အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ၆၁ ခုမှလွဲ၍ ကျန်မည်သည့် စီးပွားရေးလုပ်ငန်းမျှ အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့် မရှိကြောင်း ထုတ်ပြန်

အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ၆၁ ခုမှလွဲ၍ ကျန်မည်သည့် စီးပွားရေးလုပ်ငန်းမျှ အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့် မရှိကြောင်း ထုတ်ပြန်
Published 3 October 2018

အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ၆၁ မှ လွဲ၍ ကျန်မည်သည့် စီးပွားရေးလုပ်ငန်းမျှ အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့် မရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်စွဲ ဖြင့် အမတဟိုး(လ်)ဒင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (AMATA HOLDING PUBLIC Company Limited) နှင့် တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (TMH TELECOM Public Company Limited) နှစ်ခုကို အစုရှယ်ယာ ရောင်းချခွင့်ရှိသော ကုမ္ပဏီအဖြစ် ထုတ်ပြန်ခဲ့သည်။

ယင်းကုမ္ပဏီနှစ်ခု အပါအဝင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ၆၁ ခုမှလွဲ၍ ကျန်မည်သည့် စီးပွားရေး လုပ်ငန်းမျှ အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့် မရှိကြောင်းနှင့် အများပြည်သူသို့ အစုရှယ်ယာ ရောင်းချရန် ထပ်မံခွင့်ပြုသော ကုမ္ပဏီများရှိလာပါက ၎င်းကုမ္ပဏီများ၏ စာရင်းကို ဆက်လက်အသိပေး ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားသော အများနှင့် သက်ဆိုင်သော ကုမ္ပဏီများအနက် အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့်ရှိသော ကုမ္ပဏီ ၅၅ ခု စာရင်းအား ၂၀၁၇ ခု နှစ် သြဂုတ် ၈ ရက်ထုတ် ကြေးမုံသတင်းစာတွင် လည်းကောင်း၊ ထပ်မံ၍ ခွင့်ပြုခဲ့သော ကုမ္ပဏီလေးခု စာရင်းအား ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၇ ရက်ထုတ် ကြေးမုံသတင်းစာတွင် လည်းကောင်း ကြေညာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အစုရှယ်ယာ ရောင်းချခွင့် မရှိသည့် ကုမ္ပဏီများက အွန်လိုင်းအသုံးပြုပြီး အတိုးကြီးပေးမည် ဟုဆိုကာ မက်လုံးပေးခေါ်နေသည့် ဖိတ်ခေါ်မှုများ ရှိနေသဖြင့် ပြည်သူများ အနေဖြင့် အယုံမလွယ်ကြရန် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က သတိပေး ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ကုမ္ပဏီများ အက်ဥပဒေအရ အများပိုင်ကုမ္ပဏီဆိုတိုင်း ရှယ်ယာထုတ်ရောင်းချခွင့် မရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဆိုသည်။

“ကုမ္ပဏီဥပဒေအရ အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ တစ်နည်းအားဖြင့် အများပိုင်ကုမ္ပဏီ မဟုတ်ရင် ရှယ်ယာရောင်းချခွင့် မရှိဘူး။ အများပိုင် ကုမ္ပဏီမှာတောင်မှ ကျွန်တော်တို့က စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ခွင့် ထုတ်ပေးတဲ့ ကုမ္ပဏီတွေကပဲ ရှယ်ယာရောင်းခွင့်ရှိတယ်။ အများပိုင်ကုမ္ပဏီဆိုတိုင်း ရှယ်ယာရောင်းချခွင့် မရှိဘူး။ အများပိုင်ကုမ္ပဏီတွေ ၂၀၀ ကျော်၊ ၃၀၀ နီးပါးလောက်ရှိတယ်။ အဲဒီအထဲမှာ ၆၀ ကျော်လောက်သာ ရှယ်ယာရောင်းခွင့် ပေးထားတယ်။ ကျန်တဲ့ကုမ္ပဏီတွေ ရှယ်ယာရောင်းချခွင့် မရှိပါဘူး” ဟု ဦးအောင်နိုင်ဦးက အတိအလင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် တရားဝင်ရှယ်ယာ ရောင်းချခွင့်ရှိသည့် ကုမ္ပဏီများ၏ စာရင်းကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent