ကမ္ဘာ့ဒေါ်လာဈေး ကျသော်လည်း ပြည်တွင်းဈေးကွက်တွင် တစ်ဒေါ်လာ ၁၅၇၇ ကျပ်အထိ စံချိန်တင်ဆက်လက် မြင့်တက်

စက်တင်ဘာ ၁၈ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၄ ပွိုင့်အောက် ကျဆင်းခဲ့သော်လည်း ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၇၇ ကျပ် အထိစံချိန်တင် ဆက်လက်မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

မြန်မာကျပ်ငွေတန်ဖိုးသည်  ဒေါ်လာဈေး မြင့်တက်မှုနှင့်အတူ ထိုင်းဘတ်၊ တရုတ်ယွမ်နှင့် စင်ကာပူဒေါ်လာ စသည့်ငွေကြေးများနှင့် နှိုင်းယှဉ်ပါက ဆက်လက်အားပျော့နေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်းများမှာ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင်  ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသ မ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင်တွင် ၉၅ ဒသမ ၃၉ ပွိုင့်၊ သြဂုတ်တွင် ၉၆ ဒသမ ၈၅ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ခဲ့ကာ စက်တင်ဘာ ၁၇ ရက်တွင် ၉၅ အောက်၊ စက်တင်ဘာ ၁၈ ရက်တွင် ၉၄ ပွိုင့်အောက် ကျဆင်းခဲ့သည်။

ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ဇွန်လမှစတင်ကာ သိသိသာသာမြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံ ချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀  ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၇၇ ဖြင့် အမြင့်ဆုံး စံချိန်ထပ်တင်ခဲ့သည်။ ဒေါ်လာဈေးသည် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိကျဆင်းခဲ့သော်လည်း သြဂုတ် ၂၈ ရက် တွင် ကျပ် ၁၅၆၀ အထိ ပြန်တက်ခဲ့ကာ စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၁၅၇၀၊ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၇၇ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဇွန် ၁၁ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ် လာ ၁၃၄၆ ကျပ်နှင့် စက်တင်ဘာ ၁၈ ရက်တွင်ဖြစ်ပေါ်သော တစ်ဒေါ်လာ ၁၅၇၇ ကျပ်နှင့်နှိုင်းယှဉ်ပါက သုံးလကျော်အတွင်း ၂၃၁ ကျပ်၊ ၁၇ ရာခိုင်နှုန်းကျော်အထိ ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃၊ သြဂုတ်တွင် ၁၄၄၂-၁၅၇၀ တို့ဖြစ်ပြီး သြဂုတ်လတွင် ကွာဟချက်အများဆုံး ဖြစ်ခဲ့သည်။ စက်တင်ဘာ ၁၈ ရက်တွင် ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၁၅၅၀ ဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်ဈေးနှုန်းထက် ကျပ် ၁၀ မြှင့်တင်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း စက်တင်ဘာ ၁၈ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၈၂၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၁၃၇ ကျပ်၊ မလေးရှားရင်းဂစ် ၃၇၅ ကျပ်၊ ထိုင်းဘတ် ၄၈ ဒသမ ၃၀ ကျပ်၊ တရုတ်ယွမ် ၂၂၈ ကျပ်၊ ဂျပန်ယန်း ၁၃ ဒသမ ၉၀ ကျပ်၊ တောင်ကိုရီးယား ၀မ် ၁ ဒသမ ၄၈ ကျပ် ဖြစ်သည်။

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၂၀၀ အောက်ဆက်ရှိပြီး ဒေါ်လာဈေးမြင့်မားမှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း စံချိန်သစ်အဖြစ် ကျပ် ၁၀၀၅၅၀၀ အထိဆက်လက်မြင့်တက်

