မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ် စိတ်ဝင်စားခြင်းခံရသည့် ကျိုက်ထီးရိုး Cable Car စီမံကိန်း

ကျိုက်ထီးရိုး Cable Car စီမံကိန်းအား ဖွင့်လှစ်ပြီးနောက် ဘုရားဖူးများအား ပို့ဆောင်ပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

မြန်မာနိုင်ငံ၏ ပထမဆုံး Cable Car ဖြစ်သည့် ကျိုက်ထီးရိုးကြိုးရထား Cable Car စီမံကိန်းကို ဒီဇင်ဘာ ၁၅ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါစီမံကိန်းအား ကိုရီးယားနိုင်ငံမှ Sky International Co.,Ltd နှင့် မြန်မာနိုင်ငံမှ ရတနာရွှေဆင်ကြီးတို့ ပူးပေါင်းတည်ထောင်ထားသည့် Sky Asia Co, Ltd မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဒေါ်လာသန်း ၂၀ ကျော်ကုန်ကျခဲ့ကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ နှစ် ၅၀ B.O.T စနစ်ဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ကျိုက်ထီးရိုးကြိုးရထား (Cable Car) မှာ Main Station မှ Return Station အထိ ၉၅၅ ဒသမ ၃၈ မီတာရှည်ပြီး Main Station တွင် တာဝါနှစ်တိုင်၊ Return Station ၌ တာဝါနှစ်တိုင်၊ အလယ်တွင် တာဝါခုနစ်တိုင်ဖြင့် တည်ဆောက်ထားကာ ရသေ့တောင်မှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်အနီးသို့ ပြေးဆွဲခြင်းဖြစ်သည်။ ကေဘယ်ကြိုးရထား (Cable Car) အတွဲ ၄၄ တွဲ အနက် ၄၃ တွဲပြေးဆွဲမည်ဖြစ်ပြီး တစ်တွဲအား အရံအဖြစ်ထားရှိသွားမည်ဖြစ်ကြောင်း၊ တစ်တွဲလျှင် လူရှစ်ယောက်ခန့်စီးနိုင်ပြီး အများဆုံးကြာချိန်မှာ ရှစ်မိနစ်မှ ၁၅ မိနစ်အတွင်းဖြစ်၍ လူအနည်းအများအပေါ်မူတည်၍ အချိန်အား ထိန်းညှိပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

Cable Car စီးနှင်းခနှုန်းထားအဖြစ် တစ်ဦးလျှင် အတက်ကျပ် ၃၀၀၀ နှုန်း၊ အဆင်းကျပ် ၃၀၀၀ နှုန်းသတ်မှတ်ထားပြီး နိုင်ငံခြားသားတစ်ဦးလျှင် အတက် ၁၀ ဒေါ်လာ၊ အဆင်း ၁၀ ဒေါ်လာသတ်မှတ်ထားကာ ခရီးသွားအာမခံပါဝင်ပြီး IKBZ နှင့်ချိတ်ဆက်ကာ အာမခံစီစဉ်ထားကြောင်း သိရသည်။

ကျိုက်ထီးရိုး Cable Car စီမံကိန်းအား ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂ ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်အမှတ် (၈၈၆/၂၀၁၅)၊ (၂.၁.၂၀၁၅) ရက်စွဲပါခွင့်ပြုချက်ဖြင့် Sky Asia ကုမ္ပဏီလီမိတက်မှ သစ်တောဦးစီးဌာန၏ မြေ ၁၃ ဒသမ ၅ ဧကကို တစ်နှစ်လျှင် တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းများဆောင်ရွက်ရာတွင် မပြီးပြတ်သေးသည့်အတွက် ၂၀၁၆ ခုနှစ် ဇူလိုင် ၂ ရက်မှ ၂၀၁၇ ခုနှစ်ဧပြီ ၁ ရက်အထိ တည်ဆောက်ရေးကာလအား ကိုးလတိုးမြှင့်ပေးခဲ့သည်။

မြစ်ရေကြီးမှုသုံးကြိမ်ဖြင့် ထိုးနှက်ခံလိုက်ရသည့် ချင်းတွင်းနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှ ပြည်သူများ

မကွေးတိုင်း မင်းဘူးမြို့နယ် နိဗ္ဗာန်ကျွန်းကျေးရွာမှ ရေ၀င်ရောက်နေသည့် ကလေးပြုစုရေးကျောင်းကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးနှစ်စင်းဖြစ်သော ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့တွင် ရေကြီးရေလျှံမှု သုံးကြိမ်ဖြစ်ပွားခဲ့ခြင်းကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လူအများအပြား ရေဘေးသင့်ခဲ့ရကာ လယ်ယာသီးနှံစိုက်ခင်း ဧကပေါင်းများစွာ ရေနစ်မြုပ်ပျက်စီးခဲ့ရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိသည့်အနက် မြို့နယ်အများအပြားတွင် ၂၀၁၇ ခုနှစ်၌ ရေကြီးရေလျှံမှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး ရေဘေးသင့်အိမ်ထောင်စု ၁၀၀၀၀ ကျော်နှင့် ရေဘေးဒုက္ခသည် ခုနစ်သောင်းကျော်အထိရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချရေးဌာန၏ စာရင်းမှတ်တမ်းများအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်နှစ်ခုကြောင့် ရေကြီးရေလျှံမှု သုံးကြိမ်ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝနှင့် မြောင်မြို့တို့တွင် လူနေအိမ် ၅၀ ခန့် ရေထဲမျောပါခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ဇူလိုင်လအတွင်းဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးရှစ်ခုတွင် လယ်ဧကရှစ်သောင်းကျော် ရေကြီးနစ်မြုပ်ခဲ့ပြီး မိုးစပါးစိုက်ခင်းများ ပျက်စီးခဲ့ကြောင်း သိရသည်။

ဒုတိအကြိမ် ရေကြီးရေလျှံမှုမှာ သြဂုတ်လတတိယပတ်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဧရာဝတီမြစ်ရေ၀င်ရောက်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူ၊ ရေစကြို၊ ရေနံချောင်း၊ မင်းဘူး၊ မင်းလှ၊ အောင်လံ၊ သရက်၊ ကံမမြို့နယ်များတွင် လူအများအပြားကို ရွှေ့ပြောင်းခဲ့ရပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း၌လည်း မြို့နယ်အများအပြားတွင်း ဧရာဝတီမြစ်ရေနှင့် င၀န်မြစ်ရေတို့ စိုးရိမ်ရေအမှတ်နားသို့ ရောက်ရှိလာခဲ့သည်။

ဇူလိုင် ၁ ရက်မှစ၍ တိုင်းဒေသကြီး၊ ပြည်နယ်အများစုတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် စက်တင်ဘာ ၂၅ ရက်အထိ ယာယီကယ်ဆယ်ရေးစခန်းများသို့ စုစုပေါင်းဘေးသင့် အိမ်ထောင်စု ၈၂၁၁၄ စုမှ လူဦးရေ ၃၃၅၆၃၅ ဦး ပြောင်းရွှေခဲ့ရကြောင်း သိရသည်။

ယခုနှစ်အတွင်း ရေကြီးရေလျှံမှုများကြောင့် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ပဲခူး၊ ကရင်၊ ဧရာဝတီ၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ ရှမ်း၊ ရန်ကုန်၊ တနင်္သာရီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြစ်ရေတိုးခြင်းတို့ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ် ၁၃ ခုနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ရှိ အိမ်ခြေ ၈၇၆၂၇ ရေ၀င်ခဲ့ပြီး မျောပါသည့်နေအိမ် ၃၁၉ လုံးနှင့် ပြောင်းရွှေ့နေအိမ် ၆၅၅၅၇ လုံးရှိကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် မန္တလေးတိုင်းဒေသကြီးတွင် လေးဦးအထိ သေဆုံးမှုနှုန်းအများဆုံးဖြစ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်ဦး၊ ချင်းပြည်နယ်နှစ်ဦးနှင့် ရှမ်းပြည်နယ်တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ရေဘေးသင့်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက စုစုပေါင်း ကျပ်သိန်းငါးထောင်ခန့် ထောက်ပံ့ပေးပြီးဖြစ်ကြောင်းနှင့် ဆက်လက်ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Uber နှင့် Grabတို့ကြောင့် အငှားယာဉ်ဈေးကွက်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် ၂၀၁၇

ယခင်က ပြည်တွင်း၌ Hello Cab, Oway Ride, Go Taxi စသည့် ပြည်တွင်းအခြေစိုက် ဆော့ဖ်ဝဲအခြေပြု တက္ကစီဝန်ဆောင်မှုတို့သာရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်အခြေစိုက် Uber နှင့် စင်ကာပူအခြေစိုက် Grab တက္ကစီဝန်ဆောင်မှုတို့ ထိုးဖောက်ဝင်ရောက်လာပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကာ အငှားယာဉ်ဈေးကွက်အတွင်း အပြောင်းအလဲများဖြစ်ပေါ်ခဲ့သည့်အတွက် ၂၀၁၇ ၏ ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြလိုက်ပါသည်။

အမေရိကန်အခြေစိုက် Uber အငှားယာဉ်ဝန်ဆောင်မှုကို ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် မေ ၁၁ ရက်က တရားဝင်မိတ်ဆက်ခဲ့သည်။

