ကျပ် ၃၇ ဘီလျံခန့်ဆုံးရှုံးခဲ့သော ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုအပါအ၀င် ဆုံးရှုံးမှုကြီးမားသော မီးလောင်မှုများ

ရန်ကုန်မြို့ရှိ ရှေးဟောင်းဟိုတယ်များတွင်ပါဝင်သည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီခန့်က မီးလောင်ကျွမ်းနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၂၀၁၇ ခုနှစ် ဇန်န၀ါရီမှ ဒီဇင်ဘာ ၁၁ ရက်အထိ နိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်ကျွမ်းမှု အကြိမ် ၁၇၂၀ ဖြစ်ပွားပြီး မီးလောင်မှုများကြောင့် ၁၀၅ ဦးသေဆုံးကာ လူဦးရေ ၃၅၀၀ ကျော် မီးဘေးဒုက္ခရောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

အဆိုပါမီးလောင်မှုများကြောင့် နိုင်ငံတစ်ဝန်းတွင် အိမ်ခြေအဆောက်အအုံ ၂၇၀၀ ကျော်၊ စက်ရုံ/အလုပ်ရုံ ၁၃ ရုံ၊ ဂိုဒေါင် ၂၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ကျပ်သန်းပေါင်း ၄၀၀၀၀ ခန့် (၃၉ ဘီလျံခန့်) ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဆုံးရှုံးမှုကြီးမားခဲ့သော မီးလောင်မှုများအနက် အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီတွင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် မီးလောင်ကျွမ်းမှုမှာ မီးငြှိမ်းသတ်ယာဉ်စေလွှတ်မှုအဆင့် Level-5 သတ်မှတ်ပြီး မီးသတ်ကား အစီး ၇၀ ဖြင့် ငြှိမ်းသတ်ခဲ့ရပြီး နိုင်ငံခြားသားအပါအ၀င် နှစ်ဦးသေဆုံးကာ မီးငြှိမ်းသတ်သည့် ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးကျော်စွာလင်း ဒဏ်ရာရရှိခဲ့သည့်အတွက် ၂၀၁၇ ခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် ဖော်ပြအပ်ပါသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၏ ညပိုင်းတာဝန်ကျ မန်နေဂျာဖြစ်သူ ကိုသီဟ (၄၁ နှစ်) အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက (ပ) ၅၈၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၂၈၅ (လူသေမှု/ ပြင်းထန်နာကျင်မှု၊ မီးလောင်မှု) ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုအကြောင်းရင်းမှာ ဟိုတယ်၏ငါးလွှာ ဓာတ်လှေကားအနောက်ဘက်ခြမ်းရှိ ဟောင်းနွမ်းဆွေးမြေ့နေသည့် ၀ိုင်ယာကြိုးများအသုံးပြု၍ အလှမီးများထွန်းရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၃၇၀၀၀ ကျော် (၃၇၂၀၈၄၆၅၀၀၀) ဆုံးရှုံးခဲ့ကြောင်း၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုနှင့်ပတ်သက်၍ မြန်မာ့အာမခံလုပ်ငန်းက မီးအာမခံလျော်ကြေး ၆၉၂ သန်းပေးလျော်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မီးလောင်မှုကြောင့် လူနေအိမ်အများအပြား ဆုံးရှုံးခဲ့သော မီးလောင်မှုအနေဖြင့် သြဂုတ် ၂၂ ရက်ကဖြစ်ပွားခဲ့သည့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၂၆) ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးအတိုင်း စက်မှုဇုန်မှ တောင်မြောက်လမ်းဆုံသို့ မောင်းနှင်လာသော ဆီဘောက်ဆာယာဉ်အား လားရာတူမောင်းနှင်လာသော ကွန်တိန်နာယာဉ်တွဲကားက နောက်မှနေ၍ ၀င်တိုက်မိရာမှ ဆီဘောက်ဆာယာဉ်မှ ဆီများယိုစိမ့်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်ရာဝန်းကျင်ရှိ နေအိမ်ခြောက်လုံး၊ ဆိုင်ခန်းလေးခန်း၊ ဆီဘောက်ဆာယာဉ်အပါအ၀င် ယာဉ်ခုနစ်စီး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းသိရပြီး အဆိုပါနေအိမ်များရှိ လူဦးရေ ၄၆ ဦး မီးဘေးဒုက္ခရောက်ခဲ့သော မီးလောင်မှုဖြစ်သည်။

ထို့ပြင် ဇန်န၀ါရီ ၇ ရက်က ကျပ် ၁၄ သန်းခန့်ဆုံးရှုံးပြီး အိမ်ခြေအဆောက်အအုံ ခြောက်လုံးဆုံးရှုံးသော မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့ အိုးဖိုကျင်းရပ်ကွက်တွင်ဖြစ်ပွားသော မီးလောင်မှု၊ ဇန်န၀ါရီ ၂ ရက်ကဖြစ်ပွားခဲ့သည့် နေအိမ် ၂၉ လုံး မီးလောင်ဆုံးရှုံးပြီး တစ်ဦးသေဆုံးကာ ၃၇၉ ဦး မီးဘေးဒုက္ခရောက်ခဲ့သည့် ကျပ် ၂၂ သန်းကျော်ဆုံးရှုံးခဲ့သည့် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် အမှတ် (၆) ရပ်ကွက်မီးလောင်မှု၊ မတ် ၇ ရက်ကဖြစ်ပွားခဲ့သည့် နေအိမ်ရှစ်လုံး မီးလောင်ဆုံးရှုံးပြီး ၆၈ ဦး မီးဘေးဒုက္ခရောက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ရွာနီအရှေ့ရပ်ကွက် မီးလောင်မှု၊ မတ် ၁၅ ရက်က ဖြစ်ပွားခဲ့သည့် အိမ်ခြေ ၄၅ လုံးမီးလောင်ဆုံးရှုံးကာ ကျပ်သန်းပေါင်း ၄၀၀ ကျော်ဆုံးရှုံးခဲ့သော ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်တော်သာရပ်ကွက် စိုက်ပျိုးရေးသိပ္ပံကျောင်းအနီး မီးလောင်မှု၊ မေ ၇ ရက်က အိမ်ခြေ ၁၅ လုံးဆုံးရှုံးကာ ကျပ် ၇၈ သန်းကျော်ဆုံးရှုံးခဲ့သည့် ကချင်ပြည်နယ် ဖားကန့်မြို့မြို့မရပ်ကွက် မီးလောင်မှု၊ မေ ၁၇ ရက်ကဖြစ်ပွားခဲ့သော အိမ်ခြေ ၁၅ လုံးဆုံးရှုံးပြီး ၆၀ ဦး မီးဘေးဒုက္ခရောက်ကာ ကျပ် ၁၅ သန်းကျော်ဆုံးရှုံးခဲ့သော ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ အရှေ့ပိုင်းရပ်ကွက် မီးလောင်မှုနှင့် ဇူလိုင် ၆ ရက်က အိမ်ခြေ ၂၈ လုံးဆုံးရှုံးပြီး လူဦးရေ ၁၈၀ မီးဘေးဒုက္ခရောက်ကာ ကျပ် ၁၅ သန်းကျော်ဆုံးရှုံးခဲ့သည့် မန္တလေးတိုင်းဒေသကြီး ချမ်းမြေ့သာစည်မြို့ ထွန်တုံးရပ်ကွက် မီးလောင်မှုတို့ဖြစ်သည်။

