းရပ်ကွက်နေ မလင်းလင်းအောင် အသက် (၂၃ နှစ်) တို့ ကားရပ်ပြီးဆုကြေးကိစ္စ ပြောဆိုစဉ် စကားများရန်ဖြစ်ရာမှ အရိုးအသွားအရှည် တစ်ပေခန့်ရှိ ကော်ရိုးတပ်ဓားဖြင့်ထိုးသဖြင့် မဆုရည်နှင်း သေဆုံးခဲ့ပြီး မလင်းလင်းအောင်အား ဖမ်းဆီးထိန်းသိမ်းထားကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

သြဂုတ် ၂၉ ရက် ညနေပိုင်းက မိတ္ထီလာမြို့၊ ချည်စက်ရပ်ကွက်အတွင်းတွင် ကျော်ဇင်ဝင်း အသက် (၃၀ နှစ်) နှင့် ကျော်သိန်းထွန်း အသက် (၃၄ နှစ်) တို့ စကားများရန်ဖြစ်ပြီး အရိုးခြောက်လက်မ၊ အသွား ၁၄ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ထိုးခုတ်မှု ဖြစ်ပွားခဲ့ရာမှ ကျော်ဇင်ဝင်းတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံတက်ရောက် ကုသနေရပြီး ကျော်သိန်းထွန်းအား ဖမ်းဆီးထိန်းသိမ်းထားခဲ့ရကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာ ၁ ရက်က မိတ္ထီလာဈေးကြီးအတွင်း ဒေါ်သန်းဌေးအသက် (၄၅ နှစ်) နှင့် ဦးအောင်လှ အသက် (၄၇ နှစ်) တို့ လင်မယားချင်း စကားများရန်ဖြစ်စဉ် မိန်းမဖြစ်သူက ကော်ရိုးတပ်ဓားဖြင့်ထိုးသဖြင့် ခင်ပွန်းဖြစ်သူ ဦးအောင်လှမှာ ဒဏ်ရာများရရှိခဲ့ပြီး အတွင်းလူနာ စိုးရိမ်ရဖြင့် ဆေးရုံတက်ရောက် ကုသနေခဲ့ရပြီး ဒေါ်သန်းဌေးအား ဖမ်းဆီး ထိန်းသိမ်းထားခဲ့ရကြောင်း သိရှိရသည်။