ကမ္ဘာ့ရွှေဈေးသည် စက်တင်ဘာ ၁၈ ရက်တွင် ၁၁၉၉ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာဈေးမြင့်မားမှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၀၀၅၅၀၀ အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ်  သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၈၀၀ ဖြင့် စံချိန်တင်ထားကာ ၂၀၁၈ ခုနှစ် သြဂုတ် ၂၃ ရက်တွင် ကျပ် ၉၅၈၉၀၀၊ သြဂုတ် ၂၄ ရက်တွင်  ကျပ် ၉၆၁၃၀၀၊ သြဂုတ် ၂၅ ရက်တွင် ကျပ် ၉၆၃၅၀၀၊ သြဂုတ် ၂၆ ရက်တွင် ကျပ် ၉၆၄၅၀၀၊ သြဂုတ် ၂၇ ရက်တွင် ကျပ် ၉၆၉၄၀၀၊ သြဂုတ် ၂၈ ရက်တွင် ၉၈၅၀၀၀ ဖြင့် ခြောက်ရက်ဆက် တိုက်စံချိန်ချိုးခဲ့သည်။ သြဂုတ် ၃၀ ရက်တွင် ကျပ် ၉၆၉၀၀၀ အထိ ပြန်လည်ကျဆင်းခဲ့ပြီး  စက်တင်ဘာ ၁၀ ရက်တွင် ကျပ် ၉၈၉၂၀၀၊ စက်တင်ဘာ ၁၁ ရက်တွင် ကျပ် ၉၉၁၇၀၀၊ စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၉၉၃၂၀၀၊ စက်တင်ဘာ ၁၃ ရက်တွင် ကျပ် ၉၉၆၂၀၀၊ စက်တင်ဘာ ၁၇ ရက်တွင် ကျပ် ၉၉၈၅၀၀၊ စက်တင်ဘာ ၁၈ ရက်တွင် ကျပ် ၁၀၀၅၅၀၀ ဖြင့် အမြင့်ဆုံးစံချိန်ထပ်တင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်န၀ါရီ ၉ ရက်တွင် ၉၃၈၀၀၀ ၀န်းကျင်ဖြစ်ပေါ်နေသော ပြည်တွင်းရွှေဈေးသည် ဇန်န၀ါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိ မြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၉၄၄၆၀၀၊ မတ် ၇ ရက်တွင် ၉၄၁၂၀၀၊ မတ် ၃၁ ရက်တွင် ၉၃၉၅၀၀၊ ဧပြီ ၁၉ ရက်တွင် ၉၄၈၄၀၀၊ မေ ၉ ရက်တွင်  ကျပ်  ၉၃၈၀၀၀၊ ဇွန် ၆ ရက်တွင် ၉၃၂၉၀၀၊ ဇူလိုင် ၃ ရက်တွင် ၉၃၄၁၀၀၊ ဇူလိုင် ၂၆ ရက်တွင် ကျပ်  ၉၅၀၅၀၀၊ သြဂုတ် ၂၈ ရက်တွင် ၉၈၅၀၀၀ ကျပ်၊ စက်တင်ဘာ ၁၈ ရက်တွင် ကျပ် ၁၀၀၅၅၀၀ ဖြင့် ဈေးကွက်သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးအဖြစ် စံချိန်သစ်ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက ဇွန်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၃၁၇၀၀ (ဇွန် ၅ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၃၉၅၀၀ (ဇွန် ၁၅ ရက်)၊ ဇူလိုင်လအတွင်း ပြည်တွင်း ရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ်  ၉၃၄၁၀၀ ( ဇူလိုင် ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၅၀၅၀၀ (ဇူလိုင် ၂၆ ရက်)၊ သြဂုတ်လအတွင်း ပြည်တွင်းရွှေဈေးနှုန်း အနိမ့်ဆုံးနှုန်း ကျပ် ၉၄၇၃၀၀ (သြဂုတ် ၆ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၈၅၀၀၀ (သြဂုတ် ၂၈ ရက်)တို့ ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက  ၂၀၁၇ ခုနှစ်ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လ အလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့်အမြင့်ဆုံး ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇန်န၀ါရီတွင် ၁၃၁၀-၁၃၆၄ ဒေါ်လာ၊ ဖေဖော်ဝါရီတွင် ၁၃၁၇-၁၃၄၇ ဒေါ်လာ၊ မတ်တွင် ၁၃၁၂-၁၃၅၅ ဒေါ်လာ၊ ဧပြီတွင် ၁၃၂၃ -၁၃၅၄၊ မေ တွင် ၁၂၈၈-၁၃၁၉၊ ဇွန်တွင် ၁၂၅၂- ၁၂၉၉၊ ဇူလိုင်တွင် ၁၂၁၁-၁၂၅၈၊ သြဂုတ် ၁၁၇၄- ၁၂၂၁ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ကွာ ဟချက်ဒေါ်လာ ၃၀ ၀န်းကျင်မှ ၅၀ ကျော် အထိရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ဆန်းမှစ၍ အကျပိုင်းသို့ရောက်လာပြီး  သြဂုတ်လလယ်တွင် ၁၁၇၄ ဒေါ် လာဝန်းကျင် အထိကျဆင်းခဲ့ကာ သြဂုတ် ၃၁ ရက်တွင် ၁၂၀၆ ဒေါ်လာ၊ စက်တင်ဘာ ၁၈ ရက်တွင် ၁၁၉၉ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၇၆ ဘီလျံကျော် ခွင့်ပြုထားပြီး လက်ရှိလုပ်ငန်း လည်ပတ်နေသည့် ပမာဏ ဒေါ်လာဘီလျံ ၆၀ ကျော်ရှိသော်လည်း အမှန်ဝင်ရောက်မှုမှာ ဒေါ်လာ၂၆ ဘီလျံကျော်သာရှိကြောင်း သိရ

ရန်ကုန်မြို့တွင် ဆောင်ရွက်နေသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသီဟဇော်)

၁၉၈၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၆ ဘီလျံအထိ ခွင့်ပြုထားပြီး လက်ရှိလုပ်ငန်း လည်ပတ်နေသည့် ပမာဏ ဒေါ်လာဘီလျံ  ၆၀ ကျော်ရှိသော်လည်း အမှန်ဝင်ရောက်မှုမှာ ဒေါ်လာ ၂၆ ဘီလျံကျော် သာရှိကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်ဝင်ရောက်မှု (International Investment Position) အခြေအနေ စာရင်းအရ သိရသည်။

“မြန်မာနိုင်ငံရဲ့ FDI Actual စာရင်းတွေ အနေအထားကိုကြည့်ရင် Transaction အပိုင်းကိုကြည့်ရင် ၄ ဘီလျံတို့ ၃ ဒသမ ၅ ဘီလျံတို့ နှစ်အလိုက်မှာ Actual စာရင်းတွေ ပိုတက်လာတယ်။ စုစုပေါင်းဆိုရင် ၂၆ ဘီလျံရှိတယ်။ ဒါက Permit နဲ့တော့ ချိန်ထိုးလို့မရဘူး။ Exisiting နဲ့ဆိုရမယ်။ Exisiting က ၆၀ဘီလျံကျော်ရှိတယ်။ ဘာလို့လဲဆိုရင် ဥပမာ- စွမ်းအင်စီမံကိန်းတွေ ဆိုပါတော့။ သူက စမ်းသပ်ကာလမှာတင် ပျက်သွားတာတွေ ရှိတယ်လေ။ ဆိုတော့ ပါမစ်ပြန်အပ်တဲ့ အပိုင်းတွေရှိတယ်။ တချို့လည်း မအပ်သေးတာတွေရှိတယ်။ ဆိုတော့ Actual ၀င်တာက ၂၆ ဘီ လျံကျော်ရှိတယ်။ တစ်နှစ်ချင်း ၀င်တာကို ကြည့်ရင် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ က ၃ ဒသမ ၅ ဘီလျံနဲ့ အထက်တွေချည်း ပုံမှန်ဝင်နေတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု အခြေအနေမှာ အရေးကြီးသည့်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် EU-ASEAN Compass Program တို့နှင့်ပူးပေါင်းပြီး Pilot Survey ကို ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီး FDI Annual Survey ကိုကောက်ယူနိုင်ခဲ့ကာ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတကာ စံနှုန်းများနှင့်အညီ ကိန်းဂဏာန်းများကို ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမှန်ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု အခြေအနေကို လေ့လာကြည့်ပါက ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ဒေါ်လာ ၁၀၃၇၄ ဒသမ ၈၈ သန်းရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ရာခိုင်နှုန်း ၄၀ နီးပါးရှိသည်။ တယ်လီကွန်းကဏ္ဍတွင် ဒေါ်လာ ၄၄၃၀ ဒသမ၂၃ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၆ ဒသမ ၈၁ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ဒေါ်လာ ၂၈၁၂ ဒသမ ၀၇ သန်းဖြင့် စုစုပေါင်း၏ ၁၀ ဒသမ ၆၇ ရာခိုင်နှုန်းရှိသည်။