အမေရိကန်အခြေစိုက် Uber အငှားယာဉ်ဝန်ဆောင်မှုအနေဖြင့် မိုဘိုင်းဖုန်းအခြေပြု ကားငှားဝန်ဆောင်မှုကို ရန်ကုန်မြို့တွင် ဧပြီ ၂၆ ရက် မှ မေ ၅ ရက်အထိ စမ်းသပ်ကာလအဖြစ် ၀န်ဆောင်မှုပေးခဲ့ပြီး စိတ်ဝင်တစားဖြင့် စမ်းသပ်စီးကြည့်သူများပြားခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း အသုံးပြုသူတစ်ဦးချင်းအနေဖြင့် ကျပ်တစ်သောင်းဖိုးအခမဲ့ စီးနင်းခွင့်နှင့် အကြိမ်ရေအားဖြင့် ၁၀ ကြိမ်သတ်မှတ်ထားသော ပရိုမိုးရှင်းအစီအစဉ်ရရှိခဲ့ကြသည်။

Uber ကို ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို၌စတင်ခဲ့သည်။ လက်ရှိတွင် ကမ္ဘာ့မြို့ကြီးပေါင်း ၄၅၀ ကျော်၌ လုပ်ငန်းများလည်ပတ်လျက်ရှိသည်။ မြန်မာနိုင်ငံသည် Uber ၀န်ဆောင်မှုရောက်ရှိလာသည့် ၇၆ ခုမြောက်နိုင်ငံဖြစ်လာခဲ့သည်။

စင်ကာပူအခြေစိုက် Grab အငှားယာဉ်ဝန်ဆောင်မှုမှာလည်း အငှားယာဉ်မောင်း ၅၀၀၀ ကျော်ဖြင့် ရန်ကုန်မြို့အတွင်း ၀န်ဆောင်မှုလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း ၂၀၁၇ ဇူလိုင် ၂၆ ရက်က Novotal ဟိုတယ်တွင်ပြုလုပ်သည့် မိတ်ဆက်ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Grab အနေဖြင့် အရှေ့တောင်အာရှ၏ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့တွင် ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေခြင်းဖြစ်သည်။

Grab အနေဖြင့် မြန်မာနိုင်ငံတွင် လာမည့်သုံးနှစ်အတွင်း ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ၎င်းတို့အဆိုအရ သိရသည်။

Grab မှာ ပုံသေနှုန်းထားဖြင့် စီးနင်းနိုင်ခြင်းဖြစ်ပြီး ပြည်တွင်းမှအသုံးပြုသူများက အဆိုပါအချက်ကို ပိုမိုနှစ်သက်ခဲ့ကြသည်။ Uber မှာမူ စောင့်ဆိုင်းကြာချိန်ပေါ်မူတည်ပြီး နှုန်းထားပြောင်းလဲခြင်းများရှိခဲ့သည်။

စတင်စီးနင်းအသုံးပြုသူများအတွက် Uber က ကျပ် ၅၀၀၀ ဖိုးအခမဲ့စီးနင်းခွင့်ပြုခဲ့ပြီး Grab ကမူ ကျပ် ၂၀၀၀ ဖိုးဈေးလျှော့ပေးခြင်းကို သုံးကြိမ်တိတိပေးခဲ့သည်။ အဆိုပါကာလမတိုင်မီတွင် Uber အနေဖြင့် လုံးဝအခမဲ့စီးနင်းခွင့်ပြုခြင်းများပေးခဲ့သည်။ ၎င်းတို့အနေဖြင့် ခရီးသည်များကိုသာမက ယာဉ်မောင်းများကိုပါ ပရိုမိုးရှင်းအစီအစဉ်များ စီစဉ်ပေးခဲ့ရခြင်းဖြစ်ပြီး ကနဦးတွင် ဈေးနှုန်းကြီးမြင့်ခြင်းများလည်း ရှိခဲ့သည်။ နောက်ပိုင်းတွင် ပြင်ပဈေးနှုန်းနီးပါးဖြစ်လာခဲ့ကြောင်း သုံးသပ်မှုများရှိခဲ့သည်။

၎င်းတို့၏ ပရိုမိုးရှင်းအစီအစဉ်များကြောင့် ရိုးရိုးအငှားယာဉ်ဈေးကွက် ထိခိုက်ခြင်းများရှိခဲ့ကြောင်းနှင့် အချို့မှာလည်း ကနဦးတွင် အဆိုပါစနစ်အတွင်းသို့ ၀င်ရောက်ခြင်းမရှိခဲ့သော်လည်း နောက်ပိုင်းတွင် မဖြစ်မနေ၀င်ရောက်ခဲ့ရခြင်းများလည်း ရှိခဲ့သည်။

သတ်ဖြတ်ခံရမှုကြောင့် ပျောက်ကွယ်လုအခြေအနေနှင့် ရင်ဆိုင်နေရသော ဧရာဝတီမှ တောဆင်ရိုင်းများ

ဧရာဝတီတိုင်းဒေသကြီးတွင် ဒီဇင်ဘာဒုတိယပတ်အတွင်းက သတ်ဖြတ်ခံခဲ့ရသည့် တောဆင်ရိုင်းတစ်ကောင်အား တွေ့ရစဉ်

၂၀၁၇ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း သစ်တောဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာတာဝန်ရှိသူများမှ စစ်ဆေးတွေ့ရှိခဲ့ရသည့် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုများ ယခင်နှစ်များထက် ပိုမိုများပြားခဲ့ပြီး ယခုနှစ်တွင် စစ်ဆေးတွေ့ရှိရသည့် တောဆင်ရိုင်းအသတ်ဖြတ်ခံရမှုမှာ နိုဝင်ဘာအကုန်ထိ ၁၅ ကောင်ထိရှိခဲ့ပြီး စစ်ဆေးတွေ့ရှိရခြင်းမရှိဘဲ သေဆုံးခဲ့ရသည့် တောဆင်ရိုင်းများမှာလည်း အများအပြားပင်ရှိနိုင်သေးကြောင်း တောရိုင်းတိရစ္ဆာန်များ စောင့်ရှောက်ရေးမိတ်ဆွေများအဖွဲ့က ခန့်မှန်းထားသည်။

၂၀၁၆ ခုနှစ်တွင် တစ်နှစ်တာကာလပတ်လုံးတွင် တောဆင်ရိုင်းများအသတ်ခံရမှုမှာ စစ်ဆေးတွေ့ရှိချက်များအရ ၁၃ ကောင်သာရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ် နိုဝင်ဘာကုန်အထိမူ ၁၅ ကောင်ထိရှိခဲ့ပြီး တစ်နှစ်တာအချိန်မကုန်မီမှာပင် ယမန်နှစ်ထက် သုံးကောင်ပိုမိုများပြားခဲ့ခြင်းဖြစ်သည်။ တောဆင်ရိုင်များ အသတ်ဖြတ်ခံရမှုများနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်တွင် လေးမှုဖမ်းဆီးတရားစွဲဆိုနိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် နိုဝင်ဘာလကုန်ထိမူ ကိုးမှုအထိ ဖမ်းဆီးတရားစွဲဆိုနိုင်ခဲ့ပြီး ယမန်နှစ်ထက်ငါးမှု ပိုမိုဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

တောဆင်ရိုင်းများ အသတ်ဖြတ်ခံရမှု အများဆုံးဖြစ်ပေါ်နေသည့်ဒေသများမှာ ပုသိမ်ခရိုင်အတွင်း မြင်းကကွင်းကျေးရွာ၊ ချောင်းသာကျေးရွာ၊ သာပေါင်းမြို့နယ်၊ ငပုတောမြို့နယ်နှင့် ငရုတ်ကောင်းမြို့နယ်များတွင် အများဆုံးဖြစ်ပွားနေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်း အကောင်ရေအရေအတွက်မှာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၀ မတ်အထိ တောဆင်ရိုင်းစာရင်းကောက်ယူရေးအဖွဲ့မှ စာရင်းကောက်ယူထားမှုအရ တောဆင်ရိုင်းကောင်ရေ ၇၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။

လူနှင့်ဆင်ပဋိပက္ခဖြစ်စဉ်များလည်း များစွာဖြစ်ပွားခဲ့ပြီး တောဆင်ရိုင်းများမှာ တောနက်ထဲတွင် ဆင်မုဆိုးများ၏ လိုက်လံဖမ်းဆီးမှုနှင့် အစာရေစာရှားပါးမှုများကြောင့် လူအများနေထိုင်ရာဒေသများကို ခေတ္တရှောင်ပုန်းလာရာမှ ဖြစ်ပွားရသည်ကို တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေး မိတ်ဆွေများအဖွဲ့၏ လေ့လာတွေ့ရှိချက်များအရ သိရသည်။

တောဆင်ရိုင်းသတ်ဖြတ်မှုကို တားမြစ်နိုင်ရေးအတွက် ရဲတပ်ဖွဲ့၊ ဒေသခံပြည်သူများနှင့် တပ်မတော်မှ မကြာခဏတောနင်းရှာဖွေမှုများ ပြုလုပ်လျှက်ရှိသော်လည်း တောဆင်ရိုင်းသတ်ဖြတ်ခံရမှုအချို့ကိုသာ ဖမ်းဆီးရမိနိုင်ခဲ့ပြီး သတ်ဖြတ်ပြီးခဲ့သည့် တောဆင်ရိုင်းများမှ ရရှိခဲ့သည့် ဆင်စွယ်ဆင်သားရေနှင့် အခြားသောအပိုင်းအစများကို သယ်ယူရောင်းချနေမှုများတွင် ရှာဖွေဖမ်းဆီးနိုင်ခဲ့မှုများမရှိကြောင်း သိရသည်။