အလားတူ သြဂုတ် ၁၈ ရက်က ဖြစ်ပွားခဲ့သည့် နေအိမ် ၁၁ လုံးဆုံးရှုံးကာ ကျပ် ၂၈ သန်းကျော်ဆုံးရှုံးခဲ့သည့် ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာအုပ်စု ရပ်ကွက် (၂) မီးလောင်မှု၊ စက်တင်ဘာ ၁၉ ရက်ကဖြစ်ပွားခဲ့သော နေအိမ်အလုံး ၃၀ မီးလောင်ဆုံးရှုံးပြီး ၁၀၆ ဦး မီးဘေးဒုက္ခရောက်ကာ ကျပ် ၅၂ သန်းကျော်ဆုံးရှုံးခဲ့သည့် ကချင်ပြည်နယ် ဖားကန့်မြို့ ဇယ်ဆင်းကျေးရွာ ရပ်ကွက် (၄) မီးလောင်ကျွမ်းမှု၊ အောက်တိုဘာ ၂၉ ရက်ကဖြစ်ပွားခဲ့သည့် နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးပြီး လူတစ်ဦးသေဆုံးကာ ကျပ် ၁၉ သန်းကျော်ဆုံးရှုံးခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ချမ်းမြသာစည်ရပ်ကွက်မီးလောင်မှု၊ နိုဝင်ဘာ ၄ ရက်ကဖြစ်ပွားခဲ့သည့် နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ၂၆ ဦး မီးဘေးဒုက္ခရောက်ကာ ကျပ် ၁၉ သန်းကျော်ဆုံးရှုံးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် အမှတ် (၄) ရပ်ကွက်မီးလောင်မှု၊ နိုဝင်ဘာ ၅ ရက်ကဖြစ်ပွားခဲ့သော နေအိမ် ၂၅ လုံးမီးလောင်ဆုံးရှုံးပြီး ၇၀ ဦး မီးဘေးဒုက္ခရောက်ကာ ကျပ် ၁၄ သန်းကျော်ဆုံးရှုံးခဲ့သည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ မြစ်နားတန်းရပ်ကွက် (ငါးပုစွန်ဒိုင်) မီးလောင်မှု၊ နိုဝင်ဘာ ၆ ရက်ကဖြစ်ပွားခဲ့သည့် နေအိမ်ရှစ်လုံး မီးလောင်ဆုံးရှုံးပြီး ၄၅ ဦး မီးဘေးဒုက္ခရောက်ကာ ကျပ် ၁၃ သန်းကျော်ဆုံးရှုံးခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် (၁) ရပ်ကွက် ရွှေငါးကြီးဆိပ် စက်သုံးဆီဂိုဒေါင် မီးလောင်ကျွမ်းမှု၊ နိုဝင်ဘာ ၁၈ ရက်ကဖြစ်ပွားခဲ့သော ကျပ်သန်းပေါင်း ၁၅၀ ကျော်ဆုံးရှုံးခဲ့သည့် ရန်ကုန်တိုင်း ဒဂုံတောင်စက်မှုဇုန်ရှိ မြဧရာအုန်းဆီစက်ရုံ မီးလောင်ကျွမ်းမှုနှင့် ဒီဇင်ဘာ ၁၂ ရက်ကဖြစ်ပွားခဲ့သည့် ကျပ်သန်းပေါင်း ၇၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် (၂၉) ရပ်ကွက် ကမာကြည်လမ်းရှိ YPI အထည်ချုပ်စက်ရုံ မီးလောင်ကျွမ်းမှုနှင့် ယင်းနေ့မှာပင်ဖြစ်ပွားခဲ့သည့် ဆိုင်ခန်း ၁၅၉ ခန်းမီးလောင်ဆုံးရှုံးကာ ကျပ်သန်းပေါင်း ၂၀ ကျော်ဆုံးရှုံးသော ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာ ဈေးမီးလောင်ကျွမ်းမှုတို့ဖြစ်သည်။

ပဟေဠိဆန်စွာဖြစ်ပွားခဲ့သော အမြန်လမ်းမကြီးပေါ်မှ လူရှစ်ဦး သေဆုံးစေခဲ့သည့် ယာဉ်မီးလောင်မှု

၂၀၁၇ ခုနှစ် နှစ်စပိုင်းအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ဖြစ်ပွားခဲ့သော လူရှစ်ဦးသေဆုံးခဲ့သည့် ကားမီးလောင်မှုဖြစ်စဉ်မှာ အများပြည်သူအကြား ၀မ်းနည်းစရာများနှင့်အတူ ထိတ်လန့်တုန်လှုပ်မှုများဖြစ်ခဲ့ကြပြီး လူစိတ်ဝင်စားမှုမြင့်တက်ခဲ့သော သတင်းဖြစ်သည့်အတွက် ယင်းဖြစ်စဉ်အား ၂၀၁၇ ခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြအပ်ပါသည်။

၂၀၁၇ ခုနှစ် နှစ်စပိုင်း ဇန်န၀ါရီ ၁၉ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး လေးမိုင်နှစ်ဖာလုံခန့်တွင် Toyota Hiace ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးခုနစ်ဦး စုစုပေါင်းရှစ်ဦးမှာ ယာဉ်ပေါ်၌ပင် မီးလောင်ကျွမ်း သေဆုံးခဲ့ရသည်။

ယင်းအနက် ယာဉ်မောင်းဖြစ်သူ အောင်ခန့်တစ်ဦးသာ မီးလောင်မှုမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါရှစ်ဦးသည် ဇန်န၀ါရီ ၁၉ ရက်က ပုဂံ-ညောင်ဦးသို့ ဘုရားဖူးသွားရောက်ခဲ့ခြင်းဖြစ်ပြီး အပြန်ခရီးတွင် နေပြည်တော်သို့ အလုပ်ကိစ္စဖြင့်ဝင်ရောက်ခဲ့ပြီးမှ ရန်ကုန်မြို့သို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းမှအပ သေဆုံးသူများမှာ ဆောက်လုပ်ရေးကုမ္ပဏီမှဖြစ်ကြောင်း သေဆုံးသူများ၏မိသားစုဝင်များထံမှ သိရသည်။

ရဲတပ်ဖွဲ့က ယာဉ်မောင်းဖြစ်သူကို စစ်ဆေးချက်အရ မော်တော်ယာဉ် မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ယာဉ်၏၀ဲဘက်ဘီးပေါက်ကာ လမ်းလယ်ကျွန်းရှိ Guard Rail ကိုတိုက်မိရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မီးလောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပတ်သက်၍ ပြည်သူများက ထင်ကြေးအမျိုးမျိုးဖြင့် စိတ်ဝင်တစား သုံးသပ်ပြောဆိုနေကြပြီး သေဆုံးသူများ၏ မိသားစုဝင်တချို့ကလည်း ကိုယ်တိုင်စုံစမ်းစစ်ဆေးမှုအချို့ပင် ပြုလုပ်ခဲ့ကြကာ ရှင်းလင်းခဲ့ကြသည်။

မိသားစုဝင်အချို့၏ ပြောကြားမှုများအရ သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများကို တိတိကျကျမခွဲခြားနိုင်ခဲ့ကြောင်း၊ လှုပ်ရှားရုန်းကန်မှုများမရှိဘဲ သေဆုံးလျက်ရှိနေကြောင်းနှင့် ယင်းကြောင့် ကားမီးလောင်မှုဖြစ်စဉ်မှာ ရှို့မီးနှင့် ကြိုတင်ကြံစဉ်မှုတစ်ခုသာဖြစ်နိုင်သည်ဟု ထင်ကြေးများပေးခဲ့ကြသည်။

ကနဦးတွင် ယာဉ်မောင်းမှာ ရဲတပ်ဖွဲ့ထံတွင် လွဲမှားထွက်ဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် ၎င်းမှာ ယာဉ်ကို အမှန်တကယ်မောင်းနှင်သူဖြစ်ပြီး သေဆုံးသူ အမျိုးသားတစ်ဦးမှာ ၎င်း၏အလုပ်ရှင်ဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

သေဆုံးသူများ၏ မိသားစုဝင်တချို့က အဆိုပါယာဉ်မီးလောင်ရသည့်ဖြစ်စဉ်မှာ ကြိုတင်ကြံစည်မှုများရှိနေသည်ဟု ပြောဆိုမှုများရှိခဲ့ပြီး အဆိုပါအမှုကို မှုခင်းရဲတပ်ဖွဲ့ CID က ကိုင်တွယ်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသက်ရှင်လွတ်မြောက်ခဲ့သူ အောင်ခန့်မှာ အဆိုပါယာဉ်ကို မောင်းနှင်ခဲ့သူဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ၀န်ခံထွက်ဆိုခဲ့ပြီးနောက် အမှတ် (၃) အမြန်လမ်းမကြီးရဲစခန်းက ပုဒ်မ ၃၀၄ (က)/၃၃၇/၂၈၅ ဖြင့် ကနဦးအမှုဖွင့်ခဲ့ကာ လှည်းကူးမြို့နယ်တရားရုံး၌ ပုဒ်မ ၃၀၄ (က) ဖြင့် တရားစွဲဆိုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါတရားစွဲဆိုထားမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေ ၂၀ ကျော်အားစစ်ဆေးခဲ့ပြီး တရားစွဲခံထားသည့် ယာဉ်မောင်းဖြစ်သူ အောင်ခန့်ဇွဲမြန်မာအား လှည်းကူးမြို့နယ်တရားရုံးက စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချတော့ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆဖြစ်စဉ်များအနက် အဆိုပါလူရှစ်ဦးသေဆုံးခဲ့သည့် ကားမီးလောင်မှုဖြစ်စဉ်အကြောင်းရင်းမှာ ပဟေဠိဆန်မှုများစွာရှိခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း လူသိများထင်ရှားသည့် ဖြစ်ရပ်ဖြစ်ခဲ့သည်။

