စီးပွားရေးကျဆင်းခြင်း၊ ငွေရေးကြေးရေးဈေးကွက် တည်ငြိမ်မှု မရှိခြင်းများတွင် ပြည်တွင်းပြည်ပ ပညာရှင်များ၏ လုပ်ဆောင်မှုနှင့် အရေခြုံထားသော အလှူရှင်များ၊ ဖောင်ဒေးရှင်းများ စွက်ဖက်ခြင်း ပါဝင်မှု ရှိ မရှိ ပြန်လည်သုံးသပ်ရန် လိုအပ်ဟုဆို

စီးပွားရေးကျဆင်းခြင်း၊ ငွေရေးကြေးရေးဈေးကွက် တည်ငြိမ်မှု မရှိခြင်းများတွင် ပြည်တွင်းပြည်ပ ပညာရှင်များ၏ လုပ်ဆောင်မှုနှင့် အရေခြုံထားသော အလှူရှင်များ၊ ဖောင်ဒေးရှင်းများ စွက်ဖက်ခြင်း ပါဝင်မှု ရှိ မရှိ ပြန်လည်သုံးသပ်ရန် လိုအပ်ဟုဆို
Published 23 September 2018

လက်ရှိမြန်မာနိုင်ငံ ကြုံတွေ့နေရသည့် စီးပွားရေးကျဆင်းခြင်း၊ ငွေရေးကြေးရေးဈေးကွက် တည်ငြိမ်မှု မရှိခြင်းများတွင် ပြည်တွင်း ပြည်ပ စီးပွားရေးပညာရှင်များ၏ လုပ်ဆောင်မှုများနှင့် အရေခြုံထားသော အလှူရှင်များ၊ ဖောင်ဒေးရှင်းများ၏ စွက်ဖက်ခြင်းများ ပါဝင်နေမှု ရှိ မရှိ ပြန်လည်သုံးသပ်ရန် လိုအပ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် လုပ်ဆောင်ခဲ့သူ ဒေါက်တာပွင့်ဆန်းက စက်တင်ဘာ ၂၂  ရက်တွင် ပြောကြားသည်။

NLD အစိုးရ လက်ထက်တွင် အစိုးရကသာ စီးပွားရေး တိုးတက်သည်ဟု ပြောကြားနေသော်လည်း ပြည်သူများနှင့် လုပ်ငန်းရှင်များကမူ စီးပွားရေး ကျဆင်းနေမှုကို လက်ခံယုံကြည် ထားသည့်အပြင် လတ်တလောတွင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာလည်း ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး အဆိုပါ အခြေအနေများမှာ လက်ရှိစီမံခန့်ခွဲနေသူ အစိုးရတွင်သာ တာဝန်ရှိကြောင်း ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