“တောဆင်ရိုင်းတွေ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ကျွန်တော်လည်း ဒါကို တိုင်းဒေသကြီးအစိုးရတစ်ရပ်အနေနဲ့ စီမံချက်တစ်ခုရေးဆွဲပြီး လုပ်ဆောင်ပေးဖို့ကို လွှတ်တော်ကနေတစ်ဆင့် မေးမြန်းသွားဖို့ရှိတယ်။ ကျွန်တော်အမှုစဉ်တွေကို အဓိကလေ့လာလိုက်တာမှာ တောဆင်ရိုင်းသတ်မှုတွေကို ဖမ်းမိပြီဆိုရင် ဆင်သတ်မုဆိုးတွေကို မိတာရှိတယ် ဆင်သတ်မုဆိုးရဲ့လက်ဝယ်မှာ ဆင်ထွက်ပစ္စည်းတွေ ဆက်စပ်ပြီးတော့ မိတာရှိတယ်။ အဓိက ဆင်ထွက်ပစ္စည်းကို သီးသန့်ရောင်းဝယ်နေတဲ့ နောက်ကွယ်ကလုပ်ငန်းရှင်တွေ သယ်ယူပို့ဆောင်နေတဲ့ လမ်းကြောင်းတွေမှာ ဖမ်းဆီးမိတာဆိုဟာ မတွေ့ရဘူး။ ဒါကိုနယ်မြေဂိတ်တွေ အဆင့်ဆင့်ဖွင့်လှစ်ပြီးတော့ စစ်ဆေးဆောင်ရွက်ဖို့တွေ လိုအပ်လိမ့်မယ်။ ဒီလိုမှ နောက်ကွယ်ကြိုးကိုင်နေတဲ့သူတွေကို မဖော်ထုတ်နိုင်ရင် တောဆင်ရိုင်းတွေဟာ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တယ်” ဟု ငပုတောမြို့နယ် မဲဆန္ဒနယ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်းအကောင် ၇၀၀ ကျော်သာကျန်ရှိတော့ပြီး မြန်မာ့သစ်လုပ်ငန်းတွင်မူ ဆင်ယာဉ်များအဖြစ် ဆင်ကြီး ၁၀၈ ကောင်၊ ၀န်တင်ဆင် ၁၉ ကောင်၊ အမိနောက်လိုက်ဆင် ၁၁ ကောင်ရှိကြောင်း သိရသည်။

အဘက်ဘက်မှကျပ်တည်းမှုနှင့် ခုနစ်နှစ်နီးပါးကြာ တောင့်ခံထားရသော ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များ

ကချင်ပြည်နယ် ၀ိုင်းမော်မြို့မှ KBC စစ်ဘေးဒုက္ခသည်စခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

မြစ်ဆုံစီမံကိန်းကိုအကြောင်းပြု၍ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် ပြန်လည်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့၏ တစ်ကျော့ပြန်တိုက်ပွဲများမှာ ၂၀၁၇ ခုနှစ်တွင်လည်း ရပ်တန့်မှုမရှိသေးဘဲ စစ်ဘေးဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည့် ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များမှာ အဘက်ဘက်မှကျပ်တည်းမှုများကို တောင့်ခံခဲ့ရသည်မှာ ခုနစ်နှစ်ပြည့်တော့မည်ဖြစ်သည်။

၁၉၆၂ ခုနှစ်တွင်aပ်ါပေါက်ခဲ့သော ကေအိုင်အို၊ ကေအိုင်အေအဖွဲ့အစည်းသည် ၁၉၉၄ ခုနှစ်တွင် တပ်မတော်စစ်အစိုးရနှင့် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးခဲ့သော်လည်း ၁၇ နှစ်ကြာပြီး ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုများသည် အဆုံးသတ်နိုင်မှုမရှိဘဲ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိမြို့၊ ကျေးရွာများ၊ ဖားကန့်ဒေသလမ်းကြောများ၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အနှံ့သို့ ပြန်နှံ့သွားခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်စာရင်းများအရ အစိုးရထိန်းချုပ်နယ်မြေတွင် ဒုက္ခသည်စခန်းပေါင်း ၉၄ ခု၊ လူဦးရေ ၄၀၀၀၀ နီးပါးခိုလှုံနေပြီး ကေအိုင်အိုထိန်းချုပ်နယ်မြေတွင် ဒုက္ခသည်စခန်းပေါင်း ၂၅ ခုရှိနေပြီး လူဦးရေ ၄၆၀၀၀ ကျော်ခိုလှုံနေရကြောင်း ကေအိုင်အိုဒုက္ခသည်များဆိုင်ရာ ကော်မတီ၏စာရင်းအရ သိရသည်။

ကချင်ပြည်နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်များအတွက် ငါးနှစ်တွင် ကုဋေပေါင်း ၁၉၀၀ ကျော် (၁၉၈၁၉၉၆၈၄၆၉) ကျပ်သုံးစွဲခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရစာရင်းအရ သိရပြီး နိုင်ငံတော်သမ္မတအပါအ၀င် လွှတ်တော်၊ ပါတီ၊ လူမှုအဖွဲ့အစည်း၊ NGOs၊ INGOs များ၏ အစိုးရထံရောက်ရှိသောစာရင်းသာဖြစ်ပြီး အမည်ပေါက်မရောက်သည့် စာရင်းများလည်း အများအပြားကျန်နေသေးကြောင်း သိရသည်။ ၂၀၁၆ ခုနှစ်တွင် ရိက္ခာလျှော့ချပြီးနောက်ပိုင်း တစ်လထောက်ပံ့ငွေမှာ ကျပ်သိန်းပေါင်းသုံးထောင်ဝန်းကျင်သာ ရှိတော့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်များကို အစိုးရနှင့် ကေအိုင်အေတို့ညှိနှိုင်း၍ ကျေးရွာလေးရွာအား ကနဦးနေရာပြန်ချပေးရန် ၂၀၁၃ ခုနှစ် အောက်တိုဘာဆွေးနွေးပွဲတွင် သဘောတူခဲ့သော်လည်း အကောင်အထည်မဖော်နိုင်သည့်အပြင် ၂၀၁၄ ခုနှစ်ဧပြီလတွင် မံစီမြို့နယ်အတွင်း တိုက်ပွဲများဖြစ်လာခဲ့မှုကြောင့် စစ်ဘေးဒုက္ခသည်စခန်းတစ်ခု ရွှေ့ပြောင်းခဲ့ရပြီး စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျာ်လည်း ထပ်တိုးလာခဲ့သည်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များတွင်လည်း ဒေသတွင်းတိုက်ပွဲတချို့ကြောင့် စစ်ဘေးဒုက္ခသည်များ ထပ်တိုးလာမှုများရှိနေဆဲဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်း၌ စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကြိုးစားခဲ့ပြီး ကျေးရွာပေါင်း ၂၇ ရွာမှ လူပေါင်းတစ်ထောင်ကျော် နေရပ်ပြန်နိုင်ရေး ကြိုးစားခဲ့သော်လည်း အခက်အခဲအများအပြား ကြုံတွေနေရကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွမ်ကဆိုသည်။

“ကျွန်တော်တို့ကြိုးစားနေတယ်။ အလုပ်က ရှေ့ဆက်မတိုးဘူးဖြစ်နေတယ်။ တနိုင်းဘက်လိုဆိုရင် ချက်ချင်းပြန်ဖို့လုပ်ပေမယ့် လုံခြုံရေးအခြေအနေတွေကမပေးဘူး။ အစိုးရဘက်ကတော့ တတ်နိုင်တဲ့နည်းနဲ့ ပြန်စေချင်တယ်။ ကေအိုင်အိုရဲ့သဘောထားကတော့ နိုင်ငံတကာစံအတိုင်းပဲ ပြန်စေချင်တယ်။ အစိုးရ၊ တပ်မတော်၊ ကေအိုင်အေခေါင်းဆောင်တွေ သဘောတူညီချက်မရပဲပြန်မယ်ဆိုတာ မဖြစ်နိုင်ဘူး” ဟုပြောကြားသည်။

လက်ရှိအခြေအနေရ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် NCA တွင် လက်မှတ်မထိုးနိုင်သေးခြင်း၊ ပစ်ခိုက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်း၊ နေရပ်ပြန်နိုင်ရေးအတွက် သီးခြားသတ်မှတ်နိုင်မှုများ၊ ဆွေးနွေးနိုင်မှုမရှိသေးခြင်း စသည့်အခြေအနေများကြောင့် နောက်ထပ်နှစ်ချီပြီး စစ်ဘေးဒုက္ခသည်စခန်းများမှ မထွက်နိုင်သေးဟု ခန့်မှန်းမှုများလည်းရှိနေသည်။

စစ်ဘေးဒုက္ခသည်များ၏ မျော်လင့်ချက်မှာ ငြိမ်းချမ်းရေးနှင့် မိမိတို့အိုးအိမ်တွင် အတည်တကျ ပြန်လည်နေထိုင်နိုင်ရေးဖြစ်ပြီး တိုင်းရင်းသားခေါင်းဆောင်များ၊ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ခေါင်းဆောင်များအနေဖြင့် ဆယ်ပေပတ်လည်အခန်းကျဉ်းများအတွင် ခြောက်နှစ်ကျော်ခုနစ်နှစ်နီးပါ နေထိုင်ခဲ့ရသော လူတစ်သိန်းကျော်အတွက် မည်မျှအထိစဉ်းစားပေးသည်အပေါ်မှာ မူတည်မည်ဖြစ်သည်။

ရန်ကုန်မြစ်တွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေး စာမျက်နှာသစ်ဖွင့်လိုက်သည့် Yangon Water Bus

ဝေဖန်မှုများရှိခဲ့သည့် ရန်ကုန်မြစ် ရေကြောင်းသယ်ယူပို့ဆောင်ရေးစနစ်အဖြစ် Yangon Water Bus ပထမအဆင့်အနေဖြင့် ရေယာဉ်ငါးစင်းအသုံးပြုကာ အင်းစိန်မှ ဗိုလ်တထောင်ဆိပ်ကမ်းသို့ပြေးဆွဲမှုကို အောက်တိုဘာ ၇ ရက်မှ စတင်ခဲ့ခြင်းသည် ၂၀၁၇ ခုနှစ်၏ ထူးခြားဖြစ်စဉ်တစ်ရပ်အဖြစ် ထင်ရှားကျော်ကြားကဏ္ဍတွင် ဖော်ပြအပ်ပါသည်။

Yangon Water Bus ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၆ ရက်တွင် ဗိုလ်တထောင်ဆိပ်ကမ်းတွင်ပြုလုပ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် Yangon Water Bus စတင်အကောင်အထည်ဖော်ရာတွင် တင်ဒါအောင်ကုမ္ပဏီက ကိုယ့်သဘောကိုယ်ဆောင်ပြီး လုပ်ဆောင်မှုမျိုးမဖြစ်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုခရီးစဉ်ကြောင့် ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းမှုကို တစ်စုံတစ်ရာ ပြေလျော့သွားနိုင်မည့် အခြေအနေများရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

လက်ရှိတွင် Yangon Water Bus ပြေးဆွဲရန် မှတ်တိုင်ခုနစ်မှတ်တိုင်ရှိကြောင်း၊ Jetty များတွင်လည်း မြေပုံကားချပ်များပြုလုပ်ထားပြီး ဆိုက်ရောက်မည့်အချိန်ကို ကြေညာထားကြောင်း၊ လုံခြုံရေးဝန်ထမ်းများနေသည့် အဆောင်နားတွင်လည်း GPS System TV တစ်လုံးထားရှိထားမည်ဖြစ်ပြီး အဆိုပါ TV မှ သင်္ဘောဆိုက်ရောက်မည့်ပုံကို အမြဲတမ်းကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ဒေါ်တင့်တင့်လွင်က ဆက်လက်ပြောကြားသည်။

Yangon Water Bus သင်္ဘောတစ်စင်းတွင် ၀န်ထမ်းလေးဦးမှ ရှစ်ဦးအထိထားရှိပြီး ရေယာဉ်တစ်စင်းတွင် လူ ၁၄၀ မှ ၂၃၀ အထိဆံ့ကြောင်း၊ နံနက် ၆ နာရီ ၅၅ မိနစ်မှ စတင်ပြေးဆွဲနေကြောင်း၊ အမြန်ရေယာဉ်နှင့် ရိုးရိုးဆိုပြီး နှစ်ပိုင်းခွဲထားကြောင်း၊ အမြန်ရေယာဉ်သည် ပြည်ပမှာယူထားခြင်းဖြစ်ပြီး ရိုးရိုးရေယာဉ်သည် ပြည်တွင်း၌တည်ဆောက်ထားသော သင်္ဘောများဖြစ်ကြောင်း၊ တစ်နေ့လျှင် ခေါက်ရေ ၁၂ ခေါက်ဝန်းကျင်ပြေးဆွဲနေကြောင်း သိရသည်။

Yangon Water Bus စီးနင်းမည့်သူများအနေဖြင့် သင်္ဘောဆိပ်ရှိ Ticker Counter များတွင် Anypay Card များ ၀ယ်ယူစီးနင်းရမည်ဖြစ်ပြီး သင်္ဘောပေါ်၌ လက်မှတ်ရောင်းချမည်မဟုတ်ကြောင်း၊ Safety အတွက် Life Jacket များထားရှိပြီး သင်္ဘောပေါ်တွင် အသက်ကယ်ဖောင်များလည်းထားရှိကြောင်း သိရသည်။

Yangon Water Bus သည် လက်ရှိတွင် ခရီးသည် ၁၂၀ ဆံ့ ပြည်တွင်းထုတ် သင်္ဘောခုနစ်စင်း၊ သြစတြေးလျနိုင်ငံမှ ၀ယ်ယူထားသည့် ခရီးသည် ၂၀၀ ဆံ့ သင်္ဘောတစ်စင်း စုစုပေါင်းရှစ်စင်းဖြင့် ပြေးဆွဲနေကြောင်း သိရသည်။

ထို့ပြင် သြစတြေးလျနိုင်ငံမှ ၀ယ်ယူထားသည့် လူဦးရေ ၂၀၀ ဆံ့ သင်္ဘောနှစ်စင်းနှင့် ထိုင်းနိုင်ငံတွင် တည်ဆောက်ခဲ့သည့် လူဦးရေ ၆၀ ဆံ့သင်္ဘောသုံးစင်း စုစုပေါင်းငါးစင်း ထပ်တိုးပြေးဆွဲနိုင်ရန် ဆောင်ရွက်နေပြီး အဆိုပါငါးစင်းအတွက် လိုအပ်သည့်လိုင်စင်ရရှိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ Yangon Water Bus များပြေးဆွဲနေပြီဖြစ်ရာ စီးနင်းသူများအနေဖြင့် သင်္ဘောဆိုက်ရောက်ချိန်မမှန်ခြင်း၊ သတ်မှတ်ခရီးသည်မပြည့်မီသေးပါက Jetty မှထွက်ခွာမှုမပြုခြင်းများရှိနေခြင်း၊ သင်္ဘောနှင့် Jetty ပေါ် အဆင်းအတက် အန္တရာယ်ရှိနိုင်ခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေရကြောင်း ခရီးသည်များက ပြောကြားသည်။

အစိုးရဟောင်းလက်ထက်က စာရင်းပျောက်ခဲ့သည့် ရေနံမှော်များမှရရှိသော ငွေကျပ်သန်း ၇၀၀၀ ကျော်နှင့် NLD အစိုးရ၏ကိုင်တွယ်မှု

ယခင်အစိုးရလက်ထက်က မကွေးတိုင်းအတွင်း ရေနံမှော်များမှရရှိခဲ့ပြီး စာရင်းပျောက်နေသည့် ငွေကျပ် ၂ ဒသမ ၈ ဘီလျံကိစ္စကို ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ၂၀၁၆ ခုနှစ်မေလက ပြည်ထောင်စုလွှတ်တော်သို့ မေးခွန်းမေးတင်ပြခဲ့ရာ NLD အစိုးရမှ စသုံးလုံးနှင့် ပြည်ထောင်စုစာရင်းစစ်ဋ္ဌာနတို့၏ အကူအညီဖြင့် စုံစမ်းစစ်ဆေးခဲ့ရာ ယခင်အစိုးရလက်ထက်က မကွေးတိုင်းအတွင်း ရေနံမှော်များရှိ လက်ယက်တွင်းများမှရရှိခဲ့သော ငွေပေါင်းကျပ်သန်း ၇၀၀၀ ကျော်အထိရှိခဲ့သည်ဟု ပေါ်ပေါက်ခဲ့သည်။

ယင်းငွေများအနက် ငွေကျပ်သန်း ၃၀၀၀ ကျော်ကို မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီနှင့် အသင်းအဖွဲ့နှစ်ခုအတွက် အသုံးပြုခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့ရာလက်ရှိ တိုင်းအစိုးရအဖွဲ့သို့ ပြန်လည်ပေးအပ်ရန် နိုင်ငံတော်သမ္မတရုံးက ၂၀၁၇ ခုနှစ် ဧပြီ ၈ ရက်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ထဲရေးဌာနသို့ အကြောင်းကြားစာပေးပို့ခဲ့သည်။ ယင်းအကြောင်းကြားစာကိုလက်ရှိ မကွေးတိုင်းအစိုးရအဖွဲ့က ယခင်ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေထံ ဧပြီ ၂၆ ရက်က အကြောင်းကြားခဲ့ရာ ၎င်းက ဧပြီ ၂၇ ရက်ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံး အကြောင်းကြားစာပါ ငွေနှင့်ပစ္စည်းများအား အရစ်ကျပေးသွင်းပါမည်ဟု အကြောင်းပြန်ခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေမှ လက်ရှိမကွေးတိုင်းအစိုးရအဖွဲ့သို့ အကြောင်းပြန်ခဲ့သည့်စာတွင် နံပါတ်စဉ်နှစ်ခုပါရှိခဲ့ကြောင်းသိရပြီး နံပါတ်စဉ် (၁) အပိုဒ်ခွဲ (က) တွင် နိုင်ငံတော်သမ္မတရုံး၏ အကြောင်းကြားစာ အပိုဒ် (ခ) ၌ ဖော်ပြပါရှိသည့် ပစ္စည်းများနှင့်စပ်လျဉ်း၍ ၂၀၁၇ ခုနှစ် ဧပြီ ၃၀ ရက်ကိုနောက်ဆုံးထားပြီး ပြန်လည်လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ပါသည်ဟုလည်းကောင်း၊ အပိုဒ်ခွဲ (ခ) နှင့် အပိုဒ်ခွဲ (ဂ) တို့တွင် နိုင်ငံတော်သမ္မတရုံး အကြောင်းကြားစာပါ အပိုဒ် (ဂ) ၌ ဖော်ပြထားသည့် ငွေကျပ် ၁ ဒသမ ၅၇ ဘီလျံကျော်အနက် ငွေကျပ်သိန်း ၅၀၀၀ အား မေလပထမပတ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပထမအရစ်အနေဖြင့် ပေးသွင်းသွားမည်ဖြစ်ပြီး ကျန်ရှိငွေများမှာ လုပ်ငန်းလည်ပတ်လျက်ရှိပါသောကြောင့် ပြန်လည်ကောက်ခံပြီးနောက် ၂၀၁၇ ခုနှစ် ဇူလိုင်လနောက်ဆုံးပတ်မတိုင်မီ ပေးသွင်းသွားမည် ဖြစ်ပါသည်ဟုလည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အကြောင်းကြားစာ အပိုဒ် (က) တွင်ဖော်ပြထားသည့် ငွေကျပ် ၁ ဒသမ ၇ ဘီလျံအား ၂၀၁၇ ခုနှစ်နောက်ဆုံးပတ်မတိုင်မီ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ပေးသွင်းသွားမည် ဖြစ်ပါသည်ဟုလည်းကောင်း၊ အပိုဒ် (၂) တွင် အထက်ပါငွေများ၊ ယာဉ်ယန္တရားများ ပြန်လည်လွှဲပြောင်းပေးအပ်မှုအား မိမိကိုယ်စားလှယ်အဖြစ် ရွှေသုခအသေးစားငွေရေးကြေးရေး လုပ်ငန်းဥက္ကဋ္ဌ ဦးကြည်ထွန်း မှတ်ပုံတင်အမှတ် (၁၃။ မမတ (နိုင်) ၀၈၂၀၉ ၅) မှ ဆက်သွယ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဟုလည်းကောင်းပါရှိကြောင်း သိရသည်။

ယင်းသို့အကြောင်းပြန်သည့်အတိုင်း ထိုငွေများအနက်မှ ကျပ်သန်း ၃၀၀၀ ကျော်နှင့်ကားများ၊ ပဲ့ထောင်ရေယာဉ်များကို မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီနှင့် အသင်းအဖွဲ့နှစ်ခုအတွက် အသုံးပြုခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထို့ကြောင့် ယင်းငွေကျပ်သန်း ၃၀၀၀ ကျော်နှင့်ပစ္စည်းများအား လက်ရှိတိုင်းအစိုးရအဖွဲ့သို့ ပြန်လည်ပေးအပ်ရန် နိုင်ငံတော်သမ္မတရုံးက ဧပြီ ၈ ရက်က မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ပြည်ထဲရေးဌာနသို့ အကြောင်းကြားစာပေးပို့ခဲ့ကြောင်း ယင်းစာပါအချက်များအား မကွေးတိုင်းအစိုးရအဖွဲ့က ဧပြီ ၂၆ ရက်နေ့တွင် ယခင်မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနှင့် တာဝန်ရှိသူများထံ အကြောင်းကြားစာပေးပို့ခဲ့ကြောင်း ထို့နောက် ဧပြီ ၂၇ ရက်ရက်စွဲဖြင့် ဦးဘုန်းမော်ရွှေက ပစ္စည်းနှင့်ငွေများကို အရစ်ကျပြန်လည်ပေးသွင်းပါမည်ဟု အကြောင်းပြန်ခဲ့ပြီး ဧပြီ ၂၉ ရက်က ကားလေးစီးနှင့် ဘက်ဟိုးလုပ်ဒါတစ်စီးတို့ကို ပထမဆုံးပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် လေးကြိမ်ခွဲ၍ အရစ်ကျပြန်လည်ပေးသွင်းခဲ့ရာ နောက်ဆုံးအရစ်အဖြစ် ဇူလိုင် ၃၁ ရက်က နောက်ဆုံးအရစ်ကျန်ငွေ ကျပ်ငွေသန်းပေါင်း ၅၇၀ ပေးသွင်းခဲ့ကြောင်း သိရသည်။ထို့ကြောင့် ပြည်ထောင်စုအစိုးရမှ ညွှန်ကြားခဲ့သည့် ကျပ်ငွေသန်းပေါင်း ၃၂၇၀ (သိန်းပေါင်း ၃၂၇၀၀)ကို လက်ရှိအစိုးရမှရရှိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရမှ ညွှန်ကြားခဲ့သည့် ကျပ်သန်း ၃၀၀၀ ကျော်အနက် စာရင်းပေါ်ပေါက်သည့် ကျန်ကျပ်သန်း ၄၀၀၀ ကို မည်သည့်နေရာတွင် မည်သို့အသုံးပြုခဲ့သည်ဟုသိရှိနိုင်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ညွှန်ကြားချက်၊ တာဝန်ပေးချက်အရ တိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ခွန်တန် (ခ) ဇာတ်လိုက်နှင့် အံ့သြမှင်တက်စေသော ပန်းဦးလွှတ်ပြဿနာ

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ခွန်တန် (ခ) ဇာတ်လိုက်ဆိုသူ၏ ဓာတ်ပုံများ

မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု အလံတစ်ရာသာသနာပြုနယ်မြေတွင် ဘာသာရေးကိုအခြေခံပြီး အသက် ၁၄ နှစ်၊ ၁၅ နှစ်အရွယ်မိန်းကလေးများကို ပန်းဦးရယူမှုများ ဖြစ်နေကြောင်း၊ တိုင်ကြားသူမရှိသည့်အပြင် တိုင်ကြားရန်ပြောသူကိုပင် ၎င်းတို့က ရန်သူအဖြစ်သတ်မှတ်သည့် အနေအထားမျိုးရှိနေကြောင်း၊ မိဘများကိုယ်တိုင် ဘာသာရေးကိုအကြောင်းပြပြီး ၎င်းတို့၏သမီးကို သိဒ္ဓိတင်သည်ဟု အတွေးဝင်နေကြောင်း သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က အောက်တိုဘာ ၁၇ ရက်က မော်လမြိုင်ရှိ ငွေမိုးဟိုတယ်၌ပြုလုပ်သည့် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှု သတင်းအချက်လက်ဆိုင်ရာ ပူးပေါင်းညှိနှိုင်းမှုအစည်းအဝေးတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ရာမှ ခွန်တန် (ခ) ဇာတ်လိုက်ကိစ္စ လူသိများလာခဲ့သည်။

ဒေါ်ခိုင်ခိုင်လဲ့က “အဲဒီလူရဲ့အမည်က သူတို့ကတော့ ခွန်တန်လို့ခေါ်ပါတယ်။ အသက်က ၂၅ နှစ်ပဲရှိပါသေးတယ်။ အလံတစ်ရာ ဆရာတော်ဘုရားဝင်စားတာပါဆိုပြီး အမျိုးသမီးလေးတွေကိုဖြစ်တာပါ။ အပျိုဖြစ်တာနဲ့ ပန်းဦးလွှတ်တဲ့ အလေ့အကျင့်သထုံမှာ၊ မွန်ပြည်နယ်ထဲမှာဖြစ်နေပါတယ်။ ဒီအဖြစ်ပျက်ဟာ ပြီးခဲ့တဲ့အစိုးရငါးနှစ်သက်တမ်းမှာလည်း ဖြစ်ခဲ့တာပါ။ အစိုးရဌာနဆိုင်ရာတွေက ကိုင်တွယ်ဖို့နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြပါတယ်။ အခုကျွန်မနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်တို့ ဒီကိစ္စကိုဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။ မိန်းကလေးတွေကိုလည်း စည်းရုံးနေပါတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

“၁၄ နှစ်၊ ၁၅ နှစ်၊ ၁၆ နှစ်မိန်းကလေးတွေကို အစ်မကိုယူပြီးရင် ညီမကိုယူပါတယ်။ ဒီရွာမှာပဲ လမ်းလေးခွဆုံမှာ မင်္ဂလာဆောင်ပါတယ်။ ဆက်တိုက်ကိုယူပါတယ်။ သုံးယောက်ရှိရင် သုံးယောက်လုံးယူပါတယ်။ ဒီဖြစ်စဉ်ဟာ သထုံမြို့နယ်မှာဖြစ်နေလားလို့ မေးရင်၊ ဖြစ်နေပါတယ်။ ဒါကလူတွေမသိပါဘူး။ လူသိဖို့အင်မတန်မှ အခြေအနေနည်းတဲ့အနေထား ဖြစ်ပါတယ်။ ကျွန်မတို့က အခုတော့ ပထမဆုံးအနေနဲ့ တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