သုံးလောင်းပြိုင်၊ နှစ်လောင်းပြိုင် လူသတ်မှုများ အပါအ၀င် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆိုးရွားသော လူသတ်မှုဖြစ်စဉ်များ

လှိုင်မြို့နယ် လှိုင်သီရိအိမ်ရာတွင် နိုဝင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင်လူသတ်မှုမှ အခင်းဖြစ်ပွားသည့် နေအိမ်ဝန်းကျင်ကို တွေ့ရစဉ် ( ဓာတ်ပုံ – သီဟအောင်)

၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသ ကြီး၌ သုံးလောင်းပြိုင်၊ နှစ်လောင်းပြိုင် လူသတ်မှုများ ဖြစ်ပွားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ်အတွင်း လှိုင်မြို့နယ်၌ ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်မှာ ပြည်သူများအကြား ထိတ်လန့်စရာ မှုခင်းဖြစ်စဉ် တစ်ခုသာမက မြို့ပြနေပြည်သူတို့၏ လုံခြုံမှုအပေါ် စိန်ခေါ်စရာ ဖြစ်လာခဲ့သည်။

လှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက် ညပိုင်းတွင် လှိုင်မြို့နယ် လှိုင်သီရိအိမ်ရာ တိုက် (၃) ရှိ အခန်းတစ်ခန်း၏ အပြင်ဘက်မှ အခန်းတံခါးများ သော့ပိတ်ထားပြီး လှေကားထိပ်တွင် အပုပ်နံ့များ ထွက်နေကာ အ၀ါရောင် အရည်များ ကျဆင်းနေကြောင်း အဆိုပါတိုက်တွင် နေထိုင်သူများက သက်ဆိုင်ရာသို့ ဆက်သွယ်ခဲ့ကြောင်း သိရသည်။

ထို့နောက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူတို့က အဆိုပါအခန်းကို သော့ဖျက်ဝင် ရောက်စစ်ဆေးရာ  နေအိမ်အတွင်း ကြမ်းပြင်ပေါ်တွင် မကေသီလှိုင် (၄၀ နှစ်) နှင့် ၎င်း၏သမီးဖြစ်သူ မသာယာထွန်း (ကိုးနှစ်) မှာ ဒဏ်ရာများရရှိကာ ပက်လက်အနေအထားဖြင့် သေဆုံးနေပြီး နေအိမ်အိပ်ခန်း အပေါက်ဝအနီးတွင် အဆိုပါနေအိမ်မှ အိမ်အကူဖြစ်သူ မအေးမာဦး (၂၅ နှစ်) မှာ ဒဏ်ရာများဖြင့် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဆက်လက်စစ်ဆေးရာ အဆိုပါနေအိမ်၏ နောက်ဖေးမီးဖိုချောင်ဘေစင်တွင် ဆံပင်အနည်းငယ်နှင့် သွေးများပေနေသည့် အသားခုတ်စတီးဓားတစ်ချောင်း တွေ့ရှိခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့က ကျုးလွန်သူအား စုံစမ်းရာ သေဆုံးသည့် အိမ်ရှင်ဖြစ်သူ မကေသီလှိုင် (၄၀ နှစ်) မန်နေဂျာအဖြစ် အလုပ်လုပ်ကိုင်သည့်  စားသောက်ဆိုင်မှ ၀န်ထမ်းဖြစ်သူ ဇွဲလင်းထက်ဖြစ်ကြောင်း သိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ အခင်းဖြစ်ပွားပြီး နာရီပိုင်းအတွင်းမှာပင် ဇွဲလင်းထက်နေထိုင်သည့် ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက်ရှိ နေအိမ်တွင် တွေ့ရှိသဖြင့် ၎င်းအား ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ဆေးရာ ဇွဲထက်လင်းမှာ အစောပိုင်းတွင် ရဲတပ်ဖွဲ့၏ မေးမြန်းမှုကို လိမ်လည်ထွက်ဆို ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသူ မကေသီလှိုင် (၄၀ နှစ်) မှာ ၎င်းအား လစာတိုးမပေးသည့်ကိစ္စ စကားများပြီး သတ်ခဲ့ခြင်း ဖြစ်သည်ဟု ၀န်ခံခဲ့ကြောင်း သိရသည်။

ထို့ပြင် နေအိမ်အတွင်းမှ ငွေကျပ်လေးသိန်း၊ ရွှေထည်ပစ္စည်းများ၊ လက်ပ်တော့၊ လက်ကိုင်ဖုန်းနှင့် မော်တော်ကားသော့တို့ကိုယူကာ မကေသီလှိုင် (၄၀ နှစ်) စီးနင်းသည့် Toyota Wish ယာဉ်ကိုယူကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ထို့နောက် ဇွဲထက်လင်းမှာ ယူဆောင်လာသည့်ယာဉ်ကို လှည်းကူးမြို့နယ် စခန်းကြီးကျေးရွာနေ ၎င်း၏သူငယ်ချင်းဖြစ် သူ၏နေအိမ်တွင် ထားရှိခဲ့ပြီး ယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်းများ၊ အခင်းဖြစ် တိုက်ခန်းသော့နှင့် မော်တော်ယာဉ်သော့ကိုလည်း ဇနီးဖြစ်သူနှင့် ၎င်း၏အမေထံ အပ်နှံကာ လက်ပ်တော့နှစ်လုံးအား ရောင်းချခဲ့ကြောင်း သိရသည်။

ထိုသို့ သုံးလောင်းပြိုင် လူသတ်မှုကဲ့သို့ ပင် ဒဂုံအရှေ့မြို့နယ်တွင်လည်း လူငယ်အဖွဲ့နှစ်ဖွဲ့ စကားများ ရန်ဖြစ်ရာမှ နှစ်ဦးမှာ အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ မေ ၂၂ ရက် ည ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်မှ ကျုးလွန်သူလေးဦးအား အခင်းဖြစ်ပွားပြီး မကြာမီ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သုံးလောင်းပြိုင်၊ နှစ်လောင်း ပြိုင် လူသတ်မှုဖြစ်စဉ်အပြင် ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် မြရည်နန္ဒာ အိမ်ရာရှိ နေအိမ်တစ်အိမ်တွင် အိန္ဒိယနိုင်ငံ သားတစ်ဦးက ၎င်း၏ဇနီးဖြစ်သူနှင့်အတူ မိမိကိုယ်ကိုယ် ဓားဖြင့်လှီးသတ်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇွန် ၁ ရက် နံနက် ၈ နာရီ ခွဲခန့်တွင် သာကေတမြို့နယ် မြရည်နန္ဒာအိမ်ရာရှိ နေအိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို အဆိုပါ နေအိမ်ရှိ အိမ်အကူက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့နှင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားသဖြင့် သက်ဆိုင်ရာက သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့ သွားရောက်စစ်ဆေးချိန်တွင် အဆိုပါနေအိမ်၌ အိန္ဒိယနိုင်ငံသားဖြစ်သူ ဗစ်တာနှင့်  မြန်မာနိုင်ငံသူ ဒေါ်ခိုင်စံပယ်နှင်း အောင်တို့အား ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

အိန္ဒိယနိုင်ငံသားဖြစ်သူ ဗစ်တာမှာ ၎င်းကိုယ်တိုင် ဇနီးဖြစ်သူ ဒေါ်ခိုင်စံပယ်နှင်းအောင်အား သတ်ခဲ့ဖြစ်ကြောင်း၊ ထို့နောက် ၎င်းကိုယ်တိုင်လည်း လည်ပင်း၊ လက်ကောက် ၀တ်နှစ်ဖက်ကို ဓားဖြင့်လှီးကာ သတ်သေခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး ကျုးလွန်ရသည့် အကြောင်းရင်းမှာ အကြွေးကိစ္စများရှိသဖြင့် ယခုလို ကျုးလွန်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ သာကေတ နှစ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်အပြင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံတောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင်လူသတ်မှုဖြစ်စဉ် ဖြစ်ပွားရသည့် အကြောင်းရင်းမှာလည်း ထူးခြားခဲ့သည်။

ဒဂုံတောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ စက်ဘီးချင်း တိုက်မိရာမှ စတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၇ ရက် ည ၉ နာရီခန့်တွင် ဒဂုံတောင်မြို့နယ် (၇၁) ရပ်ကွက်၊ ကနောင်မင်းကြီးလမ်းနေ ကို…….(၁၄ နှစ်) သည် နေအိမ်အတွက် ဆန်ဝယ်ပြီး စက်ဘီးနှင့်ပြန်လာစဉ် တစ်နေရာအရောက်တွင် တစ်ရပ်ကွက်တည်းနေ  ဘိုဘိုဟန် (၁၉ နှစ်) ၏ စက်ဘီးနှင့် တိုက်မိခဲ့ကြောင်း၊ စက်ဘီးဖြင့် တိုက်မိသည့်ကိစ္စ မကျေနပ်သဖြင့် ဘိုဘိုဟန်က ဓားယူဆောင်ကာ ကို…(၁၄ နှစ်) ၏ နေအိမ်သို့သွားခဲ့ကြောင်း သိရသည်။

ယင်းနောက် ကို…(၁၄ နှစ်) ၏ ဖခင်နှင့် ဦးလေးတို့မှာ ဘိုဘိုဟန်နှင့် စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ စကားများရန်ဖြစ်စဉ် ဘိုဘိုဟန်မှာ အခြားနေအိမ်အတွင်းသို့ ၀င်ပြေးခဲ့ကြောင်း၊ ၀င်ပြေးသည့်အချိန်တွင် ကို…(၁၄ နှစ်) ၏ ဖခင်နှင့် ဦးလေးတို့က ဘိုဘိုဟန်အား လိုက်ဖမ်းခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်ဖမ်းစဉ် ဘိုဘိုဟန်မှာ ကို…(၁၄ နှစ်) ၏ ဖခင်နှင့် ဦးလေးကို ဓားဖြင့်ထိုးခုတ် သတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မင်းမဲ့စရိုက်ဆန်ဆန် လူမြင်ကွင်း၌ လူသတ်ခဲ့သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ပြီး ယင်းဖြစ် စဉ်များအနက် တစ်ခုမှာ စက်တင်ဘာ ၂၂ ရက် ည  ၈ နာရီခန့်တွင် မြောက်ဥက္ကလာပမြို့ နယ် (၁) ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ယင်းမြို့နယ်နေ စန်းဝင်းအောင် (၂၈ နှစ်) နှင့် မင်းသူ (၂၂ နှစ်) အား ဇေယျကျော် (၂၂  နှစ်) က အရိုးအသွား ၂၇ လက်မရှိ သံရိုးတပ်ဓားရှည်ဖြင့် ၀င်ခုတ်ခဲ့ကြောင်း  သိရသည်။

ထိုသို့ ခုတ်သည့်အချိန်တွင် ဇေယျကျော် (၂၂ နှစ်) ၏ ညီဖြစ်သူ နေမင်းထက် (၁၄ နှစ်) က ၀င်ရောက်လုံးထွေး သတ်ပုတ်ခဲ့ကြောင်း၊ ယင်းနောက် စန်းဝင်းအောင်မှာ ဓားဒဏ်ရာများဖြင့် လဲကျသေဆုံးနေပြီး မင်းသူမှာ နဖူးပြတ်ရှ၊ ယာရင်အုံနှင့် ၀ဲလက်ဖ၀ါးပွန်းရှ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အမှုမှ ဓားဖြင့်ခုတ်သူ ဇေယျကျော် (၂၂ နှစ်) နှင့် ပူးပေါင်းပါဝင်သူ နေမင်းထက် (၁၄ နှစ်) အား အခင်းဖြစ်ပွားသည့် နေရာအနီး၌ တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နှစ် ၂၀၁၆ ခုနှစ်အတွင်း မင်္ဂလာဒုံ၌ လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သလို ယခုနှစ်အတွင်း၌လည်း သုံးလောင်းပြိုင်၊ နှစ်လောင်းပြိုင် လူသတ်မှုများ ဖြစ်ပွားခဲ့သဖြင့် မြို့ပြနေ ပြည်သူများမှာ စိုးရိမ်ထိတ်လန့်ဖွယ်ရာ ဖြစ်စဉ်များနှင့်အတူ တရားဥပဒေ စိုးမိုးမှုအပေါ် မေးခွန်းထုတ်ခဲ့ကြသည်။

 

လူတစ်ဦးချင်းစီ၏ လုံခြုံရေးအတွက် ထိတ်လန့်စရာဖြစ်ခဲ့ရသည့် ဦးကိုနီအား လုပ်ကြံမှု

၂၀၁၇ ခုနှစ် ဇန်န၀ါရီလကုန်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ (ဗဟို) ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်သမားကြည်လင်းက အများပြည်သူမြင်ကွင်းတွင် အနီးကပ် သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံမှုသည် ပြည်သူအများ ထိတ်လန့်ကြောက်ရွံ့မှုများဖြစ်စေခဲ့သည်။

ဦးကိုနီသည် ဇန်န၀ါရီ ၂၂ ရက်က ရန်ကုန်မြို့မှ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့နှင့် မာလူကူပြည်နယ်တွင်ပြုလုပ်သည့် Senior Leadership Programme လေ့လာရေးခရီးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ သွားရောက်ခဲ့ပြီး ဇန်န၀ါရီ ၂၉ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထိုသို့ပြန်လည်ရောက်ရှိလာစဉ် ညနေ ၄ နာရီ ၅၅ မိနစ်တွင် ရန်ကုန်မြို့ရှိ ၎င်း၏နေအိမ်သို့ပြန်ရန် လေဆိပ် Terminal-1 ရှေ့ပလက်ဖောင်း၌ ၎င်း၏မြေးဖြစ်သူနှင့်အတူ ရပ်နေစဉ် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံပြီး ထွက်ပြေးသွားသည့် သေနတ်သမားကြည်လင်းကို ပတ်ဝန်းကျင်မှပြည်သူများ၊ လေဆိပ်ရှိခရီးသည်တင် အငှားယာဉ်မောင်းနှင်သူများ၊ လုံခြုံရေးတာဝန်ရှိသူများက ခဲများဖြင့်ပစ်၍ လိုက်လံဖမ်းဆီးစဉ် ကြည်လင်းက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် အငှားယာဉ်မောင်းတစ်ဦးဖြစ်သည့် ဦးနေ၀င်းမှာ ကျည်ဆန်ထိမှန်သေဆုံးခဲ့ရပြီး သေနတ်သမားကြည်လင်းကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့သည်။

ယင်းနောက် ကြည်လင်းအား ကနဦးစစ်ဆေးချက်အရ ၎င်းကိုလူသတ်ရန်စေခိုင်းသူမှာ မြင့်ဆွေဆိုသူဖြစ်ကြောင်း ဖြေကြားထားသည့် စစ်ချက်မှတ်တမ်းစာရွက်များနှင့် အောင်ဝင်းဇော်ကို သံလွင်တံတား (ဘားအံ) တွင် ဖမ်းဆီးရမိကြောင်း ဓာတ်ပုံအချို့ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

အဆိုပါစာရွက်နှင့် ဓာတ်ပုံများပျံ့နှံ့နေချိန်တွင် ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ယခင်က အကျဉ်းထောင်ထဲတွင် ရင်းနှီးခဲ့သည့် ဦးအောင်စိုးက ၎င်းအား အောင်ဝင်းဇော်က ၂၀၁၆ ခုနှစ်အတွင်း လူသတ်ရန် အလုပ်တစ်ခု လာရောက်ကမ်းလှမ်းခဲ့သော်လည်း လက်မခံခဲ့ကြောင်း၊ ထို့ကြောင့် ကြည်လင်းအားခိုင်းစေသူမှာ အောင်ဝင်းဇော်ဖြစ်နိုင်ကြောင်း မြန်မာနောင်းမီဒီယာမှတစ်ဆင့် ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းနောက် အသက် ၅၂ အရွယ် သေနတ်သမားကြည်လင်းအား စစ်ဆေးချက်များအရ အောင်ဝင်းဇော် (၄၆ နှစ်) ပူးပေါင်းပါဝင်သဖြင့် ရန်ကုန်မြို့မှ ဘားအံသို့ထွက်ခွာသွားသော အောင်ဝင်းဇော်ကို လိုက်လံဖမ်းဆီးရာ ဇန်န၀ါရီ ၃၀ ရက် နံနက် ၄ နာရီ မိနစ် ၂၀ တွင် ဘားအံမြို့သံလွင်တံတား၌ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၅ ရက်တွင် နိုင်ငံတော်သမ္မတရုံးက နောက်ဆက်တွဲသတင်း ဆက်လက်ထုတ်ပြန်ခဲ့သည်။ အဆိုပါသတင်းထုတ်ပြန်ချက်တွင်ပါရှိချက်အရ ဦးကိုနီကိုသတ်ရန် ငွေကျပ်သိန်းတစ်ထောင်ဖြင့် ကမ်းလှမ်းခဲ့သူမှာ ၎င်း၏ညီဖြစ်သူအောင်ဝင်းခိုင်ဖြစ်ကြောင်း၊ အဆိုပါအောင်ဝင်းခိုင်ဆိုသူသည် တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခဲ့သူတစ်ဦးဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ရန် ငွေပေးစေခိုင်းသူ တရားခံအောင်ဝင်းခိုင်နှင့် ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးကို တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (ယခင်) ရဲချုပ်ဇော်ဝင်းတို့သုံးဦးက ဖေဖော်ဝါ ရီ ၂၅ ရက်နံနက်တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ကျွန်းတောလမ်းရှိ မူးယစ်ပြတိုက်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင်ပါရှိသည့် အချက်အလက်အချို့မှာ ထွက်ပြေးလွတ်မြောက်နေသည့် အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရေးအတွက် နိုင်ငံတကာရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကြည်လင်း၏ စာရွက်စာတမ်းအထောက်အထားများအရ အောင်ဝင်းဇော် ပါဝင်ပတ်သက်နေသည်ကိုသိရှိခဲ့ပြီး ဖမ်းဆီးခဲ့ကြောင်း၊ အောင်ဝင်းဇော်သည် ၁၉၈၉ ခုနှစ် မှ ၁၉၉၃ ခုနှစ်အထိ စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် (၃၄) တွင် တက်ရောက်ခဲ့သူတစ်ဦးဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် ခလရ (၂၂၂)၊ ဟုမ္မလင်းမြို့၌ ဗိုလ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်စဉ် တပ်မတော်အက်ဥပဒေ ပုဒ်မ ၄၃ (ဃ) ဖြင့် ထောင်ဒဏ်နှစ်နှစ် ကျခံခဲ့ရကြောင်း၊ ၁၉၉၇ ခုနှစ်တွင် ထောင်မှပြန်လည်လွတ်မြောက်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ဘုတလင်မြို့နယ်၌ ကြည်လင်းနှင့်အတူ ဘုရားခိုးမှုသုံးမှုဖြင့် ထောင်ဒဏ် ၂၇ နှစ် ပြစ်ဒဏ်ချမှတ်ခံရပြီး ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း၊ အောင်ဝင်းဇော်အား စစ်ဆေးချက်များအရ လုပ်ကြံရာတွင် စီစဉ်ညွှန်ကြားသူမှာ အောင်ဝင်းဇော်၏ညီအရင်းဖြစ်သူ အောင်ဝင်းခိုင်ဖြစ်ပြီး အောင်ဝင်းခိုင်နှင့် စီးပွားအတူလုပ်နေသည့် ဇေယျာဖြိုး ပါဝင်ပတ်သက်နေကြောင်းသိရသဖြင့် ဇေယျာဖြိုးအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် ရန်ကင်းမြို့နယ် ကျောက်ကုန်းရပ်ကွက် ကျောက်ကုန်းပရိယတ္တိစာသင်တိုက်၌ ဒုလ္လဘရဟန်းဝတ်ဖြင့် တိမ်းရှောင်နေစဉ် တပ်မတော်ကဖမ်းဆီးရမိပြီး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ဇေယျာဖြိုးမှာ ၁၉၉၃ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် (၃၈) တက်ရောက်အောင်မြင်ခဲ့ပြီး တပ်မတော် သတင်းစုဆောင်းရေးအတတ်သင်ကျောင်း၌ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်စဉ် ၂၀၁၄ ခုနှစ်တွင် အငြိမ်းစားပေးခြင်းခံခဲ့ရကြောင်း၊ ဖမ်းဆီးရမိသူများကို စစ်ဆေးချက်များအရ ဦးကိုနီကိုလုပ်ကြံရခြင်းမှာ လူငယ်သဘာဝပုဂ္ဂိုလ်ရေး မကျေနပ်ချက်များကြောင့် လုပ်ကြံခဲ့ခြင်းဖြစ်ပြီး အယူအဆ မတူကွဲပြားသည့်အခြေအနေများကြောင့် ဖြစ်ပေါ်လာသည့် အစွန်းရောက်လုပ်ရပ်မျိုး မတွေ့ရကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပါရှိချက်များအရ သိရသည်။

ဇေယျာဖြိုးမှာ ၂၀၁၆ ခုနှစ် ဧပြီလဆန်းပိုင်းတွင် အောင်ဝင်းခိုင်၊ လင်းဇော်ထွန်းနှင့် တာမွေမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် မကြာခဏတွေ့ဆုံခဲ့ပြီး လူမှုကွန်ရက်တွင်တွေ့နေရသော ဦးကိုနီ၏ ပြောဆိုလုပ်ကိုင်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပြီး ပုဂ္ဂိုလ်ရေးမကျေနပ်မှုများဖြစ်ပေါ်ကာ လက်ဖက်ရည်ဆိုင်မှအပြန် ဇေယျာဖြိုး၏ကားပေါ်တွင် အောင်ဝင်းခိုင်က ဦးကိုနီကိုလုပ်ကြံရန် ပြောကြားခဲ့ကြောင်း၊ ၎င်း၏အစ်ကို အောင်ဝင်းဇော် ထောင်ကျစဉ်ရှိခဲ့သည့် တပည့်များကိုခိုင်းလျှင် အဆင်ပြေနိုင်သည်ဟု ပြောကြားခဲ့ကြောင်း၊ ယင်းနောက် အောင်ဝင်းခိုင်က ဦးကိုနီအားလုပ်ကြံရန် ကြိုတင်ငွေအဖြစ် အစ်ကိုဖြစ်သူ အောင်ဝင်းဇော်ကို ၂၀၁၆ ခုနှစ် ဧပြီလလယ်တွင် ကျပ်သိန်း ၄၀၀ ထုတ်ပေးခဲ့ပြီး အပြီးအပြတ်တာဝန်ယူရန်၊ သေသေချာချာဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်သြဂုတ်တွင် အောင်ဝင်းခိုင်နှင့် ဇေယျာဖြိုးတို့ထပ်မံတွေ့ဆုံခဲ့ပြီး ဦးကိုနီအား လုပ်ကြံရန်ပြောသဖြင့် ဇေယျာဖြိုးက အောင်ဝင်းခိုင်ကို ကျပ်သိန်း ၁၀၀၀ ပေးခဲ့ကြောင်း ပြည်ထဲရေးတာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထို့နောက်ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း၊ အောင်ဝင်းခိုင်တို့ငါးဦးအား ပြစ်မှုကြီးအမှတ် ၄၅/ ၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၄/၂၁၂ တို့ဖြင့်တရားစွဲဆိုခဲ့သည်။ ထို့ပြင် ကြည်လင်း၊ အောင်ဝင်းဇော်တို့ကို ရာကြီးအမှတ် ၄၆/၂၀၁၇၊ လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ)၊ ၁၉ (စ) တို့ဖြင့်တရားစွဲဆိုခဲ့ပြီး မြောက်ပိုင်းခရိုင်မှ တရားသူကြီးနှစ်ဦးနှင့် အရှေ့ပိုင်းခရိုင်မှ တရားသူကြီးတစ်ဦးဖြင့် အထူးခုံရုံးဖွဲ့ကာ အမှုကိုစစ်ဆေးခဲ့သည်။