“သာစည်က အမှုကတော့ ဆုကြေးကိစ္စနဲ့ မိတ္ထီလာကနှစ်ယောက် လာစကားပြောရင်း ဓားနဲ့ထိုးတာ ကောင်မလေးတစ်ယောက် သေသွားတယ်။ ကောင်မလေးတစ်ယောက် အဖမ်းခံရတယ်။ ချည်စက်နားက အမှုကတော့ ဆိုင်ကယ်ချင်း ပွတ်တိုက်မိတာကနေ စကားများပြီး ဓားခုတ်မှုဖြစ်တာ လက်တွေ ဒဏ်ရာရသွားတယ်။ နောက်အမှုကတော့ လင်မယားချင်းဖြစ်တာ မိန်းမက ယောက်ျားကို ကြက်သွန်လှီးတဲ့ ဓားမျိုးနဲ့ ထိုးလိုက်တာ ဆေးရုံရောက်သွားတယ်” ဟု မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အမှုများအား သာစည်မြို့မ ရဲစခန်းမှ (ပ)၂၀၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ မိတ္တီလာမြို့ မြို့မရဲစခန်းမှ (ပ) ၃၇၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၂၉၄ နှင့် မိတ္တီလာမြို့ အမှတ်(၂)နယ်မြေ ရဲစခန်းမှ (ပ) ၃၁၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၂၄/၂၉၄ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာအတွင်း စစ်ဆေးရာမှ စိတ်ကြွဆေးပြား ၂၀,၀၀၀ ကျော်နှင့် ဘိန်းဖြူဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ လက်ပံကျေးရွာအတွင်း စစ်ဆေးရာမှ စိတ်ကြွဆေးပြား ၂၀,၀၀၀ ကျော်နှင့် ဘိန်းဖြူဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာ အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေကြောင်း သတင်းအရ စက်တင်ဘာ ၂ ရက်က စစ်ဆေးခဲ့ရာ လက်ပံကျေးရွာ (၁) ရပ်ကွက် စိုးနိုင် (ခ) ဖွဲလုံး ၃၀ နှစ်၊ ကျပန်းလုပ်သူ၏ နေအိမ်၏ ရှေ့အနောက်မြောက်ထောင့် ကိုက် ၅၀ ခန့်အကွာ ခြံစည်းရိုးပုတ်အတွင်း သိုဝှက်ထားသည့် 88/1 စာတန်းပါ စိတ်ကြွဆေးပြား ၂၀၁၀၀၊ တန်ဖိုး ကျပ် ၅၀၂၅၀၀၀၀ ခန့်၊ လက်ပံကျေးရွာ (၈) ရပ်ကွက်၊ အိမ်အမှတ် (၆၀) နေ မဆိုဖီယာ ၃၅ နှစ်၊ ကျပန်းလုပ်သူ၏ နေအိမ်အပေါ်ထပ် အိပ်ခန်းဝင်ပေါက် ယာဘက်တံခါးဘောင်ကြားတွင် ညှပ်လျက် အမည်းရောင်ကြွပ်ကြွပ်အိတ် အပိုင်းအစဖြင့်ထုပ်လျက် စိတ်ကြွဆေးပြား ၂၀၊ တန်ဖိုး ကျပ် ၅၀၀၀၀ ခန့်၊ လက်ပံကျေးရွာ၊ (၇) ရပ်ကွက်နေ ကိုလေး ၅၃ နှစ်၊ တောင်သူလုပ်သူ၏ နေအိမ်အောက်ထပ် နောက်ဖေးခန်းနံရံတွင် ချိတ်ထားသည့် အမျိုးသမီးကိုင် အနက်ရောင်စလင်းဘက်အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်ပြား၊ သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ နေအိမ်အပေါ်ထပ် မြောက်ဘက်နံရံ အောက်ခြေကြမ်းပြင်ပေါ်ရှိ ဒန်အိုးအဖုံးပေါ်တွင် စိတ်ကြွဆေးပြားတစ်ပြား၊ ဒန်အိုးအနီးရှိ ပလတ်စတစ်ခြင်းအ၀ိုင်းအတွင်း အအေးစုပ်ပိုက်ဖြင့်ထည့်လျက် စိတ်ကြွဆေးပြား အကြေမှုန့်ဟု ယူဆရသည့် အစိမ်းရောင်မှုန့် အလေးချိန် ၀ ဒဿမ ၅ ဂရမ်ခန့်နှင့် နံရံတွင် ချိတ်ထားသည့် အိတ်အတွင်းမှ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် လက်ပံကျေးရွာ (၇) ရပ်ကွက် ဇော်ဂျီချောင်းရေမြောင်းဘေးတွင် လမ်းလျှောက်လာသည့် မြင့်လွင်ဦး ၂၀ နှစ်၊ ကျပန်းလုပ်သူ၏ ၀ဲလက်ထဲတွင် ကိုင်ထားသည့် Red Ruby စီးကရက်ဘူးခွံအတွင်းမှ စိတ်ကြွဆေးပြား သုံးပြား၊ ဂက်စ်မီးခြစ်တစ်လုံး၊ ခဲစက္ကူစ တစ်စ၊ Kenbo လက်ကိုင်ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့ပြီး လက်ပံကျေးရွာ (၇) ရပ်ကွက် ဇော်ဂျီချောင်းဘေးရှိ ဇော်မင်းထွန်း (ခ) မိုးဟာမက်အလီ ၃၄ နှစ်၊ ဆိုင်ကယ်ပြင်သူ၏အိမ်အား စစ်ဆေးရာ ၎င်း၏ ပုဆိုး ယာဘက်ခါးတွင် ချိတ်ထားသည့် ပြောက်ကျားအိတ်အတွင်းမှ ပင်နယ်ဆီလင်ပုလင်းဖြင့်ထည့်လျက် ဘိန်းဖြူဟု ယူဆရသည့် ဖြူဝါရောင်အမှုန့် အလေးချိန် ၀ ဒသမ ၃ ဂရမ်ခန့်ပါ တစ်ပုလင်း၊ ၀ ဒသမ ၇ ဂရမ်ခန့်ပါ တစ်ပုလင်း၊ ရေမွှေးပုလင်းအသေး အတွင်းထည့်လျက် ဘိန်းဖြူဟုယူဆရသည့် ဖြူဝါရောင်အမှုန့် အလေးချိန် ၀ ဒသမ ၁၅ ဂရမ်ခန့်ပါ တစ်ပုလင်း စုစုပေါင်းဘိန်းဖြူ ၀ ဒသမ ၅၂ ဂရမ်၊ တန်ဖိုး ကျပ် ၃၆၄၀၀ ခန့်၊ ပင်နယ်ဆီလင် ပုလင်းဖြင့်ထည့်လျက် စိတ်ကြွဆေးပြား ၃၂ ပြား၊ တန်ဖိုး ကျပ် ၈၀၀၀၀ ခန့်၊ သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး မြို့မရဲစခန်း (ကျောက်ဆည်) မှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

One Stop Mart ဆိုင်တစ်ဆိုင်မှ ၀န်ထမ်းကို လူသုံးဦးက ဓားဖြင့် ခြိမ်းခြောက်၍ ငွေများလုယက်မှု တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွား.

တောင်ဥက္ကလာပမြို့နယ်ရှိ One Stop Mart ဆိုင်တစ်ဆိုင်အတွင်းသို့ အမျိုးသားသုံးဦး ၀င်ရောက်ပြီး ၀န်ထမ်းကို ဓားဖြင့် ခြိမ်းခြောက်ကာ ဆိုင်အတွင်းရှိ ငွေများ လုယက်မှု စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