Power Generation ကဏ္ဍတွင် ဒေါ်လာ ၁၇၁၈ ဒသမ ၆၀ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၆ ဒသမ ၅၂ ရာခိုင်နှုန်း၊ ဘဏ်လုပ်ငန်း ကဏ္ဍတွင် ဒေါ်လာ ၁၃၇၈ သန်းဖြင့်  စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဟိုတယ်ကဏ္ဍတွင် ဒေါ်လာ ၉၅၈ ဒသမ ၇၉ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ Services excl. Banking ကဏ္ဍတွင် ဒေါ်လာ ၉၄၆ ဒသမ ၈၄ သန်းဖြင့် စုစုပေါင်းရင်း နှီးမြှုပ်နှံမှု၏ ၃ ဒသမ ၅၉ ရာခိုင်နှုန်း၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၅၃ ၈ဒသမ ၅၅ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂ ဒသမ ၀၄ ရာခိုင်နှုန်း၊ သားငါးကဏ္ဍတွင် ဒေါ်လာ ၂၃၅ ဒသမ ၃၂ သန်းဖြင့် စုစုပေါင်း၏ ၀ ဒသမ ၈၉ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Financial Services excl.banks တွင် ဒေါ်လာ ၁၉၃ ဒသမ ၉၃ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၀ ဒသမ ၇၄ ရာခိုင်နှုန်း၊ လေဆိပ်နှင့် လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၅၀ ဒသမ ၈၃ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၀ ဒသမ ၁၉ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ဒေါ် လာ ၄၇ ဒသမ ၂၀ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၀ ဒသမ ၁၈ ရာခိုင်နှုန်း၊ စက်မှုဇုန် တည်ဆောက်ရေး ကဏ္ဍ၌ ဒေါ်လာ ၄၃ ဒသမ ၆၁ သန်းဖြင့် စုစုပေါင်း၏ ၀ ဒသမ ၁၇ ရာခိုင်နှုန်း၊ လယ်ယာကဏ္ဍတွင် ဒေါ်လာ ခြောက်သန်းကျော် ၀င်ရောက်ထားသည်။

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၅ ဘီလျံရှိ၍ ယခင်နှစ်ထက် တိုးလာပြီး ကုန်သွယ်မှုလိုငွေ ကျဆင်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရှင်းလင်း

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ လီလျံရှိ၍ ယမန်နှစ်ထက် တိုးလာပြီး ကုန်သွယ်မှုလိုငွေသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ကိုယ်စား စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။

နေပြည်တော်၌ စက်တင်ဘာ ၁၀ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် န၀မပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ်စဉ် (၇/၂၀၁၈) နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကိုယ်စား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ရှင်းလင်း ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပို့ကုန် အမယ်တွေကို ပိုမို တိုးချဲ့ခြင်း၊ တင်ပို့တဲ့ နိုင်ငံတွေကို တိုးချဲ့ခြင်း၊ တင်ပို့တဲ့ ပမာဏကို တိုးချဲ့ခြင်းတို့ဖြင့် ပို့ကုန်တိုးမြှင့်ရေးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ ပို့ကုန်တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁၂ ဘီလျံ ရှိခဲ့ပေမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပို့ကုန်အမေရိကန် ဒေါ်လာ ၁၅ ဘီလျံသို့ တိုးလာပြီး ကုန်သွယ်မှုလိုငွေဟာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၂ ဘီလျံကနေ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၈ ဘီလျံသို့ ကျဆင်းခဲ့ပါကြောင်းကိုလည်း တင်ပြလိုပါတယ်” ဟု စက်မှုဝန်ကြီးက ပြောကြားသည်။

၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ကုန်သွယ်မှုဆိုင်ရာ ဖြေလျော့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားငွေ လွတ်လပ်စွာ စီးဆင်းခွင့်ပြု၍ ပို့ကုန်တင်ပို့မှ တင်သွင်းနိုင်သည့် စနစ်ကို ပယ်ဖျက်ခဲ့ခြင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေး လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းသုံးပစ္စည်းများ၊ စက်ယန္တရားများ ပိုမိုတင်သွင်းခဲ့ခြင်း၊ အထူးစီးပွားရေးဇုန် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် တင်သွင်းမှုများနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လွတ်လပ်စွာ တင်သွင်းခွင့်ပြုမှုများအရ သွင်းကုန်တင်သွင်းမှု ပိုမိုလာပြီး ပို့ကုန်နှင့် သွင်းကုန်တိုးတက်မှု အချိုးမညီမျှဘဲ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစ၍ ကုန်သွယ်မှု လိုငွေများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် နိုင်ငံတော် တည်ဆောက်ဆဲ ကာလဖြစ်သည့်အတွက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နေသည့် ကာလဖြစ်ပြီး ၀င်ရောက်လာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ လိုအပ်သည့် ကုန်ပစ္စည်းများ တင်သွင်းမှု များပြားနေခြင်းကြောင့် သွင်းကုန်တိုးချဲ့ တင်သွင်းမှုသည်လည်း အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့ မဖြစ်မနေ ဆက်လက် ဖြစ်ပေါ်နေမည်ဟု သုံးသပ်ရကြောင်း၊ အထူးစီးပွားရေးဇုန်များသည် ပို့ကုန်တိုးချဲ့ တင်ပို့ နိုင်သလို သွင်းကုန်များကိုလည်း အစားထိုးနိုင်သည်ကို တွေ့ရကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။