ထို့နောက် ထွက်ပြေးလွတ်မြောက်နေသည့် အောင်ဝင်းခိုင်နှင့်ပတ်သက်၍ တရားရုံးစစ်ဆေးချက်များအရ အောင်ဝင်းခိုင်အား ဖမ်းဆီးရမိနိုင်ခြေမရှိမှုကြောင့် ဇွန် ၂၃ ရက်တွင် အောင်ဝင်းခိုင်အား တရားခံပြေးအဖြစ် ကြေညာခဲ့သည်။

ထို့ပြင် အမှုမှ ဦးကိုနီအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့သည့် သေနတ်သမားကြည်လင်းအား ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် စွဲဆိုထားသည့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၃ (၁) နှင့်ပတ်သက်၍ ယင်းတရားရုံးက သြဂုတ် ၃၀ ရက်တွင် ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့သည်။ ထို့ပြင် ဇေယျာဖြိုးကိုလည်း ဗဟန်းမြို့နယ်နှင့် တာမွေမြို့နယ်တရားရုံးတို့တွင် လ၀ကက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါအမှုအား ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံး၌ အပတ်စဉ်သောကြာနေ့များတွင် ရုံးချိန်းခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပုဒ်မ ၆၆(ဃ) ပြီးနောက် ဝေဖန်မှုအခံရဆုံးဖြစ်ခဲ့သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုမှုများ

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့်တရားစွဲခံထားရသော ဆရာတော်ဦးပါမောက္ခအား ဒီဇင်ဘာ ၂၁ ရက်က ကမာရွတ်မြို့နယ်တရားရုံး၌ ငါးကြိမ်မြောက်ရုံးထုတ်စဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

NLD အစိုးရလက်ထက်တွင် အမျိုးသားရေးလှုပ်ရှားမှု ဆန္ဒပြမှုများကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့်တရားစွဲခံရပြီး ဖမ်းဆီးခံရကာအကျဉ်းကျပြီး ပြန်လည်လွတ်မြောက်လာသည့် လူပုဂ္ဂိုလ်များနှင့် တရားရင်ဆိုင်နေရဆဲ သံဃာတော်များရှိခဲ့ရာ ၂၀၁၇ ခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြလိုက်ပါသည်။

NLD အစိုးရတာဝန်ယူပြီးနောက်ပိုင်း ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်မှ မွတ်စလင်အသိုင်းအ၀ိုင်းဆိုသည့် အသုံးအနှုန်းနှင့်ပတ်သက်ပြီး လုံးဝလက်မခံကြောင်း အမျိုးသားရေးလှုပ်ရှားသူ ၅၀၀ ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် အမျိုးသားရေးလှုပ်ရှားသူအင်အား ၅၀၀ ခန့်က ဗဟန်းမြို့နယ် ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ကြေးသွန်းဘုရားရှေ့မှစ၍ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ (ဟစ်တိုင်) အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်တောင်းခံရာတွင် ရဲတပ်ဖွဲ့က ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်အားကစားကွင်းမှ တာမွေမြို့နယ်ရှိ (ဟစ်တိုင်) အထိသာခွင့်ပြုခဲ့ပြီး ဆန္ဒပြသူများက ကြေးသွန်းဘုရားရှေ့မှ စတင်လမ်းလျှောက်ဆန္ဒပြခဲ့သောကြောင့် ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့က ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးအကျော် အဏ္ဏ၀ါဓမ္မဗိမာန်ကျောင်းတိုက်ရှေ့ အရောက်တွင် ဟန့်တားကာ ဆန္ဒပြသည့်အဖွဲ့မှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့ ၁၅ မိနစ်ခန့် ညှိနှိုင်းခဲ့ကြရာမှ ရှေ့ဆက်သွားခွင့်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒပြမှုတွင် ပါဝင်ဦးဆောင်ခဲ့သည်ဟုဆိုကာ ကိုခင်မောင်လင်း (ခ) ကိုဖိုးသား၊ ကိုဝင်းကိုကိုလတ်နှင့် ကိုနောင်တော်လေးတို့သုံးဦးအား ၂၀၁၆ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် ဗဟန်းမြို့မရဲစခန်း၌ (ပ) ၂၁၀/၂၀၁၆၊ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့ပြီး သြဂုတ် ၃ ရက်တွင် ဗဟန်းမြို့နယ်တရားရုံး၌ စတင်တရားစွဲဆိုကာ ၂၀၁၇ ခုနှစ် မေလအတွင်း ၎င်းတို့သုံးဦးအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထပ်တိုးတရားစွဲဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့ ပုဒ်မနှစ်ခုဖြင့် တရားစွဲခံရသည့် ကိုခင်မောင်လင်း (ခ) ကိုဖိုးသား၊ ကိုဝင်းကိုကိုလတ်နှင့် ကိုနောင်တော်လေးတို့သုံးဦးကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် ဗဟန်းမြို့နယ်တရားရုံး၌ ရုံးထုတ်ပြီး ပုဒ်မ ၁၉ ဖြင့် တရားစွဲထားသည့်အမှုအတွက် ထောင်ဒဏ်တစ်လစီချမှတ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုအတွက် ကိုဝင်းကိုကိုလတ်၊ ကိုနောင်တော်လေးတို့အား ထောင်ဒဏ်ခြောက်လစီ သီးခြားစီအမိန့်ချမှတ်ကာ ကိုဖိုးသားကို ပုဒ်မ ၅၀၅ (ခ) အမှုနှင့်မသက်ဆိုင်သည့်အတွက် လွှတ်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၁၆ ခုနှစ် ဧပြီ ၂၀ ရက်ကလည်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တစ်စောင်နှင့် ပတ်သက်၍ သံဃာတော်များနှင့် အမျိုးသားရေးလှုပ်ရှားသူများက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း အမေရိကန်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဧပြီ ၂၀ ရက်ကထုတ်ပြန်ခဲ့သည့် အမေရိကန်သံရုံး-ရန်ကုန်၏ ထုတ်ပြန်ချက်ထဲတွင် “ဧပြီ ၁၉ ရက်က စစ်တွေမြို့နယ် သဲချောင်းအနီး စက်လှေတစ်စင်းနစ်မြုပ်ပြီးနောက် ကြေကွဲဝမ်းနည်းဖွယ်ရာ အသက်ဆုံးရှုံးခဲ့ရသူများနှင့် ပတ်သက်သည့် သတင်းအတွက် မိမိတို့များစွာစိတ်မကောင်းဖြစ်ရပါသည်။ ဒေသခံသတင်းများအရ ရိုဟင်ဂျာလူမှုအသိုက်အ၀န်းများမှဟု သိရှိရသော အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့် ထပ်တူကြေကွဲ ၀မ်းနည်းရပါကြောင်း အမေရိကန်ပြည်သူများကိုယ်စား မိမိတို့ပြောကြားလိုပါသည်” ဟု ထည့်သွင်းရေးသားထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ် ဧပြီ ၂၈ ရက်တွင် ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အမေရိကန်သံရုံးရှေ့တွင် သံဃာတော်များနှင့် အမျိုးသားရေးလှုပ်ရှားသူများက ရိုဟင်ဂျာမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယင်းဆန္ဒပြမှုတွင် ဦးဆောင်သည်ဟုဆိုကာ မကွေးတိုက်ကျောင်းဆရာတော် ဦးပါမောက္ခ၊ မျိုးချစ်ရဟန်းတော်များသမဂ္ဂဥက္ကဋ္ဌ ဦးဥာဏဓမ္မ၊ အတွင်းရေးမှူး ဦးသုစိတ္တနှင့် လူပုဂ္ဂိုလ်များမှာ ၀င်းကိုကိုလတ်၊ သက်မျိုးဦး၊ နောင်တော်လေး (ခ) နိုင်ဝင်းထွန်း၊ နေ၀င်းအောင်တို့ကို ပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ကမာရွတ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ဆန္ဒပြရာတွင် ဦးဆောင်သူများဖြစ်သည့် လူပုဂ္ဂိုလ်များမှာ ၀င်းကိုကိုလတ်၊ သက်မျိုးဦး၊ နောင်တော်လေး (ခ) နိုင်ဝင်းထွန်း၊ နေ၀င်းအောင်တို့ကို ပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ကမာရွတ်မြို့နယ်တရားရုံး၌ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ်တစ်လစီနှင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်ခြောက်လစီဖြင့် စုစုပေါင်း ထောင်ဒဏ်ခုနစ်လ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုဖြင့် ပုဒ်မ ၅၀၅ (ခ) ဖြင့်တရားစွဲခံရသည့် မျိုးချစ်ရဟန်းတော်များသမဂ္ဂဥက္ကဋ္ဌ ဦးဥာဏဓမ္မ၊ အတွင်းရေးမှူး ဦးသုစိတ္တတို့ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဆရာတော်ဦးပါမောက္ခမှာ ဖမ်းဝရမ်းထုတ်ထားချိန်တွင် ဆရာတော်သည် မြောက်ဒဂုံမြို့မရဲစခန်းသို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၂ ရက်ကသွားရောက်၍ အဆိုပါမြို့နယ်အတွင်းရှိ မြေယာကိစ္စတစ်ခုဆန္ဒပြရန် အကြောင်းကြားစာသွားတင်စဉ် ဖမ်းဝရမ်းအရ မြောက်ဒဂုံမြို့မရဲစခန်းက ထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ရဟန်းသိက္ခာချရန်နှင့် လူဝတ်လဲရန် ဖိအားပေးခဲ့သော်လည်း သိက္ခာချခြင်းကို လက်မခံသဖြင့် လူဝတ်လဲဖမ်းဆီးခြင်းခံရပြီး လက်ရှိတွင် ကမာရွတ်မြို့နယ်တရားရုံး၌ တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