အောက်တိုဘာ ၂၄ ရက်တွင် ခွန်တန် (ခ) ဇာတ်လိုက်အပါအ၀င် ခုနစ်ဦးအား သထုံမြို့မရဲစခန်း၌ အုပ်ထိန်းမှုအောက်တွင်ရှိသော အသက်မပြည့်သေးသည့် မိန်းကလေးအား ခိုးယူပေါင်းသင်းမှုနှင့် အားပေးကူညီမှုများဖြင့် နစ်နာသူအမျိုးသမီးတစ်ဦး၏ ဖခင်ဖြစ်သူက အမှုဖွင့်လှစ်ခဲ့သည်။

“ခွန်တန် (ခ) ဇာတ်လိုက်နဲ့ပတ်သက်ပြီး အောက်တိုဘာ ၂၄ ရက်က နစ်နာသူအမျိုးသမီးတစ်ဦးရဲ့ဖခင်က လာရောက်အမှုဖွင့်လှစ်ထားပါတယ်။ ၃၆၃/ ၃၆၆/ ၁၁၄ အရ အမှုလက်ခံထားပါတယ်။ အဓိပ္ပာယ်ကတော့ အလိုမတူဘဲ အသက်မပြည့်သေးတဲ့မိန်းကလေးကို ခိုးယူပေါင်းသင်းတာနဲ့ အားပေးကူညီတဲ့အဓိပ္ပါယ်ပါပဲ။ ခွန်တန် (ခ) ဇာတ်လိုက်နဲ့ လှထွန်း၊ သန်းလေး၊ ၀င်းဗိုလ်၊ အောင်မြတ်စိုး၊ ဆင်ကြီးနဲ့ မောင်ခင်တို့ခုနစ်ဦးကို အမှုဖွင့်ထားပါတယ်” ဟု သထုံမြို့မရဲစခန်းမှူး ဒုရဲမှူး မောင်မောင်က ပြောကြားသည်။

ခွန်တန် (ခ) ဇာတ်လိုက်နှင့်ပတ်သက်၍ တိုင်ကြားမှုကို နိုဝင်ဘာ ၆ ရက်က မွန်ပြည်နယ် လွှတ်တော်အမျိုးသမီးရေးရာနှင့် ကလေးသူငယ်များ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီက သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာနေသူ အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ ထွက်ဆိုချက်များကို မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်လွှတ်တော်တွင် ကြားနာခဲ့သည်။

ကြားနာမှုအပြီးတွင် မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးရေးရာနှင့် ကလေးသူငယ်များ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က မိမိတို့သည် လွှတ်တော်က တာဝန်ပေးထားသည့် ကော်မတီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်အတိုင်း ဆောင်သွားမည်ဖြစ်ကြောင်း၊ ယနေ့တွင်တိုင်ကြားသူများ၏ နှုတ်ထွက်စကားကို နားထောင်ခြင်းဖြစ်ကြောင်း၊ တိုင်သူများက တိတိကျကျတိုင်တန်ပြီး တိုင်ကြားသည့်အပေါ်တွင်လည်း တာဝန်ယူကြောင်း၊ လွှတ်တော်အပိုင်းအနေဖြင့် လုပ်သင့်လုပ်ထိုက်သည့် စုံစမ်းစစ်ဆေးရမည့်အပိုင်း ဆောင်ရွက်ပြီးပါက အစီရင်ခံစာရေးသားပြီး၊ အစီရင်ခံစာကို ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာ အခြားသောဝန်ကြီးဌာနကို ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု အလံတစ်ရာကျေးရွာရှိ အလံတစ်ရာ သာသနာ့နယ်မြေ၌ ဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) အဖွဲ့မှ ညွှန်ကြားလာပါက သာသနာသန့်ရှင်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် သံဃာမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ၀ိစိတ္တသာရက မိန့်ကြားတော်မူသည်။

“ဆရာတော်တို့အနေနဲ့က ညွှန်ကြားချက်မရှိရင် ဘာမှလုပ်လို့မရဘူး။ မဟနအဖွဲ့က ဆုံးဖြတ်ချက်က အဓိကဖြစ်သွားပြီး။ လူပိုင်းဆိုင်ရာတော့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးက သူတို့အရေးယူဆောင်ရွက်သွားလိမ့်မယ်ဆိုတာကို ကြေညာထားတယ်” ဟု ဆရာတော်က မိန့်ကြားတော်မူသည်။

သို့သော်လည်း အလံတစ်ရာသာသနာ့ပြုနယ်မြေအတွင်း ပန်းဦးလွှတ်သည်ဆိုသည့်ကိစ္စနှင့် ဆက်စပ်၍ ခွန်တန် (ခ) ဇာတ်လိုက်နှင့် လှထွန်း၊ သန်းလေး၊ ၀င်းဗိုလ်၊ အောင်မြတ်စိုး၊ ဆင်ကြီးနှင့် မောင်ခင်တို့ခုနစ်ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၆၆/၁၁၄ အရ အမှုဖွင့်လှစ်ထားသည့် အခြေအနေသာရှိသေးပြီး ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

ငွေလဲကောင်တာအတွင်း သေနတ်ဖြင့် ခြိမ်းခြောက်လုယက်မှုအပါအ၀င် ရန်ကုန်မြို့မှ မင်းမဲ့စရိုက်ဆန်ဆန် လုယက်မှုများ

Farmer Money Changer တွင် နှာခေါင်းစည်းတပ် အမျိုးသားတစ်ဦး သေနတ်ဖြင့်ခြိမ်းခြောက် ပစ်ခတ်မှုဖြစ်ပွားအပြီး ရဲတပ်ဖွဲ့က လုံခြုံရေး ရယူထားစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၇ ခုနှစ်အတွင်း မရမ်းကုန်းမြို့နယ်ရှိ ငွေလဲကောင်တာတစ်ခုတွင် နံနက်အစောပိုင်းမှာပင် ဖြစ်ပွားခဲ့သည့် အမျိုးသားနှစ်ဦးက သေနတ်ဖြင့်ချိန်ရွယ်၍ ငွေများခြိမ်းခြောက်လုယက်မှုဖြစ်စဉ်အပါအ၀င် အခြားမင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့လုယက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်အတွက်၂၀၁၇ ခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် ဖော်ပြအပ်ပါသည်။

မရမ်းကုန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လုယက်မှုဖြစ်စဉ်မှာ ယင်းမြို့နယ် အမှတ် (၅) ရပ်ကွက် ပြည်လမ်းနှင့် ယိုးဒယားလမ်းထောင့်ရှိ Farmer Money Changer ဆိုင်အတွင်းသို့ သြဂုတ် ၅ ရက် နံနက် ၈ နာရီခွဲခန့်က အမျိုးသားနှစ်ဦးရောက်ရှိလာပြီး အမေရိကန်ဒေါ်လာ ၃၀ ကို မြန်မာငွေဖြင့်လဲပေးရန် ပြောဆိုပြီးနောက် ၎င်းတို့နှစ်ဦးအနက်တစ်ဦးက သေနတ်ထုတ်၍ချိန်ရွယ်ကာ ငွေလဲကောင်တာတံခါး ဖွင့်ခိုင်းခဲ့ကြောင်း သိရသည်။

ယင်းသို့ဖွင့်ခိုင်းနေစဉ် ဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ဦးမှာ ဆိုင်အတွင်းမှထွက်ပြေးစဉ် သေနတ်ဖြင့်ပစ်ခတ်၍ ကျည်ဆန်မှာ ဆိုင်အတွင်းရှိ ပန်းချီကားကိုထိမှန်ပြီးနောက် အဆိုပါအမျိုးသားနှစ်ဦး ဆိုင်အတွင်းမှ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှ ၎င်းတို့အသုံးပြုခဲ့သည့် ကျည်ဆန်အပါအ၀င် အခြားပစ္စည်းခြောက်မျိုး ထည့်ထားသည့်အိတ်ကို သြဂုတ် ၆ ရက်တွင် ကမာရွတ်မြို့နယ် အင်းလျားကန်ပေါင်ရှိ အမှိုက်ပုံးတစ်ခုအတွင်းမှ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက တွေ့ရှိသိမ်းဆည်းရမိကာ ရဲတပ်ဖွဲ့သို့ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ထို့နောက် ရဲတပ်ဖွဲ့က သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများနှင့်ဆက်စပ်၍ ကျူးလွန်သူအားစုံစမ်းရာ ကျူးလွန်သူမှာ လှည်းကူးမြို့နယ်နေ ပြည့်ဖြိုးသူဖြစ်ကြောင်းသိရပြီး ကျူးလွန်စဉ်အသုံးပြုသည့် ဆိုင်ကယ်မှာ ယင်းမြို့နယ်နေ ဇော်ဟိန်းထက်ဆိုသူ၏ ဆိုင်ကယ်ဖြစ်ကြောင်း၊ အဆိုပါဆိုင်ကယ်ကို တစ်ရက်လျှင် ကျပ်တစ်သောင်းဖြင့် ငှားရမ်းထားကြောင်း စသည့်အချက်အလက်များကို ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့သည်။