တောင်ဥက္ကလာပမြို့နယ် ၄ ရပ်ကွက် ပါရမီကားဝင်းရှေ့ရှိ One Stop Mart ဆိုင်တွင် စက်တင်ဘာ ၃ ရက် နံနက် ၁ နာရီခန့်က ဆိုင်ဝန်ထမ်းကို…. (၂၂ နှစ်) နှင့် မ….(၂၃ နှစ်) တို့မှာ အရောင်းကောင်တာ၌ ငွေများ ရေတွက်နေစဉ် အမျိုးသားသုံးဦး ဆိုင်အတွင်းသို့ ရောက်ရှိလာပြီး “အရက်သောက်ချင်တယ်။ ပိုက်ဆံပေး”ဟု ပြောဆိုကာ ကောင်တာအတွင်း၌ ရှိသည့် ကျပ် ၇၇၁၄၀၀ အား လုယက် ယူဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ယူဆောင်ခဲ့ပြီးနောက် အဆိုပါ အမျိုးသား သုံးဦးထဲမှ တစ်ဦးက ၄င်းတွင် အသင့်ပါလာသည့် ဓားကိုပြကာ ဆိုင်ဝန်ထမ်းဖြစ်သူ ကို….. (၂၂နှစ်)အား “ မင်းကိုလည်း သိတယ်၊ မင်းနေတဲ့ နေရာကိုလည်း သိတယ်၊ အော်ရင် သတ်ပစ်မယ် ” ဟု ထပ်မံပြောဆိုကာ ဆိုင်အတွင်းမှ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းသို့ဆိုင်အတွင်းရှိ ငွေများ လုယက်ခံခဲ့ရသဖြင့် အဆိုပါဖြစ်စဉ်ကို သက်ဆိုင်ရာ တောင်ဥက္ကလာပမြို့မ ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ပြီး ရဲစခန်းက (ပ) ၁၀၂၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၆/ ၁၁၄ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ဆိုင်ရဲ့ CCTV မှတ်တမ်းတွေကို ကြည့်ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်တာမှာ ၀င်လုတဲ့ သုံးယောက်ထဲက တစ်ယောက်ကို ဖမ်းမိပါပြီ။ ကျန်တဲ့နှစ်ယောက်ကို ဖမ်းမိဖို့အတွက် ဆက်ပြီး ဆောင်ရွက်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးရမိသူမှာ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ဖိုးလပြည့် (၂၀ နှစ်) ဆိုသူဖြစ်ပြီး၊ ၎င်းင်းကို စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများမှာ မြောက်ဥက္ကလာပမြို့နယ်နေ ကျော်မင်းထွန်း (၂၅ နှစ်) နှင့် တောင်ဥက္ကလာပမြို့နယ်နေ သော်ဦးဇင် (ခ) တရုတ်လေး (၂၆နှစ်) ဆိုသူတို့ ဖြစ်ကြပြီး ၎င်းတို့နှစ်ဦးအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သထုံမြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်၌ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့

မွန်ပြည်နယ် သထုံမြို့ သိမ်ကုန်းရပ်ကွက် ၀ါးတောရပ်ရှိ စားသောက်ဆိုင် တစ်ဆိုင်၌ သြဂုတ် ၃၀ ရက်ည ၉ နာရီ ၁၅ မိနစ်ခန့်က သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သထုံမြို့ သိမ်ကုန်းရပ်ကွက် ၀ါးတောလမ်းရှိ ဟာမိုနီ စားသောက်ဆိုင်၌ သထုံမြို့ တာယာစက်ရုံဝင်းအနီး (၃) အိမ်စုရွာနေ အောင်မျိုးသူ (၂၉ နှစ်)(ဘ) ဦးမျိုးမြင့်နှင့် ကျော်ကောင်း၊ ကောက်ကြီး၊ ကိုဖြိုး၊ အောင်ဇေယျာဝင်းတို့ ငါးဦးမှာ စားသောက်ဆိုင်အတွင်း စားသောက်ပြီးပြန်ရန် ဆိုင်မှထွက်လာစဉ် သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ မင်းလမ်း၊ အမှတ်-၇၇၉ နေ KNU ဗဟိုတပ်ဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူ တရုတ် (ခ) အောင်သူရိန် (၃၂ နှစ်) (ဘ) ဦးမင်းဦး ရောက်ရှိလာပြီး “မင်းတို့ဝိုင်းမှာ ဆူညံလွန်းတယ်” ဟုပြောသဖြင့် အောင်မျိုးသူက “အစ်ကိုနဲ့ ဘာဆိုင်လို့လဲ” ဟုပြန်ပြောခဲ့ရာ တရုတ် (ခ) အောင်သူရိန်မှ “မင်းလူမိုက်လား” ဟု ပြောပြီးနောက် ၎င်းတွင်အသင့်ပါလာသည့် သေနတ် (အမျိုးအစားမသိ-အတို) ဖြင့် မိုးပေါ်သို့ တစ်ချက် ထောင်ပစ်ပြီးနောက် အောင်မျိုးသူအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လည်ပင်းအလယ် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက် ထိမှန်ခဲ့ပြီး တရုတ် (ခ) အောင်သူရိန်က ၎င်းစီးနင်းလာ သည့် 1D/—- နံပါတ်တပ် Toyota Mark II အဖြူရောင်ယာဉ် (လိုင်စင်စိစစ်ဆဲ) ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ အောင်မျိုးသူမှာ သထုံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် (အတွင်းလူနာ-စိုးရိမ်ရ) ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သထုံမြို့မရဲစခန်းမှ ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် သထုံမြို့ မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမောင်မောင် ဦးဆောင်သော တပ်ဖွဲ့ဝင်များမှ ရှာဖွေ၊ စစ်ဆေးဆောင်ရွက်ရာ၌ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော နေရာ၌ တရုတ် (ခ) အောင်သူရိန် ပစ်ခတ်ခဲ့သည့် ကျည်ခွံ PAC-380 AUTO ကျည်ခွံ နှစ်ခုနှင့် ၎င်းမောင်းနှင် ထွက်ပြေးခဲ့သည့် 1D/—- နံပါတ်တပ် Toyota Mark II အဖြူရောင်ယာဉ်ကို ၎င်းနေအိမ်မှ တွေ့ ရှိ သိမ်းဆည်းရမိခဲ့ပြီး တရုတ် (ခ) အောင်သူရိန်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သူကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေပါတယ်။ သေနတ်ပစ်ခံထိတဲ့ သူကတော့ အခြေအနေ ကောင်းသွားပါပြီ။ မစိုးရိမ်ရတော့ပါဘူး။ ပြစ်မှုကျူးလွန်သူကိုတော့ ရာဇသတ်ကြီး ပုဒ်မ- ၃၀၇ အရ  အမှုဖွင့် အရေးယူ ထားပါတယ်” ဟု သထုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမောင်မောင်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အောင်မျိုးသူအား သေစေရန် သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအပေါ် သထုံမြို့မ ရဲစခန်းမှ (ပ) ၇၄၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၇ အရ အမှုဖွင့် အရေးယူထားသည်။