ဆက်လက်ပြီး စက်မှုဝန်ကြီးက ကုန်သွယ်မှု သာမန်စာရင်းအပိုင်းတွင် ကုန်စည်များသာမက ၀န်ဆောင်မှုအပိုင်းသည်လည်း ပါဝင်နေခြင်းကြောင့် နိုင်ငံတော် ၀င်ငွေရရှိသည့် ၀န်ဆောင်မှုလုပ်ငန်းများ ဖြစ်သော ခရီးသွားလုပ်ငန်း၊ လေယာဉ်ဖြတ်သန်းခ၊ လေဆိပ်ရပ်နားခ၊ လေယာဉ်ဆီဖြည့်ခ၊ သင်္ဘောဆိပ်ကမ်း ရပ်နားခ၊ သင်္ဘောဆိပ်ကမ်းများအတွက် ၀င်ထွက်မှုဆိုင်ရာ အခွန်အခများ၊ လေယာဉ်လိုင်းများမှ ပြည်တွင်းပြည်ပ နိုင်ငံခြားသား ခရီးသွားများအတွက် ရရှိမည့် လေယာဉ်ခများ၊ ပြည်ပ အလုပ်အကိုင်များမှ ရရှိမည့် ၀င်ငွေများ စသည်တို့ကို ထည့်သွင်း တွက်ချက်ပါက ကုန်သွယ်မှုလိုငွေကို ပိုမို လျော့ကျစေမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ဒေါ်လာဈေးမြင့်နေသည့်အပြင် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု ကျဆင်းနေသည့်အတွက် လာမည့်ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒသမ ၈ ဘီလျံသာ ၀င်ရောက်ရန် လျာထားပြီး ယခင်နှစ် လျာထားမှုထက် ဒေါ်လာသန်းနှစ်ရာကျော် လျော့ကျ

ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုကို တွေ့ရစဉ်

ဒေါ်လာဈေး မြင့်တက်နေသည့်အပြင် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု ကျဆင်းနေသည့်အတွက် လာမည့်ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ရန် လျာထားချက်ကို ဒေါ် လာ ၅ ဒသမ ၈ ဘီလျံ သတ်မှတ်ကာ ယခင်နှစ် ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ရန် လျာထားချက်ထက် လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

“လာမယ့်ဘတ်ဂျက်ကြီးမှာတော့ ၅ ဒသမ ၈ လောက်မှန်းတယ်။ ဒါက လာမယ့်ဘဏ္ဍာနှစ်ပေါ့။ ဒါကို အတည်ပြုဖို့ လုပ်နေတယ်။ Global Investment က ကျနေတယ်။ ကျွန်တော်တို့က ဒီအချိန်မှာ ဒေါ်လာကလည်း ရင်းနှီးမြှုပ်နှံသူတွေအတွက် အခက်အခဲလည်း ရှိတာက ဒီဘက်မိုးတွင်း ခြောက်လကတော့ နည်းမှာပဲ” ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်လျာထားချက်ကို အမေရိကန်ဒေါ်လာ ခြောက်ဘီလျံအထိ မျှော်မှန်းထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၅ ဒသမ ၇၁၈ ဘီလျံအထိ ခွင့်ပြုပေးနိုင်ခဲ့သည်။

ထို့ပြင် သီလ၀ါ အထူးစီးပွားရေးဇုန်သို့ ၀င်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ယခင်ခွင့်ပြုထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဟောင်းများက ထပ်မံတိုးချဲ့သည့် ရင်းနှီးမြှုပ်နှံမှုများကိုပါ ထည့်တွက်ပါက ယင်းနှစ်၏ ရင်းနှီးမြှုပ်နှံမှု လျာထားချက်ကို ကျော်လွန်ခဲ့ကြောင်း သိရသည်။

ဘဏ္ဍာနှစ်ကာလ သတ်မှတ်ချက် အပြောင်းအလဲများကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကို ၂၀၁၈ ခုနှစ် စက်တင်ဘာမှ ပြန်လည်စတင်မည်ဖြစ်သည်။

ထို့ကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်  ပြန်မစမီ ၂၀၁၈ ခုနှစ် ဧပြီ မှ  စက်တင်ဘာအထိကို ဘဏ္ဍာနှစ် ကြားကာလ ခြောက်လအဖြစ် သတ်မှတ်ခဲ့ပြီး အဆိုပါ ဘဏ္ဍာနှစ် ကြားကာလ ခြောက်လအတွက် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သုံးဘီလျံ ၀င်ရောက်ရန် လျာထားခဲ့သည်။

လက်ရှိ ဘဏ္ဍာနှစ် ကြားကာလ ကုန်ဆုံးရန် တစ်လအလိုအထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်း ၀င်ရောက်ထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ယခင်ခွင့်ပြုပြီး လုပ်ငန်းများမှ ထပ်မံတိုးချဲ့ထားမှု စသည့်ကဏ္ဍ သုံးခုစလုံးမှ ၀င်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ ဘီလျံအထိသာ ၀င်ရောက်ထားသည့်အတွက် ဘဏ္ဍာနှစ်ကြားကာလ လျာထားချက်၏ ထက်ဝက်ခန့်သာ ၀င်ရောက်ထားကြောင်း သိရသည်။

ဘဏ္ဍာနှစ်ကြားကာလ ခြောက်လအတွင်း  မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ရန် မျှော်မှန်းထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိဒေါ်လာ သုံးဘီလျံပြည့်မီရန် အခက်အခဲရှိနေပြီး ဒေါ်လာတစ်ဘီလျံခန့်အထိ လျော့ကျနိုင်ကြောင်း သြဂုတ် ၂၉ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