ဖြစ်စဉ်မှ ကျူးလွန်သူဖြစ်သည့် သေနတ်ကိုင်ဆောင်သူ ပြည့်ဖြိုးသူကို ရဲတပ်ဖွဲ့က သြဂုတ် ၃၀ ရက်တွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဘဇာချောင်းကျေးရွာရှိ ကျောက်စိမ်းမြေစာပုံ ပျံကျအလုပ်သမားတဲအတွင်းမှ ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်ရာတွင်ပါဝင်သည့် မကွေးမြို့နယ်နေ ကျော်ကျော်ခိုင်ဆိုသူအား စက်တင်ဘာ ၉ ရက်တွင် မကွေးမြို့ အဝေးပြေးကားကြီးဝင်းအတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖြစ်သည့် သေနတ်နှင့် ကျည်ဆန်များရောင်းချသူ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်နေ စောမြတ်သူနှင့် သေနတ်ဝယ်ယူရာတွင် လိုက်ပါခဲ့သည့် မင်းဟန်ဆိုသူကို စက်တင်ဘာ ၅ ရက်တွင် ထားဝယ်မြို့၌ ဖမ်းဆီးရမိကြောင်းသိရပြီး ကျူးလွန်ရသည့်အကြောင်းရင်းမှာ ပြည့်ဖြိုးသူမှာ ဆိုင်ကယ်နှင့်အပိုပစ္စည်းများ ၀ယ်ယူရောင်းချရန် ငွေကြေးလိုအပ်မှု၊ ကျော်ကျော်ခိုင်မှာ ဖဲကြွေးအပါအ၀င် အခြားအကြွေး သိန်း ၁၀၀ ကျော်ပေးရန်ရှိသဖြင့် နှစ်ဦးတိုင်ပင်၍ ငွေများလုယက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ၂၀၁၇ ခုနှစ် ဇွန် ၁၈ ရက်မွန်းလွဲပိုင်းက ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်ရှိ လေယာဉ်လက်မှတ်အရောင်းဌာနတစ်ခုတွင် မျက်နှာဖုံးတပ်လူငယ်နှစ်ဦးက ကြိုးတုပ်ခြိမ်းခြောက်လုယက်မှုတစ်ခု ကျူးလွန်ခဲ့ကြောင်း သိရသည်။

ယင်းအမှုမှာ အရောင်းဌာနတွင် အလုပ်လုပ်ကိုင်သည့် မပိုးပွင့်ဖြူမှာ ဆိုင်အတွင်း တစ်ဦးတည်းရှိနေစဉ် မျက်နှာဖုံးတပ် လူငယ်နှစ်ဦးရောက်ရှိလာပြီး လေယာဉ်လက်မှတ်စုံစမ်းဟန်ပြုကာ မပိုးပွင့်ဖြူ၏မျက်နှာကို ပ၀ါဖြင့်အုပ်ပြီး ပါးစပ်နှင့်မျက်နှာကို တိပ်ဖြင့်ပတ်ကာ ခြေထောက်နှင့်လက်ကို ကြိုးဖြင့်တုပ်ပြီး ၎င်းဝတ်ဆင်ထားသည့် စိန်လက်စွပ်တစ်ကွင်း၊ ရွှေဟန်းချိန်းတစ်ခုနှင့် ကုမ္ပဏီရုံးခန်းအတွင်းရှိ အံဆွဲအတွင်းမှ ကျပ်သိန်း ၇၀ ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးစစ်ဆေးရာ အခင်းဖြစ်ပွားသည့်နေ့၌ ယင်းဆိုင်မှ ၀န်ထမ်းတစ်ဦးဖြစ်သူ မြတ်သီဟထွန်းဆိုသူမှာ ကုမ္ပဏီသို့အလုပ်မလာကြောင်းနှင့် CCTV မှတ်တမ်းထဲတွင် လုယက်မှုကျူးလွန်ခဲ့သည့် လူနှစ်ဦးအနက်တစ်ဦးမှာ မြတ်သီဟထွန်းနှင့် ပုံစံတူကြောင်းတွေ့ရှိသဖြင့် ၎င်းအား ဖမ်းဆီးရမိရေးဆောင်ရွက်ရာ ယင်းနေ့ညနေပိုင်းတွင် ၎င်းနေထိုင်သည့် တာမွေမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးရာ အဆိုပါအမှုကို ၎င်းနှင့် သူငယ်ချင်းဖြစ်သူ ဇွဲမာန်တို့နှစ်ဦး ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဇွဲမာန်ကို ဇွန် ၁၉ ရက်တွင် ၎င်းနေထိုင်ရာ တာမွေမြို့နယ်အတွင်း ဖမ်းဆီးရမိပြီး ကျူးလွန်ရသည့်အကြောင်းရင်းမှာ ငွေကြေးအခက်အခဲရှိသည့်အတွက်ကြောင့်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လုယက်မှုများနည်းတူ ရန်ကုန်မြို့အတွင်း ဖွင့်လှစ်ထားသည့် g & g စတိုးဆိုင်များအတွင်းဝင်ရောက်ကာ အရောင်းဝန်ထမ်းများကို ဓားထောက်ခြိမ်းခြောက်၍ ဆိုင်အတွင်းရှိ ငွေများနှင့် အရောင်းဝန်ထမ်းများထံမှ ရွှေထည်ပစ္စည်း၊ ဖုန်းတို့ လုယက်မှုဖြစ်စဉ်အချို့လည်း ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်အချို့မှာ မတ် ၁၈ ရက်နံနက်အစောပိုင်းက အလုံမြို့နယ် ဌာနရပ်ကွက် ငုဝါလမ်းထိပ်၌ဖွင့်လှစ်ထားသည့် g & g စတိုးဆိုင်အတွင်းသို့ အမျိုးသားငါးဦးဝင်ရောက်ပြီး အရောင်းဝန်ထမ်းအမျိုးသမီးကို ဓားထောက်ကာ ဆိုင်အတွင်းရှိ ရောင်းရငွေများ၊ ဖုန်းငွေဖြည့်ကတ်များနှင့် လက်ကိုင်ဖုန်းလုယက်မှု၊ ဇူလိုင်လအတွင်းက မရမ်းကုန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ g & g စတိုးဆိုင်တစ်ဆိုင်အတွင်းသို့ အမျိုးသားသုံးဦးဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်းကို ဓားထောက်ကာ စတိုးဆိုင်အတွင်းရှိငွေများ လုယက်မှုတို့ဖြစ်ပွားခဲ့သည်။

ထို့ပြင် သြဂုတ်လအတွင်းက စမ်းချောင်းမြို့နယ် စမ်းချောင်း (မြောက်) ရပ်ကွက် စမ်းချောင်းလမ်းရှိ g & g စတိုးဆိုင်တစ်ဆိုင်အတွင်းသို့ အမျိုးသားလေးဦးဝင်ရောက်လာပြီး ၀န်ထမ်းဖြစ်သူကို ဓားထောက်ကာ ဆိုင်အတွင်းရှိငွေများနှင့် အရောင်းဝန်ထမ်း၏ ရွှေလက်စွပ်နှင့် ဖုန်းလုယက်မှု၊ မရမ်းကုန်းမြို့နယ် အင်းစိန်လမ်းနှင့် ဦးရေခဲလမ်းထောင့်ရှိ g & g စတိုးဆိုင်အတွင်းသို့ အမျိုးသားလေးဦး ၀င်ရောက်လာပြီး အရောင်းဝန်ထမ်း အမျိုးသမီးနှစ်ဦးကို ဓားဖြင့်ထောက်၍ ဆိုင်အတွင်းရှိငွေများနှင့် အရောင်းဝန်ထမ်းနှစ်ဦးထံမှ ရွှေထည်ပစ္စည်းများလုယက်မှု၊ မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက် ကျန်စစ်သားလမ်းရှိ g & g စတိုးဆိုင်တစ်ဆိုင်အတွင်းသို့ အမျိုးသားငါးဦး ၀င်ရောက်လာပြီး ဆိုင်ဝန်ထမ်းနှစ်ဦးကို ဓားဖြင့်ထောက်၍ ဆိုင်အတွင်းရှိ ဈေးရောင်းရငွေများလုယက်မှု စသည့်လုယက်မှုတို့ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များမှ ကျူးလွန်သူအချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားခဲ့သည့် လုယက်မှုများနည်းတူ ဇွန် ၁၉ ရက် ည ၉ နာရီခန့်က စမ်းချောင်းမြို့နယ် ပြည်သူ့ရင်ပြင်ရှေ့တွင် လမ်းလျှောက်လာသူ အမျိုးသားနှစ်ဦးကို လူလေးဦးက ထိုးကြိတ်ပြီး ဖုန်းလုယက်မှု၊ ဇူလိုင် ၄ ရက် နံနက် ၁၀ နာရီခန့်က မြောက်ဒဂုံမြို့နယ် (၃၈) ရပ်ကွက် ခရေလမ်းပေါ်တွင် ဘဏ်မှငွေထုတ်ပြီးပြန်လာသူ အမျိုးသမီးတစ်ဦးထံမှ ပိုက်ဆံအိတ်ကို ဆိုင်ကယ်ဖြင့်လူနှစ်ဦးက လုယက်ထွက်ပြေးမှု၊ ဇူလိုင် ၈ ရက်ညပိုင်းက လှည်းကူးမြို့နယ်တွင် အမျိုးသားနှစ်ဦးက ဆိုင်ကယ်ကယ်ရီငှား၍ တစ်နေရာအရောက်တွင် ကယ်ရီသမားကိုသတ်ကာ ဆိုင်ကယ်လုယက်မှုတို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာ ၅ ရက် နံနက် ၁ နာရီခန့်က ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်လမ်း ရတနာလမ်းဆုံအနီးတွင် ကားငှားစီးလာသူသုံးဦးက ယာဉ်မောင်းကို ဓားဖြင့်ထောက်ကာ ငွေများလုယက်မှု၊ စက်တင်ဘာ ၁၇ ရက် နံနက် ၂ နာရီခန့်က ဒလမြို့နယ် ၁၁ ကွေ့တွင် ဆိုင်ကယ်ကယ်ရီမောင်းသူအား လူလေးဦးက တုတ်ဖြင့်ရိုက်ကာ ဆိုင်ကယ်လုယက်မှု၊ အောက်တိုဘာ ၁ ရက် နံနက် ၃ နာရီခန့်က လှိုင်မြို့နယ် ပါရမီလမ်းမီးရထားသံလမ်းအနီးတွင် အငှားယာဉ်မောင်းက ခရီးသည်အမျိုးသမီးထံမှ ရွှေဆွဲကြိုးလုယက်မှု၊ အောက်တိုဘာ ၆ ရက် နံနက် ၂ နာရီခန့်က လှိုင်သာယာမြို့နယ် ဗိုလ်အောင်ကျော်လမ်းတွင် ဈေးရောင်းချနေသော အမျိုးသမီး၏ဆွဲကြိုးကို ဈေးဝယ်လာသူက လုယက်ထွက်ပြေးမှု၊ အောက်တိုဘာ ၂၄ ရက် ည ၈ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ် ညဈေးအနီးတွင် အငှားယာဉ်မောင်းနှင့် အပေါင်းပါတစ်ဦးက ခရီးသည်အမျိုးသမီးကို သံအချွန်ဖြင့်ထောက်ပြီး ရွှေထည်ပစ္စည်းနှင့် ဖုန်းလုယက်မှုတို့ဖြစ်ပွားခြင်းတို့ ဆက်တိုက်ဆိုသလိုဖြစ်နေခြင်းကြောင့် တရားဥပဒေစိုးမိုးရေးသည် မည်သူတွေအတွက် ရှင်သန်နေရသနည်းဟု ပြည်သူတို့အကြား ဝေဖန်သုံးသပ်မှုများရှိနေသည်။