အလားတူ ၂၀၁၇ ခုနှစ် မေ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၂ လမ်းရှိ တိုက်ခန်းတစ်ခုတွင် ဘင်္ဂါလီများရှိနေသည်ဟုဆိုကာ တာဝန်ရှိသူများအပါအ၀င် လူအချို့က သွားရောက်ရှာဖွေရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါရုန်းရင်းဆန်ခတ်မှုတွင် အဓိကပါဝင်သည်ဟုဆိုကာ အမျိုးသားရေးလှုပ်ရှားသူ ပုဂ္ဂိုလ်ငါးဦးကို ၂၀၁၇ ခုနှစ် မေ ၁၁ ရက်တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ဂ)/ ၃၄ ဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးတွင် တရားစွဲဆိုစစ်ဆေးခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်တွင် ထောင်ဒဏ်ခြောက်လနှင့် ဒဏ်ငွေကျပ်ငါးသောင်း စီရင်ချမှတ်ခဲ့ပြီး ချုပ်ရက်ထုတ်နုတ်ခံစားခွင့်ပြုခဲ့သဖြင့် ထိုနေ့မှာပင် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ယင်းအမှုတွဲမှ တရားစွဲဆိုခံထားရသည့် သံဃာတော်နှစ်ပါးဖြစ်သည့် ဦးသုစိတ္တနှင့် ဦးပညာဝံသတို့ကို ကျင့်ထုံးဥပဒေ ၅၁၂ အရ တရားခံပြေးအဖြစ် ကြေညာထားကြောင်း သိရသည်။

YBS (သို့မဟုတ်) ဝေဖန်မှု၊ ငြင်းခုံမှုများဖြင့် ၂၀၁၇ အတွက် NLD ၏ အကြီးမားဆုံး အပြောင်းအလဲတစ်ခု

YBS စတင်ပြေးဆွဲသည့် ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်နံနက်တွင် YBS ကားများ စောင့်ဆိုင်းနေသည့် ပြည်သူများနှင့် ပြေးဆွဲနေသောယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ်လမ်းမများပေါ်တွင် ခရီးသွား ၂၈ သိန်းဝန်းကျင်ရှိပြီး သိန်း ၂၀ ကျော်သည် အများပြည်သူပိုင်ယာဉ်လိုင်းများကို စီးနင်းနေကြရသည်။

အဆိုပါ ခရီးသွားပြည်သူတို့ စီးနင်းနေကြရသည့် မထသယာဉ်လိုင်းစနစ်မှ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့် YBS စနစ်စတင်ခြင်းကို ၂၀၁၇ ခုနှစ်အတွက် ထူးခြားဖြစ်စဉ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။

YBS စတင်ခြင်း

မထသဖျက်သိမ်းပြီး အစားထိုးခဲ့သည့် YBS အများပြည်သူသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းစနစ်ကို ဇန်န၀ါရီ ၁၆ ရက်တွင်စတင်ခဲ့ရာ ဘတ်စ်ကားများ အချိန်မီမရောက်ရှိခြင်း၊ ခရီးသည်နှင့် ယာဉ်အစီးရေမမျှတခြင်းတို့ကြောင့် ပြည်သူများအခက်အခဲဖြစ်ပေါ်ခဲ့ရသည်။

YBS ခရီးစဉ်လမ်းကြောင်းများ စတင်ထုတ်ပြန်ချိန်တွင် လမ်းကြောင်း ၅၈ ခုသာထုတ်ပြန်ခဲ့သော်လည်း စတင်ပြေးဆွဲချိန်တွင်မူ ခရီးစဉ်လမ်းကြောင်း ၇၀ အထိတိုးခဲ့ရသည်။

ယခင် မထသယာဉ်လိုင်းများဖြင့် အသားကျနေသည့် ခရီးသွားပြည်သူများ YBS စတင်သည့်နေ့တွင် ဦးစွာကြုံတွေ့ကြရသည်မှာ မည်သည့်ယာဉ်လိုင်းစီးနင်းကြရမည်ကို မသိရှိကြခြင်းဖြစ်သည်။ ထိုသို့ ခရီးသွားများကြုံတွေ့ရခြင်းသည် သတင်းအချက်အလက်ဖြန့်ဝေမှု အားနည်းခြင်းနှင့် စနစ်ဟောင်းမှ စနစ်သစ်သို့ ချက်ချင်းပြောင်းလဲခဲ့ခြင်းကြောင့်ဟု ဝေဖန်ခဲ့ကြသည်။ ခရီးသွားများအနေဖြင့် YBS စတင်သည့်နေ့တွင် စိတ်ကူးထားသည့်ပုံစံမျိုး မဖြစ်ပေါ်သည့်အပေါ် ပြည်သူအများစု စိတ်အလိုမကျမှုများ ဖြစ်ပေါ်ခဲ့သည်။

ခရီးသွားပြည်သူများ စိတ်အလိုမကျမှုများတွင် ဘတ်စ်ကားများ အချိန်မီမရောက်ရှိခြင်း၊ ခရီးသွားနှင့် ယာဉ်အစီးအရေမမျှတခြင်းတို့အပြင် လမ်းကြောင်းအလိုက် ခရီးစရိတ် ပိုမိုကုန်ကျမှုများရှိခဲ့ကြကြောင်း သိရသည်။

YBS စတင်သည့်နေ့တွင်

YBS စနစ်စတင်သည့်နေ့တွင် လှိုင်သာယာမြို့နယ် အောင်ဇေယျတံတားအဆင်းရှိ သုံးထိပ်မှတ်တိုင်နှင့် ငါးထိပ်ဘတ်စ်ကားမှတ်တိုင်တို့တွင် ဆူပူမှုဖြစ်ပွားကာ သက်ဆိုင်ရာရဲတပ်ဖွဲ့က သွားရောက်ထိန်းသိမ်းခဲ့ရပြီး စတင်နှိုးဆော်သူကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် YBS ဘတ်စ်ကားစနစ် စတင်ချိန်တွင် အများပြည်သူယာဉ်လိုင်းစနစ် အသုံးပြုသူများအနေဖြင့် ရုံးချိန်နောက်ကျခြင်း၊ ကျောင်းချိန်နောက်ကျခြင်းကဲ့သို့ ဖြစ်ရပ်များလည်း ဖြစ်ပွားခဲ့သည်။

ခရီးသွားပြည်သူများသည် မိမိတို့နှင့်သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ အချိန်မီဝင်ရောက်နိုင်ရန်အတွက် လက်တလော ယာယီဖြေရှင်းသည့်ပုံစံမျိုးဖြင့်သာ ဖြေရှင်းခဲ့ကြရသည်။ ထိုသို့ဖြေရှင်းရာတွင် အငှားယာဉ်များကို စုပေါင်းငှားရမ်း၍ ဖြေရှင်းခဲ့ကြရသူများရှိသလို အချို့သော အိမ်စီးကားပိုင်ရှင်များကလည်း အခက်အခဲဖြစ်နေသည့် ပြည်သူများကို ကူညီသည့်အနေဖြင့် အနီးဆုံးနေရာများသို့ ပို့ဆောင်ပေးမှုများလည်းရှိခဲ့သည်။