“သာမန်တွက်ရင် ဘဏ္ဍာနှစ်ကြီးပေါ့။ နှစ်လကို ခြောက်ဘီလျံ၊ ကြားကာလ ခြောက်လကို သုံးဘီလျံ တွက်ထားတာ။ ဒီနေရာမှာ ပြောစရာက အားလုံးသိတဲ့ အတိုင်းပဲ။ နိုင်ငံတကာ တချို့လွဲမှားနေတဲ့အမြင်တွေ ဒါကတစ်ချက်။ ဒီခြောက်လလုံးလုံးက မိုးတွင်းကာလ ဖြစ်သွားတော့။ ဒီဘက်ခြောက်လနဲ့ ဟိုဘက်ခြောက်လမှာက Construction လုပ်ရတာတို့၊ Investment ၀င်ရတာတို့ရှိတာပေါ့။ သုံးဘီလျံမှန်းထားတာက ကျွန်တော့်အမြင်ကတော့ စက်တင်ဘာမှာဆို ပြည့်မီဖို့တော့လိုမယ်။ သို့သော်ငြားလည်း အခု ၁ ဒသမ ၅ ဘီလျံလောက်ရထားတော့ စက်တင်ဘာတစ်လလုံး ကျန်သေးတယ်။ ထပ်တိုးတာနဲ့ ဘာနဲ့ဆိုရင်တော့ နှစ်ဘီလျံ ကျော်ကျော်လောက်တော့ သွားလိမ့်မယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု လျော့ကျသည့်အပြင် ဒေါ်လာဈေးနှုန်း မြင့်တက်နေပြီး ကျပ်ငွေတန်ဖိုး ကျဆင်းလာသည့်အတွက် လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွက် ရင်းနှီးမြှုပ်နှံမှု လျာထားချက်ကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ သတ်မှတ်ကာ ယခင်နှစ်များထက် ၀ ဒသမ ၂ ဘီလျံအထိ လျှော့ချခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အာရှဒေသနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံအပေါ် လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

“အာရှဒေသမှာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုက လုံးဝကျသွားခြင်း မရှိပါဘူး” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံ၏ လုပ်ငန်းကဏ္ဍ ၁၂ ခုသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၇၆ ဒသမ ၄၁၅ ဘီလျံကျော် ၀င်ရောက်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုများအနက် အာရှနိုင်ငံများဖြစ်သည့် တရုတ်က အများဆုံး ၀င်ရောက်ထားပြီး စင်ကာပူသည် ဒုတိယ အများဆုံး ၀င်ရောက်ထားခြင်းဖြစ်သည်။

 

အခွန်လျှော့ချရန် တောင်းဆိုနေသော်လည်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များမှာ သင့်တင့်သော နှုန်းထားများဖြစ်၍ နှုန်းထားတိုးမြှင့်မှု မပြုသင့်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အကြံပြု

အခွန်လျှော့ချရန် တောင်းဆိုမှုများ ရှိနေသော်လည်း လက်ရှိ ကောက်ခံနေသည့် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များမှာ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သင့်တင့်သော နှုန်းထားများဖြစ်ကြောင်းနှင့် နှုန်းထား တိုးမြှင့်မှု မပြုသင့်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အကြံပြုထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ကောက်ခံနေသော ၀င်ငွေခွန် ၂၅ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းမှာ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်မှုအရ သင့်တင့်သော နှုန်းထားများဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ “ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်” အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံ၏ အခွန်ရငွေနှင့် ဂျီဒီပီအချိုးမှာ ၄ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိပြီး အာဆီယံနိုင်ငံများတွင် အနည်းဆုံး ဖြစ်နေကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက Heritage Foundation ၏ 2015 Macro Economic Data နှင့် Index of Economic Freedom အစီရင်ခံစာတို့ကို ကိုးကား၍ ဖော်ပြထားသည့် ၀ီကီပီဒီးယားရှိ ကမ္ဘာ့နိုင်ငံများ၏ အခွန်အကောက်ရငွေနှင့် ဂျီဒီပီ အချိုးဇယားကို ကိုးကား ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် အခွန်ရရှိမှု အနည်းဆုံးနှင့် ဂျီဒီပီတွင် အခွန်ပါဝင်မှုအချိုး နည်းပါးနေသော်လည်း အခွန်ရရှိမှု နှစ်စဉ် မြင့်တက်နေပြီး လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အခွန်လျာထားချက်တွင်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ထက် ဘီလျံ ၁၀၀၀ ကျော် တိုးမြှင့်ရရှိရန် ခန့်မှန်းထားသည်။

နှစ်အလိုက် အခွန်ရရှိမှုများတွင် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် အခွန်အကောက်ရငွေ ကျပ် ၄၄၅၉ ဘီလျံရှိပြီး အခွန်နှင့် ဂျီဒီပီအချိုး မှာ ၇ ဒသမ ၆၉ ဖြစ်ကာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အခွန်အကောက်ရငွေ ကျပ် ၆၅၁၈ ဘီလျံရှိပြီး အခွန်နှင့် ဂျီဒီပီအချိုးမှာ ၉ ဒသမ ၉၉ အထိ အမြင့်ဆုံး ဖြစ်ခဲ့သည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အခွန်အကောက်ရငွေ ကျပ် ၆၃၁၄ ဘီလျံရှိပြီး အခွန်နှင့် ဂျီဒီပီအချိုးမှာ ၈ ဒသမ ၆၈ ဖြစ်ကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အခွန်အကောက်ရငွေ ကျပ် ၇၁၂၂ ဘီလျံရှိပြီး အခွန်နှင့် ဂျီဒီပီအချိုးမှာ ၈ ဒသမ ၉၃ သာ ရှိခဲ့သည်။

အခွန်နှင့် ဂျီဒီပီအချိုးမှာ နှစ်စဉ် ကျဆင်းနေသော်လည်း အခွန်ရရှိမှုတွင် များပြားနေခြင်းနှင့် ကျဆင်းနေသော မြန်မာ့စီးပွားရေး ပြန်လည် ဆွဲတင်နိုင်ရန် လုပ်သာကိုင်သာရှိသော အခွန်နှုန်းလျှော့ချမှု တစ်ရပ်ကို လုပ်ငန်းရှင်များက တောင်းဆိုနေသကဲ့သို့ ၀င်ငွေရလမ်း မပြနိုင်သည့်သူများ ပေးဆောင်ရသည့် စည်းကြပ်မှုမှ လွတ်ကင်းနေသော အခွန်ရာခိုင်နှုန်း ၃၀ ကောက်ခံမှု ကင်းလွတ်ခွင့်ပေးရန်၊ အခွန်နှုန်းကို ငါးရာခိုင်နှုန်းသို့ တစ်နှစ်၊ နှစ်နှစ် ကင်းလွတ်ခွင့် ပေးရန်နှင့် အလုပ်လျှော့ချမှုများ ရှိလာကြောင်း စေပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဦးမောင်ဝိတ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သြဂုတ် ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် တင်ပြခဲ့ပြီး MCEA ဥက္ကဋ္ဌ ဦးရှိန်ဝင်းကလည်း အခွန်နှုန်းထားများ လျှော့ချရန်နှင့် အခွန်ရရှိမှု လျော့ကျပါက ၎င်း၏ ပိုင်ဆိုင်မှုမှ စိုက်လျော်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ကတိပေးခဲ့သည်။