 

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် သေနတ်ပြပြီး iPhone နှစ်လုံး လုယူမှုဖြစ်ပွား

အခင်းဖြစ်ရာ လုံးခင်းကျေးရွာ လမ်းမကြီးနှင့် ဖုန်းဆိုင်ကို တွေ့ရစဉ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် သြဂုတ် ၃၁ ရက် ညပိုင်းက သေနတ်ပြပြီး iPhone နှစ်လုံး လုယူမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ် ၃၁ ရက် ည ၈ နာရီ ခန့်တွင် ဖုန်ကာမျက်နှာ အုပ်ထားသည့် အမျိုးသားနှစ်ဦးသည် ဆိုင်ကယ်ဖြင့် လုံးခင်းကျေးရွာရှိ ဦးချိုဖုန်းဆိုင်တွင် ဖုန်းဝယ်ဟန်ဆောင်ပြီး ငွေရှင်းချိန်တွင် သေနတ်ထုတ်ပြသဖြင့် ဆိုင်ရှိအရောင်းစာရေးမများမှာ ထွက်ပြေးသဖြင့် ကျပ်ငွေ ၁၅ သိန်းခန့်တန်ဖိုးရှိ iPhone နှစ်လုံးယူဆောင်သွားကြောင်း သိရသည်။

လုံးခင်းကျေးရွာ ရပ်မိရပ်ဖတစ်ဦးက “ဒီလိုဖြစ်တာက မနှစ်က ရိန်းဘိုးတရုတ်ဆိုင်မှာလည်း သေနတ်ပြပြီး ယူသွားပြီ။ မနေ့က iPhone နှစ်လုံးယူသွားတယ်။ လုံးခင်းမှာ ၁၀ တန်းတက်နေတဲ့ ကလေးမကို သတ်သွားတာလည်း တရားခံ မမိသေးဘူး။ ဒီမှာက မှုခင်းတွေ ဆက်တိုက်ဖြစ်နေတာ။ သေနတ်ပြတယ် ဆိုပေမဲ့ အတုလား အစစ်လား မသိရဘူး။ သေနတ်ထုတ်တာနဲ့ စာရေးမတွေက ပြေးကြပြီ။ အဲဒါနဲ့ အေးအေးဆေးဆေးပဲ ယူသွားတာ” ဟု ပြောကြားသည်။

ဖားကန့်ဒေသမှာ သေမှုသေခင်းတွေ ထူပြောနေကြောင်း ဒေသခံများ၊ လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။ ဖားကန့်ဒေသတွင် လုယက်မှု၊ ခိုးမှု၊ လူသတ်မှုများ နေ့စဉ်ဖြစ်ပွားနေပြီး တရားခံများကိုလည်း ဖမ်းဆီးရမိခြင်း မရှိကြောင်း၊ အထူးသဖြင့် ညအချိန်များတွင် အုပ်စုဖွဲ့ လုယက်ငွေတောင်းမှုများ ဖြစ်ပေါ်နေပြီး ပြန်လည်ခုခံပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နေကြောင်း သိရသည်။

လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာမှ ကိုကျော်က “ဒီမှာက ဆိုင်ကယ်ခိုး၊ အိမ်ဖောက်၊ ညဘက်လုတာက နေ့တိုင်းဖြစ်နေတာ။ လူတွေ ဒီလောက်များတော့ မထိန်းနိုင်ဘူး။ ကျွန်တော်တို့ဆိုရင် ဒီရောက်တာ ကြာပြီး တစ်ရက်နဲ့ တစ်ရက် လူတွေက အုပ်လိုက်ရောက်လာတာ။ ဘယ်ကလာလို့လာမှန်း မသိဘူး။ အခု ဆန်ခါကျေးရွာဘေးမှာ လောင်းကစားဝိုင်း အစုံရှိတယ်။ မူးယစ်ဆေးဝါး အစုံရှိတယ်။ နေ့တိုင်းကို ဆိုင်ကယ်ပျောက်နေတာ။ ရဲစခန်းမှာ မေးရင်လည်း တစ်မှုမှရှိမှာ မဟုတ်ဘူး။ အရင်ကတော့ မိရင်ဝိုင်းရိုက်ပြီး သေမှစခန်းရောက်တာ။ ဘယ်သူတွေရိုက်မှန်းလည်း မသိဘူး။ အခုဆိုးနေတာက ညမှာ ဓားတွေနဲ့ ၀ိုင်းလုတာပဲ။ အရင်လက ည ၉ နာရီလောက်မှာ လုံးခင်းမှော်ဆီဇာဘက်မှာ ၀ိုင်းလုပြီး အသတ်ခံရသေးတယ်။ လုယက်တာက အမြဲဖြစ်နေတယ်” ဟု ပြောကြားသည်။

ဖားကန့်ဒေသသည် ကချင်ပြည်နယ်၏ အကြီးမားဆုံး မူးယစ်ဆေးဝါး ဈေးကွက်အဖြစ် တည်ရှိနေပြီး ရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ နေထိုင်သည့် ဒေသတစ်ခုဖြစ်သည်။ မှုခင်းကြီးများလည်း မကြာခဏ ဖြစ်ပွားလေ့ပြီး တရားဥပဒေ စိုးမိုးမှုကို ကြိုးစားလုပ်ဆောင် နေရကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့က ဆိုသည်။

 

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တိုက်ခန်း တစ်ခန်း၏ ငါးလွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တိုက်ခန်းတစ်ခန်း၏ ငါးလွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သြဂုတ် ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ပြုတ်ကျ သေဆုံးသည့် အမျိုးသားမှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄) ရပ်ကွက်တွင် နေထိုင်သည့် ဦး… (၅၁ နှစ်) ဆိုသူဖြစ်ပြီး ၎င်းသည် သြဂုတ် ၂၉ ရက် နံနက် ၆ နာရီခွဲခန့် က ၎င်းနေထိုင်ရာ အမြင့် ၆၀ ပေခန့်ရှိ နေအိမ်တိုက်ခန်း ငါးလွှာ၏ ပြူတင်းပေါက်အနီးတွင် ရပ်နေစဉ် အောက်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် တာဝန်ရှိသူများမှ လာရောက် စစ်ဆေးရာ ဦး… (၅၁ နှစ်) မှာ အတက်ရောဂါ ခံစားနေရသဖြင့် ဆေးကုသမှု ခံယူနေရသူ တစ်ဦးဖြစ်ကြောင်း၊ အခင်းဖြစ်ချိန်တွင် ပြူတင်းပေါက်၌ ရပ်နေစဉ် ရုတ်တရက် အတက်ရောဂါ ဖြစ်ပေါ်ခံစားရာမှ တစ်ဆင့်အောက်ရှိ သမံတလင်းပေါ်သို့ ပြုတ်ကျခဲ့ပြီး ဦး….(၅၁ နှစ်)မှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ ပါးစပ်၊ နားနှင့်နှာခေါင်းတို့ သွေးထွက် ဒဏ်ရာများ ရရှိခဲ့ကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းနှင့် ဖြစ်စဉ်ကို ဒဂုံဆိပ်ကမ်းရဲစခန်းမှ သေမှုသေခင်းအမှတ် (၂၈/၂၀၁၈) ဖြင့် အမှုဖွင့်ထားပြီး ဆက်လက် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

သထုံမြို့နယ်တွင် ငါးပိထည့်ထားသည့် ရေခဲဘူးအတွင်း ထည့်လာသည့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မွန်ပြည်နယ် သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာ ဒုံသမိတံတားအနီး၌ သြဂုတ် ၂၈ ရက် ညပိုင်းအချိန်က ငါးပိများထည့်ထားသည့် ရေခဲပုံးအတွင်း သိုဝှက်ထည့်လာသည့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၈ ရက် ည ၁၁ နာရီခန့်က သထုံခရိုင် မှုခင်းအကူဌာနမှ ရဲအုပ်အောင်သူနှင့် တပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာ ဒုံသမိတံတားအနီး စောင့်ဆိုင်းနေစဉ် ဘားအံမြို့ဘက်မှ သထုံမြို့ဘက်သို့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နေသူများဖြစ်ကြသည့် နိုင်နိုင်အောင် (၂၆ နှစ်)(ဘ) ဦးဘိုနီ မောင်းနှင်ပြီး အနောက်တွင် ဒေါ်ရင်မြိုင် (၄၂ နှစ်)(ဘ) ဦးအောင်ပုတက်တို့ စီးနင်းလိုက်ပါလာသည့် Honda Wave အမျိုးအစား နီ/မည်းရောင် နံပါတ်မပါ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ဒေါ်ရင်မြိုင် ကိုင်ဆောင်ထားသည့် ငါးပိများ ထည့်ထားသည့် ရေခဲဘူးအတွင်းမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈၀ ပြား၊ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀ ပြား၊ စုစုပေါင်းဆေးပြား ၂၀၀၀ ပြား၊ ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ လက်ကိုင်ဖုန်းနှစ်လုံးကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သထုံမြို့နယ် သုဓမ္မ၀တီနယ်မြေ ရဲစခန်းထံမှ သိရသည်။

“ငါးပိတွေထည့်လာတဲ့ ရေခဲပုံးထဲက စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိတာပါ။ စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိတဲ့သူနှစ်ဦးကိုလည်း မူးယစ်/စိတ်ပြောင်း ဥပဒေပုဒ်မတွေနဲ့ အရေးယူထားသလို ကွင်းဆက်တရားခံတွေ ဖမ်းဆီးရမိရေးအတွက်ကိုလည်း ဆက်လက် စုံစမ်းနေပါတယ်” ဟု သထုံမြို့နယ် သုဓမ္မ၀တီနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်နိုင်အောင်နှင့် ဒေါ်ရင်မြို့ တို့နှစ်ဦးအပေါ် သုဓမ္မ၀တီနယ်မြေရဲစခန်းမှ မယ (ပ) ၁၃/၂၀၁၈၊ မူးယစ်/စိတ်ပြောင်း ဥပဒေပုဒ်မ-၁၉(က)/ ၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