YBS ၏ အဆိုးရွားဆုံးယာဉ်တိုက်မှုအပါအ၀င် လူအများအပြားသေဆုံးခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်များ

လူအများဆုံး သေဆုံးခဲ့သည့် YBS ၅၅ ယာဉ်လိုင်း ယာဉ်တိုက်မှုဖြစ်စဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ- Htin lin Aung- Facebook)

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုများစွာ ဖြစ်ပွားခဲ့သည့်အနက် ယာဉ်မောင်း၏ပေါ့ဆမှု၊ စည်းကမ်းမဲ့မောင်းနှင်မှုများနှင့် မဆင်မခြင်မောင်းနှင်မှုများကြောင့်ဖြစ်ပွားသော ယာဉ်တိုက်မှုအများဆုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့တွင် ပြည်သူများ အားထားမှီခိုနေရသည့် YBS ခရီးသည်တွင် ယာဉ်တိုက်မှုများကြောင့် လူသေဆုံးမှုများအပါအ၀င် စည်းကမ်းမဲ့ယာဉ်မောင်းများကြောင့် လူသေဆုံး၊ ဒဏ်ရာရရှိမှုများကို ၂၀၁၇ ခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် ဖော်ပြလိုက်ပါသည်။

YBS ယာဉ်တိုက်မှုများအနက် လူအများအပြားသေဆုံးဒဏ်ရာရရှိခဲ့ပြီး ပြည်သူများ ထိတ်လန့်တုန်လှုပ်ခဲ့သော ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခုမှာ ၂၀၁၇ ခုနှစ် ဇူလိုင် ၈ ရက်ညနေပိုင်းတွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ပျဉ်းမပင်ကျေးရွာအုပ်စုအနီး ပြည်လမ်းအတိုင်း မှော်ဘီဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော YBS (၅၅) ယာဉ်တစ်စီးသည် ရွှေညောင်ပင်ဘိုးဘိုးကြီး နတ်နန်းဟောင်းအနီး အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီးနောက် YBS (၃၇) ယာဉ်တစ်စီးနှင့် မျက်နှာချင်းဆိုင်တိုက်ခဲ့သည်။ ယင်းနောက် YBS (၅၅) ယာဉ်သည် YBS (၃၇) ယာဉ်ကိုတိုက်ပြီးနောက် ၀ဲဘက်ခြမ်းလမ်းနံဘေးတွင် ကာထားသည့် သံပေါင်တန်းအား ထပ်မံတိုက်မိခဲ့သည်။

ထိုသို့ YBS (၅၅) ခရီးသည်တင်ယာဉ်နှင့် YBS (၃၇) ခရီးသည်တင်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသော ခရီးသည် ၁၀ ဦးကျော်သေဆုံးခဲ့ပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ယာဉ်နှစ်စီးတိုက်မှုသည် မ.ထ.သ စနစ်ကိုဖျက်သိမ်းအပြီး YBS စနစ်သစ်ဖြင့် ယာဉ်များပြေးဆွဲမှု ခြောက်လခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းယာဉ်တိုက်မှုသည် ၂၀၁၇ ခုနှစ်တွင် ရန်ကုန်မြို့အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများအနက် အဆိုးရွားဆုံး ယာဉ်တိုက်မှုပင်ဖြစ်သည်။ YBS (၃၇) ယာဉ်ကို YBS (၅၅) ယာဉ်က မျက်နှာချင်းဆိုင်ဝင်တိုက်မှုဖြစ်ပွားပြီးနောက် YBS (၅၅) ယာဉ်လိုင်းကို ဖျက်သိမ်းလိုက်ပြီး အခြားယာဉ်လိုင်းတစ်ခု အစားထိုးပြေးဆွဲခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် အနောက်ပိုင်းခရိုင် တက္ကသိုလ်လမ်း သရက်ခြံမှတ်တိုင်အနီးတွင် ကင်တာအမျိုးအစားယာဉ်သည် တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိလာပြီး လမ်းဘေး၌ရပ်ထားသည့် YBS ခရီးသည်တင်ယာဉ်ကို ၀င်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့သည်။

အလားတူ သြဂုတ် ၃၁ ရက်တွင် မင်္ဂလာဒုံမြို့နယ် ပြည်လမ်းကူးစက်ရောဂါဆေးရုံရှေ့၌ YBS (၄၁) ယာဉ်အား ရန်ကုန်-ပဲခူး ခရီးသည်တင်ယာဉ်က အနောက်မှဝင်တိုက်မှုဖြစ်ပွားမှုကြောင့် ခရီးသည်ငါးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အဆိုပါယာဉ်တိုက်မှုသည် ခရီးသည်လုတင်ရင်း ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကမာရွတ်မြို့နယ်တွင် အောက်တိုဘာ ၁၄ ရက်က ဘုရင့်နောင်လမ်းအတိုင်း မောင်းနှင်လာသော YBS (၂၀) ယာဉ်သည် ရေကြောင်းမှတ်တိုင်အနီး၌ အရှေ့မှမောင်းနှင်နေသည့် YBS (၈၅) ယာဉ်ကို အနောက်မှဝင်တိုက်ပြီးနောက် အိမ်ကားတစ်စီးကို ထပ်မံတိုက်ခဲ့ရာ လူလေးဦးဒဏ်ရာရရှိခဲ့သည်။

၂၀၁၇ ခုနှစ် ဇန်န၀ါရီမှ နိုဝင်ဘာအထိ ၁၁ လအတွင်း YBS ယာဉ်များအပါအ၀င် အခြားယာဉ်မတော်တဆမှုစုစုပေါင်း ၂၃၂၅ မှုဖြစ်ပွားခဲ့ရာ ယာဉ်မတော်တဆမှုများကြောင့် လူ ၅၄၅ ဦးသေဆုံးပြီး ၂၉၅၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်နေ့လျှင် ပျမ်းမျှယာဉ်မတော်တဆမှု ခုနစ်မှုဖြစ်ပွားနေပြီး တစ်လလျှင် ယာဉ်မတော်တဆမှု ၂၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်မတော်တဆမှုများကြောင့် တစ်နေ့လျှင် လူတစ်ဦးခွဲနှုန်းဖြင့် တစ်လလျှင် လူ ၄၅ ဦးခန့် ပျမ်းမျှနှုန်းဖြင့် သေဆုံးနေကြောင်း၊ ဒဏ်ရာရရှိမှုမှာ တစ်ရက်လျှင် ကိုးဦးနှုန်းဖြင့် တစ်လလျှင် လူ ၂၇၀ ထိခိုက်ဒဏ်ရာရရှိနေကြောင်း အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း အမြန်လမ်းမကြီးများအပါအ၀င် တစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှု ၁၇၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၈၀၀ ကျော်ရှိကာ တစ်ရက်လျှင် ပျမ်းမျှ ၁၃ ဦးသေဆုံးခဲ့သည်။ ဒဏ်ရာရရှိသူမှာ ၂၀၁၆ ခုနှစ်အတွင်း ၂၇၀၀၀ ကျော်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှ ၇၆ ဦး ဒဏ်ရာရရှိခဲ့သည်။

ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားသည့် ဒေသများမှာ လူဦးရေများပြားပြီး ကား၊ ဆိုင်ကယ် စသည့်ယာဉ်များပေါများသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အဖြစ်များကြောင်း သိရသည်။