“အခွန်နှုန်းထားတွေက သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း တောင်းဆိုနေတာမျိုး မဟုတ်ဘဲ လုပ်သာကိုင်သာရှိတဲ့ နှုန်းထားတစ်ခုကို လျှော့ချသင့်တယ်။ သုံးရာခိုင်နှုန်း ၊ ငါးရာခိုင်နှုန်းကတော့ နည်းလွန်းတယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ဆိုသည်။

ထိုသို့ လုပ်ငန်းရှင်များက အခွန်လျှော့ချ ခိုင်းနေသော်လည်း လက်ရှိတွင် အခွန်ရရှိမှု နည်းပါးနေသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က ပြောကြားသည်။

“အခွန်လျှော့ချ ခိုင်းနေပေမယ့် အခွန်ရရှိမှုတွေက လျော့နည်းနေပါတယ်။ ဒီနှစ်ခုကို ဘယ်လို အပေးအယူ (Compromise) လုပ်မလဲဆိုတာကို အဖြေရှာဖို့ လိုပါတယ်” ဟု ဦးစိုးဝင်းက ပြောကြားသည်။

 

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ပွိုင့်အောက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၁၅ အထိ ကျဆင်း

သြဂုတ် ၃၀ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ပွိုင့်အောက်ရှိပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၁၅ ကျပ်အထိ ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး ကျဆင်းလာသော်လည်း မြန်မာကျပ်ငွေတန်ဖိုးသည် ထိုင်းဘတ်၊ တရုတ်ယွမ်နှင့် စင်ကာပူဒေါ်လာစသည့် ငွေကြေးများနှင့်နှိုင်းယှဉ်ပါက ဆက်လက် အားပျော့လျက်နေသည်။

သြဂုတ် ၁၈ ရက်တွင် ၁၄၉၃ ကျပ်၊ သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိ ကျဆင်းခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် ကျပ် ၁၅၆၀ အထိ ပြန်တက်ခဲ့ကာ သြဂုတ် ၃၀ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန် ၁၁ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ်လာ ၁၃၄၆ ကျပ်နှင့် သြဂုတ် ၁၆ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ်လာ ၁၅၇၀ ကျပ်နှင့် နှိုင်းယှဉ်ပါက နှစ်လကျော်အတွင်း ၂၂၄ ကျပ်၊ ၁၆ ရာခိုင်နှုန်းကျော်အထိ ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်န၀ါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက် အများဆုံးဖြစ်ခဲ့သည်။ သြဂုတ် ၃၀ ရက်တွင် ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၅၁၅ ကျပ်ဖြစ်သည်။

ပြည်တွင်းဈေးကွက်အတွင်း သြဂုတ် ၃၀ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြား ငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၇၆၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၁၂၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၇၀ ကျပ်၊ ထိုင်းဘတ် ၄၇ ကျပ်၊ တရုတ်ယွမ် ၂၂၃ ကျပ်၊ ဂျပန်ယန်း ၁၃ ဒသမ ၅၀ ကျပ်၊ တောင်ကိုရီးယား ၀မ် ၁ ဒသမ ၄၀ ကျပ်ဖြစ်သည်။

တရုတ်နှင့် ထိစပ်နေသော ဒေသများတွင် နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ဆောင်ရွက်မှုဇုန်များကို OBOR အောက်မှ ဆောင်ရွက်ရန် သဘောတူထားဟု စီးပွား/ကူးသန်းဝန်ကြီး ပြောကြား

ရှမ်းပြည်နယ် အပါအ၀င် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ကုန်သွယ်မှုနယ်မြေများတွင် OBOR (One Belt One Road) အစီအစဉ်အောက်ရှိ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံအောက်တွင် နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များကို ဆောင်ရွက်ရန် နှစ်နိုင်ငံ သဘောတူထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားသည်။

နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များကြောင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဖြစ်သလို ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာမည့်အပြင် ဒေသတွင်း ကုန်ထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု မြင့်မားလာမည် ဖြစ်သည်။

ထို့ကြောင့် နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စများကို ဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ စီမံဆောင်ရွက်နေကြောင်း ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သည် နယ်စပ်ကုန်သွယ်မှုတွင် အများဆုံး ကုန်သွယ်မှုဇုန် ဖြစ်သည့်အပြင် မြန်မာ-တရုတ် ကုန်သွယ်မှုတွင် အရေးအကြီးဆုံးနေရာဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံ ပြည်သူများ အကျိုးဖြစ်ထွန်းမှုအတွက် အခြေအနေကောင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကာ လယ်ယာထွက်ကုန်များအား အဆင့်မြှင့်တင် ပြုပြင်ထုတ်လုပ်ခြင်း အပါအ၀င် ပို့ကုန်တင်ပို့မှုကို အထောက်အကူ ပြုလာနိုင်မည်ဖြစ်ကြောင်း ဒေါက်တာသန်းမြင့်က ဆိုသည်။

 

ပို့ကုန်ရငွေ၏ ရာခိုင်နှုန်း ၄၀ ခန့်မှာ မြန်မာ့ဘဏ်များဆီသို့ အမှန်တကယ် ၀င်ရောက်လာမှု နည်းနေခြင်း အပါအ၀င် အချိန်တိုအတွင်း ငွေလဲလှယ်နှုန်း အတက်ကြမ်း၊ အကျကြမ်း ဖြစ်ပေါ်နေမှုကို ဖြေရှင်းပေးရန် အချက် ၁၂ ချက်တင်ပြ

