ပခုက္ကူနှမ်းဈေးကွက်အတွင်း ယောနှမ်းနက် တစ်တင်း ကျပ် ၈၅၀၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ရောင်းဝယ်ရေး ကာလတစ်လျှောက် အမြင့်ဆုံးဈေးနှုန်း ဖြစ်ကြောင်း သိရ

ပခုက္ကူနှမ်းဈေးကွက်အတွင်း ယောနှမ်းနက် တစ်တင်း ကျပ် ၈၅၀၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ရောင်းဝယ်ရေး ကာလတစ်လျှောက် အမြင့်ဆုံးဈေးနှုန်း ဖြစ်ကြောင်း သိရ
Published 23 September 2018

ဂန့်ဂေါမြို့နယ် အတွင်းရှိ နှမ်းစိုက်ခင်းများကို တွေ့ရစဉ်

ပခုက္ကူ သီးနှံဈေးကွက်အတွင်း ယခုစက်တင်ဘာလတွင် အသစ်ဝင်ရောက်လျက်ရှိသည့် ယောနှမ်းနက် တစ်တင်း ကျပ် ၈၅၀၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ရောင်းဝယ်ရေး ကာလတစ်လျှောက် အမြင့်ဆုံးဈေးနှုန်း ဖြစ်ကြောင်း  ကုန်သည်များထံမှ သိရသည်။

ပခုက္ကူနှမ်းဈေးကွက်အတွင်း ယောဒေသထွက် နှမ်းနက် (စမုန်) နှင့် နှမ်းနက် (ရိုးရိုး) ဟူ၍ နှစ်မျိုးဝင်ရောက်နေပြီး တရုတ်ဝယ်လက်များ ဝယ်ယူနေခြင်းကြောင့် ဈေးနှုန်းစံချိန်တင် မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပခုက္ကူဈေးကွက်ကို အရင်ရက်တွေ ကတော့ နှမ်းနက် အိတ်ရေ ၂၅၀၀ လောက် ဝင်တယ်။ ခုရက်ပိုင်းတော့ အိတ်ရေ ၁၅၀၀ လောက် ဝင်နေသေးတယ် ။ လက်ရှိကတော့ ဈေးကောင်းတယ်။တရုတ်သမား အဓိကဝယ် နေတယ်။ တောင်သူရော ကုန်သည်ရော အတော်ကို အကျိုးရှိတဲ့ နှစ်လို့ ပြောရပါမယ်။ ဈေးကလည်း နေ့စဉ်ဆိုသလို ဆက်တိုက် တက်နေပါတယ်။ ၁၀ စုနှစ်အတွင်းမှာ ဒီလို ဈေးမျိုး တစ်ကြိမ်မှ မဖြစ်ဘူးပါဘူး” ဟု ပခုက္ကူ ကုန်သည် ပွဲစားများအသင်း အတွင်းရေးမှူး ကိုစိန်လွင်က ဆိုသည်။

ပခုက္ကူနှမ်းဈေးကွက်အတွင်း ယခုစက် တင်ဘာ ၂၂ ရက်ဈေးကွက်အရ နှမ်းနက် (စမုန်)တစ်တင်းလျှင် အနိမ့်ဆုံး ကျပ် ၇၉၀၀၀ မှ အမြင့်ဆုံး ကျပ် ၈၅၀၀၀ ပေါက်ဈေးရှိပြီး နှမ်းနက် (ယော) တစ်တင်း ကျပ် ၇၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

ယောနှမ်းထွက်ရှိရာ ဒေသများမှ တောင်သူများမှာ ယခုနှစ် သီးနှံဈေး ကောင်းသော်လည်း သီးနှံစိုက်ပျိုးပြီးနောက် မိုးသည်းထန်စွာ ရက်ရှည်ရွာသွန်းမှုကြောင့် အထွက်နှုန်း လျော့ကျခဲ့ပြီး အကျိုးအမြတ် ခံစားရမှု နည်းပါးကြောင်း သိရသည်။

“ဒီနှစ်က စိုက်ပြီးချိန်မှာ ၁၄ ရက်လောက် မိုးသည်းလိုက်တဲ့တယ်။ တချို့အခင်းတွေဆို အပင်သေသွားလို့ အသစ်ပြန်ကြဲရတယ်။ အထူးသဖြင့် ရိုးရိုးနှမ်းနက်သမားတွေ ပိုပြီးဒုက္ခများတယ်။ နှစ်ခါပြန်စိုက်ရလို့ စိုက်စရိတ် တက်တယ်။ စမုန်နက်ကတော့ ရေဒဏ်မိုးဒဏ် ခံနိုင်လို့ သက်သာသွားတယ်။ ပုံမှန် တစ်ဧက ကို ၁၅ တင်းနဲ့ တင်း ၂၀ ကြားလောက်ထွက် တယ်။ ဒီနှစ် အလွန်ဆုံးကောင်းတဲ့ အခင်းမှ တစ်ဧက ၁၂ တင်းဆိုတာ အလွန်ဆုံးပဲ။ လက်ရှိ ဈေးနှုန်းအရ အထွက်နည်းပေမဲ့ တောင်သူအတွက် မဆိုးပါဘူး” ဟု ဂန့်ဂေါမြို့နယ်မှ တောင်သူ ကျော်ကျော်ထွန်းက ဆိုသည်။

ယောဒေသတစ်ဝိုက် ယခုနှစ်အနည်းငယ်အတွင်း လုပ်သားရှားပါး လာခြင်းကြောင့် ယခင်နှစ်များကဲ့သို့ နေ့စားလုပ်သား ငှားရမ်းရ ခက်ခဲလာပြီး ဧကအလိုက် ပေါင်းသင်ရိတ်သိမ်းစရိတ်ဖြင့် လုပ်ကိုင်လာကြောင်း တောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ယောနှမ်းပေါ်ချိန်တွင် ပခုက္ကူဈေးကွက်အတွင်း ဝယ်လိုအား နည်းပါးခြင်းကြောင့် နှမ်းနက်တစ်တင်း အမြင့်ဆုံး ကျပ် ၅၀၀၀၀ အောက်သာ ပေါက်ဈေးရှိခဲ့ပြီး တောင်သူများမှာ အကျိုးအမြတ် မရှိသလောက် နည်းပါးခဲ့သည်။

ယခုနှစ် စိုက်ပျိုးရာသီတွင် မကွေးတိုင်းအတွင်း ဒေသများမှာ အချိန်အခါမဲ့ မိုးရက်ရှည် ရွာသွန်းမှုကြောင့် ချောင်းရေလျှံခြင်းနှင့် သီးနှံစိုက်ခင်း ပျက်စီးခြင်းများ ကြုံတွေ့လာရပြီး ၂၀၁၇ - ၂၀၁၈ ခုနှစ်ကာလတွင် သဘာဝဘေးကြောင့် စိုက်ပျိုးဧက ၅၀၀၀၀ ကျော် ထိခိုက်ခဲ့ကြောင်း သိရသည်။