မြ၀တီ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး၏နေအိမ်မှ ရွှေထည်ပစ္စည်းများ ခိုးယူခဲ့သူအား ဖမ်းဆီးရမိ

ကရင်ပြည်နယ် မြ၀တီမြို့ မူးယစ်တပ်ဖွဲ့မှ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမင်းအောင်မြင့်ဦး ရန်ကုန်သို့ ခရီးသွားနေစဉ် နေအိမ်အတွင်းမှ ရွှေထည်ပစ္စည်းများ ခိုးယူသွားသူအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ သြဂုတ် ၂၉ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြ၀တီ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမင်းအောင်မြင့်ဦးသည် အလုပ်ကိစ္စဖြင့် ရန်ကုန်သို့ သြဂုတ် ၂၃ ရက်က ခရီးသွားခဲ့ပြီး သြဂုတ်၂၇ ရက်၌ နေအိမ်သို့ပြန်ရောက်ခဲ့ရာ နေအိမ်အိပ်ခန်း ခုတင်ခြေရင်းတွင် ရွှေထည်ပစ္စည်းများ သော့ခတ်သိမ်းဆည်းထားသည့် (အတာချီကေ့စ်) မှာ ပွင့်နေပြီး အိတ်အတွင်း သိမ်းဆည်းထားသော ရွှေဆွဲကြိုး သုံးကုံး၊ ဟန်းချိန်း နှစ်ခု၊ နားကပ် နှစ်ရံ၊ လက်စွပ် နှစ်ကွင်း၊ လော့ကတ် နှစ်ခု၊ စုစုပေါင်းကာလ တန်ဘိုး ကျပ် ၃၅ သိန်းရှိ ရွှေထည်ပစ္စည်းများ ပျောက်ဆုံးနေသည်ကို တွေ့ရှိရပြီး မြ၀တီမြို့မရဲစခန်းသို့ သြဂုတ် ၂၇ ရက် မွန်းလွဲပိုင်းတွင် တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မြ၀တီမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ်အောင်ချမ်းမွန်နှင့် ရဲတပ်ဖွဲ့ဝင်များ အမှုစစ်ဒုရဲအုပ် ကျော်မျိုးဝင်းနှင့် အဖွဲ့တို့သည် သက်သေများဖြစ်သော အမှတ် (၃)ရပ်ကွက်မှ ရာအိမ်မှူး ဦးအောင်ညွန့်၊ ဦးဝင်းဟန်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များအတွင်း နေ့စဉ်လိုက်လံ စုံစမ်းဖော်ထုတ်စဉ် သြဂုတ် ၂၉ ရက် ည ၉ နာရီ ၄၅ မိနစ်၌ အမှတ် (၄) ရပ်ကွက် ကျောက်ဖျာဂိတ်အနီးရှိ ပြည်ခိုင်ဖြိုးလမ်းအတိုင်း လမ်းလျှောက်လာသည့် လူတစ်ဦးအား မသင်္ကာဖွယ်ရာ တွေ့ရှိရပြီး ရပ်တန့်စစ်ဆေးခဲ့သည်။

ရဲတပ်ဖွဲ့က စစ်ဆေးရာ အောင်မိုးဆိုသူဖြစ်ကြောင်း သိရှိရပြီး ၎င်းခန္ဓာကိုယ်အား ရှာဖွေရာ ခါးကြား၌ ထိုးထားသော အဖြူရောင် ကပ်ခွာအိတ်အတွင်း၌ ရွှေထည်ပစ္စည်းများကို တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ ၎င်းပစ္စည်းများမှာ သြဂုတ် ၂၃ ရက် ည ၁၀ နာရီ မိနစ် ၃၀ က မြ၀တီမြို့ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမင်းအောင်မြင့်ဦး၏ နေအိမ်အတွင်း ၀င်ရောက်ပြီး ခိုးယူလာသော ရွှေထည်ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ပူးပေါင်းအဖွဲ့က ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

မြ၀တီမူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမင်းအောင်မြင့်ဦး၏ နေအိမ်အတွင်း ရွှေထည်ပစ္စည်းများ ၀င်ရောက်ခိုးယူခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ အောင်မိုး (၃၈ နှစ်) အား မြ၀တီရဲစခန်းက သြဂုတ် ၂၉ ရက်ည ၇ နာရီ ၁၅ မိနစ်တွင် (ပ) ၇၂၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဟင်္သာ တတက္ကသိုလ်အနီးတွင် လူသတ် အလောင်းဖျောက်မှု နှစ်နှစ်ခွဲနီးပါး ကြာသည်အထိ အမိန့်ချမှတ်နိုင်ခြင်း မရှိသေး

အခင်းဖြစ်ပွားခဲ့သည့် လယ်ကွင်းစပ်၌ တာဝန်ရှိသူများနှင့်အတူ အလောင်းအား စစ်ဆေးတူးဖော်နေစဉ်

ဟင်္သာတ တက္ကသိုလ်အနီး ချစ်သူလမ်းကြား၌ လူသတ် အလောင်းဖျောက်မှု နှစ်နှစ်ခွဲနီးပါး ကြာသည်အထိ ဟင်္သာတခရိုင် တရားရုံး၌ စစ်ဆေးနေဆဲဖြစ်ပြီး အမိန့်ချမှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ယင်းအမှုကို ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်ကတည်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၂၀၁ ဖြင့် ရဲက တရားစွဲဆို တင်ပို့ထားခြင်းဖြစ်ပြီး တရားလို အပါအ၀င် သက်သေ ၄၅ ဦးကို စစ်ဆေးမှုအပြီး တစ်နှစ်နီးပါးအကြာတွင် တရားရုံးက စွဲချက် တင်ထားကြောင်း သိရသည်။

“တရားလိုနဲ့ လိုပြ သက်သေတွေရဲ့ ထွက်ဆိုချက်အရ ၁၄.၃.၂၀၁၇ ရက်နေ့မှာ (၁) တရားခံ သန်းဇော်ရော (၂) တရားခံ မနှင်းပွင့်ဖြူ (ခ) နှင်းချယ်ရီ အပေါ်မှာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ)/ ၃၄ နဲ့ စွဲချက် တင်ခဲ့တယ်။ စွဲချက် တင်တဲ့အပေါ်မှာ တရားခံတွေက အပြစ်မရှိကြောင်း ငြင်းဆိုတယ်။ ကိုယ်တိုင် သက်သေအဖြစ် အစစ်ခံမယ်။ ခံပြ သက်သေတွေ တင်ပြမယ်ဆိုပြီးတော့ သူတို့ရှေ့နေတွေက တင်ပြလာတယ်။ တင်ပြလာတဲ့အပေါ် ဆက်လက်ပြီးတော့ တရားခံ စစ်ဆေးဖို့ အဆင့်မှာပဲ (၁) တရားခံရော၊ (၂) တရားခံရောက ကျွန်မတို့ခရိုင်တရားရုံးက စွဲချက်တင်တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)/၃၄ အပေါ်မှာ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်ကို စွဲချက်တင်တာနဲ့ ပတ်သက်ပြီး ပြင်ဆင်မှု တက်ရောက်သွားတယ်။ ပြင်ဆင်မှု တက်ရောက်သွားတော့ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်ကနေပြီးတော့ ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)/၃၄ နဲ့ပဲ ဆက်လက်ပြီးတော့ အတည်ပြုခဲ့တယ်”ဟု ဟင်္သာတခရိုင် တရားရုံးမှ ဒုတိယ ခရိုင်တရားသူကြီး ဒေါ်တင်ကြူကြူဝင်းက ပြောကြားသည်။

စွဲချက်တင်အမိန့်ကို ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်က အတည်ပြုခဲ့ပြီးနောက် ဟင်္သာတခရိုင် တရားရုံးက (၁) တရားခံကို စစ်ဆေးခဲ့ပြီး (၂) တရားခံကို စစ်ဆေးမည့်အဆင့်တွင် ရှေ့နေက ၄င်းအမှုသည်၏ ထုချေနိုင်စွမ်း ရှိ၊ မရှိ စိတ်ကျန်းမာရေး အခြေအနေကို စစ်ဆေးပေးရန် တောင်းဆိုမှု ရှိလာသဖြင့် ဟင်္သာတဆေးရုံကြီးရှိ စိတ်ရောဂါကု ဆရာဝန်ကြီးနှင့် စစ်ဆေးစေရာ ရန်ကုန်စိတ်ရောဂါကုဆေးရုံ ကြီး၌ ပြသသင့်သည်ဟု ထင်မြင်ချက်ပေးခဲ့ကြောင်း ဒုတိယခရိုင် တရားသူကြီးထံ မှ သိရသည်။

“အဲဒီ့ ဆေးစာအရ သူ့ကို ရန်ကုန် စိတ်ရောဂါကု ဆေးရုံကြီးမှာ စိတ်ပေါသွပ်ခြင်းကြောင့် ထုချေနိုင်စွမ်း ရှိ၊ မရှိ လျှောက်ထားတဲ့အပေါ် ခွင့်မပြုတဲ့အမိန့် ချခဲ့ပါတယ်။ (၁) တရားခံလည်း ရှိနေတဲ့အတွက် ဒီအမှုက ၂၀၁၆ ခုနှစ်၊ မတ်လ ကတည်းက စွဲတင်လာတဲ့ အမှုဖြစ်တာကြောင့် တရားခံ မနှင်းပွင့်ဖြူ အနေနဲ့ အမှုစတင် ဖြစ်ပွားစဉ်တုန်းက စိတ်ရောဂါဝေဒနာ ရှိတယ်လို့ မတင်ပြခဲ့ဘူး။ မြို့နယ် တရားရုံးမှာလည်း ဒီအမှုနဲ့ ပတ်သက်လို့ ဖြောင့်ချက်ပေးခဲ့တယ်။ ဖြောင့်ချက်ပေးစဉ် အခါကလည်း ဝေဒနာ ခံစားနေရတယ်လို့ မပေါ်ပေါက်ဘူး။ ဒါကြောင့်မို့လို့ ကျွန်မက သူ့ကို ဆက်စစ်သွားမယ် ဆိုပြီးတော့ အမိန့်ချခဲ့တယ်။ ဒီအမိန့်နဲ့ ပတ်သက်ပြီးတော့ မနှင်းပွင့်ဖြူ (ခ) နှင်းချယ်ရီရဲ့ ရှေ့နေက အမိန့်အပေါ်မှာ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်ကို ရာဇ၀တ်ပြင်ဆင်မှု ထပ်တက်တယ်။ တက်သွားတဲ့အခါ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်က တရားခံ မနှင်းပွင့်ဖြူ (ခ) နှင်းချယ်ရီကို စိတ်ရောဂါကု ဆေးရုံကိုပြသဖို့ ဟင်္သာတဆေးရုံက စိတ်ရောဂါကု ဆရာဝန်ကြီးရဲ့ထင်မြင်ချက်အရရော၊ ဆေးစာအရရော တရားခံကို ဥပဒေပါ အခွင့်အရေး ပေးသင့်တယ်လို့ သုံးသပ်ပြီး ရန်ကုန် စိတ်ရောဂါကုဆေးရုံကြီးကို ပို့ဆောင်ပြီးတော့ သက်သေထွက်ဆိုချက် ပေးနိုင်၊ မပေးနိုင် စစ်ဆေးသင့်ကြောင်း အမိန့်ချတဲ့အတွက်ကြောင့် ကုသဖို့အတွက် စေလွှတ်ထားတဲ့ အဆင့်ဖြစ်ပါတယ်”ဟု ဒုတိယခရိုင် တရားသူကြီး ဒေါ်တင်ကြူကြူဝင်းက ဆက်လက်ပြောကြားသည်။

