သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ဝင်ရောက်လာမည့် အချိန်အတွက် ကြိုတင်မျှော်မှန်း၍ သီလဝါဇုန်-ဘီ၏ Phase - 3 ကိုဖော်ထုတ်ရန် စီမံချက်များ စတင်ဆောင်ရွက်

သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ဝင်ရောက်လာမည့် အချိန်အတွက် ကြိုတင်မျှော်မှန်း၍ သီလဝါဇုန်-ဘီ၏ Phase - 3 ကိုဖော်ထုတ်ရန် စီမံချက်များ စတင်ဆောင်ရွက်
Published 30 September 2018

MTSH ၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ဥက္ကဋ္ဌဦးဝင်းအောင် အမှာစကားပြောကြားစဉ် (ဓာတ်ပုံ-နီလာ)

သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ဝင်ရောက်လာမည့် အချိန်အတွက် ကြိုတင်မျှော်မှန်း၍ သီလဝါအထူးစီးပွားရေးဇုန် ဇုန်-ဘီ ၏ Phase – 3 ကိုဖော်ထုတ်ရန် စီမံချက်များ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park ၌ ကျင်းပသည့် Myanmar Thilawa SEZ Holdings Public Limited (MTSH) ၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် MTSH ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

“Zone A က ၉၇ ရာခိုင်နှုန်းတောင် ပြည့်မီသွားပြီဆိုတော့ စောင့်နေကြတဲ့ ရင်းနှီးမြှုပ်နှံချင်ကြတဲ့ အခြားအခြားသော စက်ရုံတွေ လာနိုင်ဖို့အတွက် Zone B ကို ကျွန်တော်တို့ ဆက်လက် အကောင်အထည်ဖော် ပါတယ်။ Zone B အတွက် ဟက်တာ ၇၀၀ လျာထားပါတယ်။ အဲဒီဟက်တာ ၇၀၀ ထဲက ဇုန်ဘီရဲ့ First Phase ဆောင်ရွက်နေပါပြီ။ Second Phase ဆက်လက်ဆောင်ရွက်နေပါတယ်။ Third Phase ကိုလည်း ဆက်လက် ဆောင်ရွက်နေပါပြီ” ဟု MTSH ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

ယခုနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ခြောက်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ ၁၂ ဦး၊ ဒေါ်လာသန်း ၁၄၀ ဖိုး ထပ်မံရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ သို့ဖြစ်ရာ ယခင်က ရင်းနှီးမြှုပ်နှံသူ ၈၂ ဦးမှ ဒေါ်လာ သန်း ၁၀၅၀ ရှိခဲ့ရာမှ လက်ရှိတွင် ရင်းနှီးမြှုပ်နှံသူ ၉၄ ဦးနှင့် ဒေါ်လာသန်း ၁၁၉၀ အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန် Zone A တွင် စုစုပေါင်း စက်ရုံမြေကွက်များ၏ ၉၇ ရာခိုင်နှုန်းနှင့် Zone B, First Phase တွင် ၆၁ ရာခိုင်နှုန်းကို ရောင်းချထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း Myanmar Thilawa SEZ Holdings Public Limited (MTSH) ၏ ၂၀၁၇-၂၀၁၈ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် အတွင်းရှိ သီလဝါဒေသတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာအရ တည်ဆောက် အကောင်အထည်ဖော်သည့် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းကို မြန်မာ-ဂျပန် ကုမ္ပဏီများဖြင့် ဖက်စက်ကုမ္ပဏီထူထောင်၍ ပူးပေါင်းလုပ်ကိုင် ခဲ့ခြင်းဖြစ်သည်။

အများပိုင်ကုမ္ပဏီကိုးခုက ဦးဆောင်၍ Myanmar Thilawa SEZ Holdings Public Limited (MTSH) ကို စတင်တည်ထောင်ခဲ့ပြီး Myanmar Thilawa SEZ Holdings Public Limited (MTSH) ကို မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်သည် MTSH ၏ လုပ်ငန်းများသည် အခြားလုပ်ငန်းများနည်းတူ စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရသော နှစ်တစ်နှစ်ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေး တိုးတက်မှုသည် ကမ္ဘာတွင် စီးပွားရေးတိုးတက်မှု အလျင်မြန်ဆုံး ဖြစ်နိုင်သည့် အနေအထားတွင် ရှိနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း မျှော်မှန်းထားသလောက် တိုးတက်မှု မရှိခဲ့ကြောင်း ဦးဝင်းအောင်က ဆိုသည်။

“သီလဝါ အထူးစီးပွားရေးဇုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ယခင်နှစ်ကလောက် မများသော်လည်း ရင်းနှီးမြှုပ်နှံမှုများ  ဆက်လက် ဝင်ရောက်လာနေဆဲ ဖြစ်ပါတယ်။ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အနာဂတ်မှာ ပြန်လည်ဦးမော့လာနိုင်တဲ့ အလားအလာ ကောင်းများနဲ့အတူ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေတယ်လို့ ယုံကြည်ထားပါတယ်” ဟု MTSH ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

 

Most Read

Most Recent