ထို့ပြင် အဝေးပြေး Express ယာဉ်များ၊ ဘီအမ်ကားများ၊ ဖယ်ရီပြေးဆွဲသည့် မီနီဘတ်စ်များဖြင့် မြို့နယ်တစ်ခုမှတစ်ခုသို့ ပြေးဆွဲပေးမှုများလည်းရှိခဲ့သည်။ ထိုကဲ့သို့ အခမဲ့ယာဉ်များဖြင့် ပို့ဆောင်ပေးမှုများကို ရက်သတ္တပတ်တစ်ပတ်အထိ ကူညီပေးခဲ့ကြောင်း သိရသည်။

တရုတ်ကားသစ်များ

ပြေးဆွဲနေသည့် YBS ဘတ်စ်ကားများတွင် ပြည်သူသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းစနစ်တွင် ဟောင်းနွမ်းယာဉ်များ ရာခိုင်နှုန်း ၂၀ ခန့်ကို ဘတ်စ်ကားအသစ်များဖြင့် အစားထိုးခဲ့ကြောင်း သိရသည်။

YBS စနစ်တွင်ပြေးဆွဲနေသော ပုဂ္ဂလိကပိုင်ဘတ်စ်ကားများအား ဘတ်စ်ကားဟောင်းများ တန်ဖိုးဖြတ်ရေးနှင့် ၀ယ်ယူရေးကော်မတီက တန်ဖိုးဖြတ်ပြီး ပြန်လည်ဝယ်ယူခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခရီးသည်တင်မော်တော်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေးအတွက် အများပိုင်ကုမ္ပဏီထဲတွင် ထည့်သွင်းရင်းနှီးမြှုပ်နှံမည့် ကျပ်ဘီလျံ ၇၀ ကို Yangon Bus Public Company Limited (YBPC) က တာဝန်ယူရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဧရာဝတီဘဏ်တွင် အပ်နှံထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် အများပြည်သူ သွားလာရေးအဆင်ပြေစေရန် ခရီးသည်တင်မော်တော်ယာဉ် City Bus ကောင်းမွန်သည့်အမျိုးအစားများ (Brand New) ဖြစ်သည့် ပြည်ပထုတ်မော်ဒယ်သစ်ယာဉ်အစီး ၅၀၀ မှ ၁၀၀၀ အထိ တင်ဒါကင်းလွတ်ခွင့်ဖြင့် ၀ယ်ယူခွင့်ပြုပါရန်ဆိုကာ မော်တော်ယာဉ်အသစ်ဝယ်ယူရေး ကော်မတီဖွဲ့စည်းခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၏စီစဉ်ပေးမှုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အန်းဝေ (Anhui) ပြည်နယ်မှ အန်းခိုင် (Ankai) မော်တော်ယာဉ်ကုမ္ပဏီနှင့် Brand New City Bus ယာဉ် ၅၀၀ နှင့် ဟိုင်နန် (Hainang) ပြည်နယ်မှ ယူတောင်း (Yutong) မော်တော်ယာဉ်ကုမ္ပဏီကလည်း Brand New City Bus ယာဉ်အစီး ၅၀၀ စုစုပေါင်းယာဉ်အစီး ၁၀၀၀ ကို စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တရုတ်နိုင်ငံနှင့် အစိုးရချင်းချိတ်ဆက်ဝယ်ယူထားသည့် စီးတီးဘတ်စ်အစီး ၁၀၀၀ အနက် ပထမအသုတ်အစီး ၃၅၀ သည် သီလ၀ါဆိပ်ကမ်းသို့ ဇွန် ၂ ရက်ကရောက်ရှိခဲ့သည်။

အဆိုပါမော်တော်ယာဉ်တစ်စီးလျှင် ရန်ကုန်ဆိပ်ကမ်းအရောက် တန်ဖိုးအမေရိကန်ဒေါ်လာ ၅၆၀၀၀၊ ယာဉ်အစီးရေ ၁၀၀၀ အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၅၆ သန်းကုန်ကျကြောင်း သိရသည်။

ရိုက်တာသတင်းဌာနက YBS နှင့်ပတ်သက်သည့် သတင်းဆောင်းပါးတွင် YBS စနစ်အဆင်ပြေစေရေးအတွက် ဒေါ်လာသန်း ၁၀၀ ကျော်နှင့် တရုတ်မှဘတ်စ်ကားအစီး ၂၀၀၀ တင်သွင်းမှုမှာ ပွင့်လင်းမြင်သာမှုမရှိသည့်အကြောင်းကို လွှတ်တော်ကိုယ်စားလှယ်အချို့၏ ပြောကြားချက်များကို ကိုးကားပြီးရေးသားခဲ့သည်။ အဆိုပါရေးသားချက်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းအစိုးရအဖွဲ့က သတင်းမီဒီယာကောင်စီသို့ တိုင်ကြားခဲ့သည်။

ပြည်သူစိတ်ပျက် YBS

YBS ဘတ်စ်ကားစနစ် စီမံခန့်ခွဲမှုညံ့ဖျင်းကြောင်းနှင့် သုံးစွဲလိုက်သည့် ငွေကြေးပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာရန်အပါအ၀င် ယင်းစနစ်၏ အဆင်မပြေမှုများကို လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက ဧပြီ ၂၄ ရက်တွင်ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ဆွေးနွေးခဲ့ကြသည်။

“ပြည်သူ့အတွက် YBS ပေါ့။ အခုကတော့ ပြည်သူစိတ်ပျက် YBS ဖြစ်နေပါတယ်” ဟု ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆွေးနွေးခဲ့သည်။

ဧပြီ ၂၄ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့နာယက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ခွင့်တိုင်ကြားခဲ့ပြီး YBS နှင့်ပတ်သက်ပြီး တင်သွင်းသည့်အဆိုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဘက်မှ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်တစ်ဦးသာ တက်ရောက်ခဲ့ကြောင်း သိရသည်။

YBS နှင့် နိုင်ငံရေးပယောဂများ

လက်ရှိတွင် YBS စနစ်မအောင်မြင်စေသည့် ကိစ္စရပ်များတွင် နိုင်ငံရေးပယောဂများပါဝင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဧပြီ ၂၇ ရက်တွင်ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

Traffic Control Center စတင်

ရန်ကုန်မြို့ရှိ မီးပွိုင့်များကို Traffic Control Center မှတစ်ဆင့် စောင့်ကြည့်ထိန်းချုပ်သည့်စနစ်ကို မေ ၁၅ ရက်က စတင်လည်ပတ်အသုံးပြုနေပြီဖြစ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။

ကုမ္ပဏီကြီးငါးခု

လက်ရှိတွင် YBS ဘတ်စ်ကားစနစ်တွင် ကုမ္ပဏီအကြီးအဖြစ် သတ်မှတ်ထားသည့်ကုမ္ပဏီများတွင် Omini Focus၊ ပါရမီဗန္ဓုလ၊ YBPC၊ YUPT၊ Power Eleven တို့ပါဝင်ကြောင်း သိရသည်။ ကုမ္ပဏီအကြီးအဖြစ်သတ်မှတ်မှုကို ကားအစီးရေ ၅၀၀ ၀န်းကျင်နှင့် ကုမ္ပဏီပုံစံကျမှုဖြင့် သတ်မှတ်ကြောင်း သိရသည်။

လက်ရှိတွင် အများပိုင်ကုမ္ပဏီ ၁၇ ခုရှိပြီး အများပိုင်မဟုတ်ဘဲ ယာဉ်လိုင်းများကို Operator အနေဖြင့်လုပ်ဆောင်မှုသည် ၁၅ ခုခန့်ရှိနေကာ စုစုပေါင်း ၃၂ ခုရှိကြောင်း သိရသည်။ ၎င်းတို့အထဲမှ အများပိုင်မဖြစ်သေးသည့် ၁၅ ခုကို အများပိုင်အမြန်ဆုံးဖြစ်အောင်၊ စနစ်တကျအမြန်ဆုံး လုပ်ဆောင်နိုင်အောင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတကာအတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်တစ်ဦးကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

YBS ဘတ်စ်ကားစနစ်တွင် ပါဝင်ပြေးဆွဲနေသည့် ယာဉ်လိုင်းများ၌ အများပိုင်ကုမ္ပဏီများ ပေါ်ပေါက်လာရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီများပူးပေါင်းနိုင်ရန် ဆွေးနွေးဆဲကာလဖြစ်ကြောင်း သိရသည်။