ပို့ကုန်ရငွေ၏ ရာခိုင်နှုန်း ၄၀ ခန့်မှာ မြန်မာ့ဘဏ်များဆီသို့ အမှန်တကယ် ၀င်ရောက်လာမှု နည်းပါးနေခြင်း အပါအ၀င် အချိန်တိုအတွင်း ငွေလဲလှယ်နှုန်း အတက်ကြမ်း၊ အကျကြမ်း ဖြစ်ပေါ်နေမှုကို ဖြေရှင်းပေးရန် အချက် ၁၂ ချက်ကို  ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က တင်ပြထားကြောင်း သြဂုတ် ၂၅ ရက်တွင် သိရသည်။

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေအကြား အချိန်တိုအတွင်း အတက်ကြမ်း၊ အကျကြမ်း ဖြစ်ပေါ်နေမှုကို စနစ်တကျ ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် အများပြည်သူနှင့် လုပ်ငန်းရှင်များအကြား စိုးရိမ်ပူပန်စိတ်များ လျော့နည်းပပျောက်စေရန် အစိုးရနှင့် ဗဟိုဘဏ်က ဆောင်ရွက်ပေးသင့်သည့် အချက်များကို ငွေလဲနှုန်း တည်ငြိမ်စေရေးအတွက် ဦးရဲမင်းအောင်က တင်ပြခဲ့ခြင်းဖြစ်ပြီး အဓိက အချက်များအဖြစ် ပြည်တွင်း၌ ထုတ်လုပ်နေသော ကုန်ပစ္စည်းများအား ပြည်ပမှ တင်သွင်းမှုအပေါ် Quota, Tariff Rate Quota, Minium Access, Standards, Specifications၊ အခွန်နှင့် အကောက်ခွန်စနစ်တို့ဖြင့် ထိန်းကွပ်ဆောင်ရွက်ရန် တင်ပြခဲ့သည်။

ထို့ပြင် နိုင်ငံခြားဘဏ်များ၏ Trade Financing လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး စီစဉ်ပေးရန်၊ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုအတွက် ယွမ်ငွေကို သုံးခြင်းနှင့် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုအတွက် ဘတ်ငွေကိုသုံးခြင်း စသည့် အဓိက ကုန်သွယ်ဖက်နိုင်ငံများနှင့် Bilateral Currency Swap အစီအစဉ်ကို ညှိနှိုင်းဆောင်ရွက်ရန်၊ Interbank Currency Market ကို ယခုထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဘဏ်က ကြီးမှူးဖော်ဆောင်ပေးရန်နှင့် ပြည်တွင်းပြည်ပ ရှယ်ယာရှင်များ ပါဝင်မှုဖြင့် ပို့ကုန်သွင်းကုန်ဘဏ်ကို အများပိုင် ဘဏ်အဖြစ် အမြန်ဆုံး ဖွဲ့စည်းတည်ထောင်နိုင်ရေး လုပ်ငန်းအဖွဲ့ ဖွဲ့၍ ဆောင်ရွက်ပေးရန် စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ပို့ကုန်မြှင့်တင်ရေး ပိုမိုထိရောက်စွာ အားပေးဆောင်ရွက်ရေးအတွက် ပို့ကုန်လုပ်ငန်းများအား အခွန်ဆိုင်ရာ သက်သာခွင့်၊ ဦးစားပေး အစီအစဉ်များဖြင့် ဆောင်ရွက်ပေးရန်၊ National Export Promotion ဖွဲ့စည်းပြီး နိုင်ငံတကာဈေးကွက် ထိုးဖောက်ရောင်းချခြင်းနှင့် ရလဒ်ထွက်သည့် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများကို ဆောင်ရွက်ပေးရန်နှင့် ပို့ကုန်ရငွေ၏ ရာခိုင်နှုန်း ၄၀ ခန့်မှာ မြန်မာ့ဘဏ်များဆီသို့ အမှန်တကယ် ၀င်ရောက်လာမှု နည်းပါးနေသောကြောင့် တရားဝင်ကုန်သွယ်မှု ဖြစ်စေရေးအတွက် သက်ဆိုင်ရာ ကုန်သွယ်ဖက် နိုင်ငံများနှင့် ဦးစားပေးညှိနှိုင်း ဆောင်ရွက်ကာ နယ်စပ်ကုန်သွယ်မှုများတွင် ဘဏ်များကို တွင်ကျယ်စွာ အသုံးပြုလာရေး ညှိနှိုင်းပေးရန်၊ ပြည်တွင်းတွင် ဒေါ်လာအလွန်အကျွံအသုံးပြုမှု မဖြစ်ပေါ်စေရေးအတွက် ဒေါ်လာဖြင့် ပေးချေမှုများအပေါ် တားမြစ်သည့် ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်ပြီး ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက ဒဏ်ကြေး၊ ပြစ်မှု၊ ပြစ်ဒဏ်များပါ ထည့်သွင်းဖော်ပြကာ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း တင်ပြခဲ့သည်။

ထို့ပြင် နိုင်ငံခြားရောက် ငွေကြေးများ ပြည်တွင်းသို့ ပြန်လည်စီးဝင်လာနိုင်ရန်နှင့် ပြည်ပရောက် မြန်မာလုပ်သားများ၏ လုပ်ခလစာငွေများ ပြည်တွင်းသို့ လွယ်ကူစွာ အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက် နိုင်ရေးအတွက် ပုဂ္ဂလိက နိုင်ငံခြား ငွေလွှဲလုပ်ငန်းများကို ပိုမိုတိုးချဲ့ လုပ်ကိုင်ခွင့် ခွင့်ပြုပေးရန်၊ ရင်းနှီးမြှုပ်နှံမှုအတွက် Capital Brough – in အမှန်တကယ် အလုံးအရင်းဖြင့် ၀င်ရောက်စေရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ကူညီအားပေးရန်နှင့် ရင်းနှီးမြှုပ်နှံမှုကို MIC, DICA တို့က လွယ်ကူစွာ ခွင့်ပြုဆောင်ရွက် ပေးထားသော်လည်း လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်ရာ၌ မြေသုံးစွဲမှု အပါအ၀င် အခက်အခဲများစွာ ကြုံတွေ့ရသဖြင့် စီးပွားရေးရပ်ဝန်း လွယ်ကူလျင်မြန်စေရေး ဆောင်ရွက်ပေးရန်၊ ပြည်ပတင်ပို့ကုန် လုပ်ငန်းများအတွက် အကောက်ခွန် ဦးစီးဌာန၏ ၀န်ထမ်းအင်အား တိုးချဲ့ပေးပြီး ၂၄ နာရီ ခုနစ်ရက် ပိတ်ရက်မရှိ ၀န်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် အသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၏ ပြည်ပမှ ချေးငွေများ၊ ရင်းနှီးမြှုပ်နှံမှုရယူမှု၊ စီးဝင်မှုများကို ဗဟိုဘဏ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနတို့မှ လျင်မြန်စွာ စိစစ်ပေးရန် လိုအပ်ကြောင်း ဦးရဲမင်းအောင်က တင်ပြခဲ့သည်။