“အစိုးရရဲ့ စီးပွားရေးပေါ်လစီ ဆိုတာကတော့ အရမ်းကျယ်ပြန့်တာပေါ့။ ဒါပေမဲ့  အောင်မြင်မှု မရဘူးဆိုတဲ့ အပိုင်းတော့ ပြောလို့ရတယ်။ မှားတယ်၊ မှန်တယ် ဆိုတာထက် အောင်မြင်မှုမရဘူး ဆိုတာက သူ့ရဲ့ လုပ်ဆောင်ချက်အပေါ် မူတည်ပြီးတော့ အောင်မြင်မှု၊ မအောင်မြင်မှုဆိုတာ ဖြစ်ပေါ်လာတယ်။ ဒါကြောင့်မို့လို့ ဒါတွေ မအောင်မြင်ဘူး ဆိုတာမျိုး ရှိလာတဲ့အခါမှာ ကိုယ့်ရဲ့ ပေါ်လစီကိုပဲ ပြန်သုံးသပ်မလား။ ကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ မှားနေရင် ပြန်တည့်မလား။  ဒါကတော့ တာဝန်ရှိသူတွေရဲ့ တာဝန်ဖြစ်ပါတယ်။ စီးပွားရေး ကျဆင်းတယ်၊ ငွေရေး ကြေးရေး မတည်ငြိမ်ဘူးဆိုတဲ့ နေရာမှာ အကြောင်းရင်း အများကြီး ရှိပါတယ်။ ဘယ်လို အခြေအနေကမှ ဒီလိုမျိုးဖြစ်အောင် တစ်ခုတည်းနဲ့ ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ တစ်ခုနဲ့ တစ်ခု ပေါင်းပြီးဖြစ်တာရှိတယ်။ တစ်ခုနဲ့တစ်ခု ခြုံပြီးတော့ ဖြစ်တာရှိတယ်။ အကြောင်းရင်း တစ်ခုကနေ အဓိကနေရာက ပါဝင်ပြီး ဖြစ်သွားတာရှိတယ်။ အကြောင်းရင်းတွေကို သေသေချာချာ လေ့လာစိစစ်ဖို့လည်း စီမံခန့်ခွဲသူတွေရဲ့ တာဝန်ပဲလို့ ယူဆပါတယ်။ အစိုးရရဲ့ စီမံခန့်ခွဲမှု၊ နောက်တစ်ခါကျတော့ ပူးပေါင်းပါဝင်သူတွေရဲ့ စီမံဆောင်ရွက်မှု၊ စီးပွားရေးကိစ္စတွေ လုပ်ဆောင်ရာမှာ ပြည်တွင်းပြည်ပ ပညာရှင်တွေရဲ့ ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်ကိုင်တွယ်နေသလဲ ဆိုတာတွေ။ နောက်တစ်ခါကျတော့ အရေခြုံထားတဲ့ အလှူရှင်တွေ၊ ဖောင်ဒေးရှင်းတွေရဲ့ ဒါတွေရဲ့ စွက်ဖက်မှုရှိနေသလား ဆိုတာကိုတော့ ကိုယ့်ဘာသာ ပြန်သုံးသပ်ရမှာ ဖြစ်ပါတယ်။ သုံးသပ်ချက်တွေအပေါ် မူတည်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ရမှာတော့ အစိုးရရဲ့တာဝန်ပဲ ဖြစ်ပါတယ်” ဟု  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သူ ဒေါက်တာပွင့်ဆန်းက စက်တင်ဘာ ၂၂ ရက်က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသည်။

ထိုသို့ စီးပွားရေး ကျဆင်းနေခြင်းများ၊ ငွေရေးကြေးရေးဈေးကွက် တည်ငြိမ်မှု မရှိခြင်းများမှာ ရေရှည်အတွက်သာ မဟုတ်ဘဲ လတ်တလော ရေတိုကာလတွင်ပင် ကောင်းမွန်မှု မရှိတော့ကြောင်း ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

“အမေရိကန်ဒေါ်လာ ခိုင်မာမှုနဲ့အတူ ကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ မြန်မာနိုင်ငံက နိုင်ငံအားလုံးထက် ပိုကျဆင်းနေတယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။ တော်တော်လေးကို ပိုကျနေတာပါ။ အခုဆိုရင် ရာခိုင်နှုန်း ၂၀ ကျော်လောက်ကို ကျဆင်းနေတာပါ။ အခုဖြစ်ပေါ်နေတာတွေနဲ့ ပတ်သက်ပြီး အစိုးရပိုင်းအနေနဲ့ လျင်လျင်မြန်မြန်ကို ကိုင်တွယ်ဆောင်ရွက်ဖို့ လိုနေပါပြီ။ အဓိက ကတော့ ဒီအပိုင်းမှာ အစိုးရရဲ့ တုံံ့ပြန်ဆောင်ရွက်မှုတွေက နှေးကွေးပြီးတော့ အခြေအနေ တစ်ခုရောက်အောင် မထိန်းသိမ်းနိုင်တာ တွေ့ရပါတယ်။ စီးပွားရေးဆိုတာ အချိန်နဲ့အမျှ ပြောင်းနေတယ်။ ဈေးဆိုတာ နာရီနဲ့အမျှ ပြောင်းလဲနေပေမယ့် တာဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကတော့ နှေးကွေးနေပြီး ပုဂ္ဂလိကပိုင်းက ကြည့်ရင်တော့ အားရစရာ မရှိဘူး။ အောင်မြင်မှု မရှိဘူးလို့ သုံးသပ်ပါတယ်။ အထူးသဖြင့်တော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စီးပွားရေး လုပ်ငန်းရှင် တွေ့ဆုံပွဲပေါ့ ။ မတွေ့ဆုံခင်မှာတော့ တော်တော်လေး မျှော်လင့်ချက် ကြီးကြပါတယ်။ တွေ့ဆုံပြီးတဲ့နောက်မှာ ငွေရေးကြေးရေး အခြေအနေက ပိုပြီးတော့ ဆိုးလာတာကို တွေ့ရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာပွင့်ဆန်းက ဆိုသည်။

Most Read

Most Recent