အဆိုပါ လူသတ် အလောင်းဖျောက်မှုမှ လူသေအလောင်းကို ၂၀၁၆ ခုနှစ်၊ မတ်လ ၃ ရက်၊ နံနက် ၉ နာရီခွဲခန့်က ဟင်္သာတတက္ကသိုလ်အနီး ချစ်သူလမ်းကြားနံဘေး လယ်ကွင်းစပ်၌ လယ်ပိုင်ရှင်က မသင်္ကာဖွယ်ရာ အနေအထားတွေ့ရှိခဲ့ရာမှ တာဝန်ရှိသူများထံ အကြောင်းကြားခဲ့ပြီးနောက် တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက် ၆၀ ကျော် အဘွားအို တစ်ဦးအား သားမယားပြုကျင့်ပြီး သတ်ခဲ့သည့် အမျိုးသားအား မွန်ပြည်နယ် မုတ္တမမြို့တွင် ဖမ်းဆီးရမိ

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ခရမ်း-သုံးခွ မော်တော်ယာဉ်ဂိတ် အနီးရှိ လေထိုးကျွတ်ဖာဆိုင်တွင် အသက် ၆၀ ကျော်အရွယ် အဘွားအို တစ်ဦးအား သားမယားပြုကျင့်ပြီး သတ်ခဲ့သည့် အမျိုးသားအား ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၂၈ ရက်တွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

လူသတ်မှုကျုးလွန်သူ အမျိုးသားမှာ ကို…. (၂၄ နှစ်) ဖြစ်ပြီး ၎င်းအား သြဂုတ် ၂၈ ရက် နံနက် ၇ နာရီခွဲခန့်တွင် မွန်ပြည်နယ် မုတ္တမမြို့ ဆီဆုံရပ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကျုးလွန်သူကို သြဂုတ် ၂၈ ရက် နံနက်ပိုင်းမှာ မွန်ပြည်နယ် မုတ္တမမှာ ဖမ်းဆီးရမိတာပါ။ ဖမ်းဆီးရမိသူကို ဒီကတပ်ဖွဲ့တွေက လွှဲပြောင်းယူဖို့ သွားနေပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လူသတ်မှု ကျူးလွန်သူမှာ သေဆုံးသူ ဒေါ်…. (၆၃ နှစ်) အား သားမယားပြုကျင့်ပြီး လည်ပင်းညှစ်သတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဖြစ်သည်ဟု ကနဦး စစ်ဆေးချက်များအရ သိရှိရကြောင်း မုတ္တမနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“သြဂုတ် ၂၈ ရက် နံနက်ပိုင်းက မုတ္တမ ဆီဆုံရပ်မှ ဖမ်းဆီးရမိခဲ့သူဟာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဖြစ်ကြောင်းကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှူးနဲ့ ဆက်သွယ်အတည်ပြုချက် ရယူပြီးပါပြီ။ အခုရန်ကုန်ကို လွှဲပြောင်းပေးဖို့ ဆောင်ရွက် နေကြပါတယ်” ဟု မုတ္တမနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

သြဂုတ် ၂၂ ရက် ည ၁၀ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ခရမ်း-သုံးခွ မော်တော်ယာဉ်ဂိတ် အနီးရှိ လေထိုးကျွတ်ဖာဆိုင်တွင် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ အလောင်းတွေ့ရှိကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်…. (၆၃ နှစ်) ဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ အဆိုပါဆိုင်၏ နောက်ဖေးအခန်း၌ သေဆုံးနေခြင်း ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ သေဆုံးသူမှာ နဖူး၊ နှာတံ ပိန်ချိုင့်စုတ်ပြဲနှင့် ယာလက်ဖျံ စုတ်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပွားခဲ့သည့် နေရာမှာ နေ့ခင်းအချိန်၌ လူအသွားအလာ များပြားသော်လည်း ညဘက်အချိန်တွင် မှောင်ပြီး လူပြတ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျုးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။