လက်ရှိအခြေအနေတွင် ငွေကြေးတည်ငြိမ်မှုမရှိဘဲ ကျပ်ငွေတန်ဖိုး ကျဆင်းစေမှုမှာ ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်မည့် စိုးရိမ်စရာ အခြေအနေ ဖြစ်ပေါ်နေပြီး ထိုသို့ဖြစ်ပေါ်နေမှုများအတွက် ငွေကြေးလဲလှယ်နှုန်း တည်ငြိမ်ရေး အပါအ၀င် အကြံပြုချက်များ ဆောင်ရွက်ရန် ကုန်သည်စက်မှု အသင်းချုပ် အနေဖြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်နေကြောင်း ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြတဲ့ အခါမှာလည်း ဒီငွေလဲနှုန်းကိစ္စကိုပဲ ဆွေးနွေးမယ်။ ဒီလိုဆွေးနွေးတဲ့ အခါမှာ စီးပွားရေးတက်မယ်။ ကျမယ်မပြောဘူး။ စီးပွားရေးကို ရှေ့ဆက်ပြီး ဘယ်လိုကောင်းအောင် လုပ်မယ်ဆိုတဲ့ အဓိက အချက်တွေပဲ တင်ပြမယ်” ဟု ဦးဇော်မင်းဝင်းက ပြောကြားသည်။

လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံခြားငွေ အလွန်အကျွံသုံးစွဲမှု မဖြစ်စေရေးအတွက် ဗဟိုဘဏ်က နိုင်ငံခြားငွေအစား ကျပ်ငွေသာ သုံးစွဲရန် တတိယအကြိမ်မြောက် ညွှန်ကြားစာ ထုတ်ပြန်ထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ရေးသားထားသည်။

 

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစီအစဉ်အရ နှစ်စဉ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယခင်က ဒေါ်လာခြောက်ဘီလျံ ၀င်ရောက်ရန် ခန့်မှန်းခဲ့သော်လည်း လက်ရှိတွင် ဒေါ်လာ ၅ ဒသမ ၈၅ ဘီလျံအထိသာ ခန့်မှန်းထား

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစီအစဉ်အရ မြန်မာနိုင်ငံအတွင်းသို့ နှစ်စဉ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ယခင်က ဒေါ်လာခြောက်ဘီလျံအထိ ၀င်ရောက်ရန် ခန့်မှန်းထားသော်လည်း လက်ရှိတွင် ဒေါ်လာ ၅ ဒသမ ၈ ဘီလျံအထိ ၀င်ရောက်ရန် ခန့်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏လုပ်ငန်းတာဝန်များနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် စီးပွားရေး စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ယခင်က နိုင်ငံခြားနှင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံသည့် အစီအစဉ် (Foreign Direct Investment Promotion Plan – FDIPP) ရေးဆွဲခဲ့ကြောင်း၊ နောက်ပိုင်းတွင် ပြောင်းလဲလာသည့် ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ စီးပွားရေးမူဝါဒ၊ ပတ်ဝန်းကျင် အခြေအနေ၊ ကမ္ဘာ့အခြေ အနေများနှင့် လိုက်လျောညီထွေမှု ရှိစေရန်အတွက် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အစီအစဉ် (Myanmar Investment Promotion Plan – MIPP) ကို ပြန်ဆွဲထားကြောင်း သိရသည်။

“ဒီကိစ္စကို ပြန်ဆွဲတဲ့အခါမှာ စီးပွားရေးမူဝါဒလည်း ကိုက်ရမယ်။ အခုကျွန်တော်တို့ နောက်ဆုံးလုပ်တဲ့ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ် (Myanmar Substainable Development Plan – MSDP) နဲ့လည်း အံဝင်အောင်ဆိုပြီး ပြန်ဆွဲထားတယ်။ ကျွန်တော်တို့ မှန်းထားတာက ၂၀၁၆-၂၀၁၇  ကနေမှန်းပြီး  ဆွဲထားတာ။  ကာလတို ၂၀၂၀-၂၀၂၁ အထိ ငါးနှစ်မှာ အ ရင်က ခြောက်ဘီလျံအထိ မှန်းထားပေမဲ့ အခု ၅ ဒသမ ၈ ဘီလျံလောက်အထိ  မှန်း ထားတယ်။ အဲဒီကနေ နောက်ထပ်  ၂၀၂၅- ၂၀၂၆ ငါးနှစ်တာကာလမှာတော့ ၈ ဒသမ ၅ ဘီလျံ စလုပ်ပြီ။ အဲဒီကနေ နောက်ထပ် ငါးနှစ်မှာ ၁၂ ဘီလျံလောက် တိုးပြီးမှန်းထား တယ်။ အဲဒီကနေ ၂၀၃၅-၂၀၃၆ အထိကို ၁၇ ဘီလျံလောက်အထိ တိုးမှန်းထားတယ်။ နှစ်စဉ်အလိုက် တိုးတက်လာဖို့ပါ” ဟု ဦးသန်းအောင်ကျော်က ပြောကြားသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၁၃၇ ဘီလျံကျော်အထိ ၀င်ရောက်ထားသော်လည်း ယခင်နှစ်ကာလတူတွင် ၀င်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုထက် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော် လျော့နည်းနေကြောင်း MIC မှ သိရသည်။