ကြက်သွန်စိုက်တောင်သူများ ဈေးထိန်းရောင်းချသဖြင့် မန္တလေးကြက်သွန်နီ ဈေးကွက်တွင် တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ် ၅၀၀ ကျော် ဈေးမြင့်တက်

ကြက်သွန်စိုက်တောင်သူများ ဈေးထိန်းရောင်းချသဖြင့် မန္တလေးကြက်သွန်နီ ဈေးကွက်တွင် တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ် ၅၀၀ ကျော် ဈေးမြင့်တက်
Published 23 September 2018

ကြက်သွန်ပွဲရုံတစ်ခု လုပ်ငန်းခွင်ကို တွေ့ရစဉ်

ယခုနှစ်တွင် ကြက်သွန်စိုက် တောင်သူများ အနေဖြင့် လှောင်စနစ် ပြုလုပ်ကာ ဈေး ထိန်းရောင်းချသွားသဖြင့်  မန္တလေးမြို့တွင် လက်ရှိကြက်သွန်နီဈေးနှုန်းမှာ တစ်ပတ်အ တွင်း ကျပ် ၅၀၀ ကျော် ဈေးမြင့်တက်နေ ကြောင်း  မန္တလေးမြို့ ကြက်သွန်ကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် ကြက်သွန်နီ တစ်ပိဿာလျှင် ထိပ်စ ကျပ် ၁၃၀၀၊ အလတ်စ ကျပ် ၁၁၀၀၊ အောက်စ ကျပ် ၉၀၀ နှင့် တောဈေး ကျပ် ၁၀၀၀ ထိ ရောက်ရှိနေကြောင်း၊ ယခင်နှစ်က လက်ရှိအချိန်တွင် ကြက်သွန်နီတစ်ပိဿာ လျှင် အမြင့်ဆုံး ကျပ် ၂၀၀၀ ခန့်အထိသာ ရောက်ရှိခဲ့ကြောင်း စားဖိုချောင်သီးနှံစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

“မန္တလေး ဈေးကွက်မှာ ထိပ်စ ၁၂၀၀ ၁၃၀၀ ရှိတယ်။ တက်သွားရတဲ့ အကြောင်းက ဧပြီလကစပြီး ကြက်သွန်ဈေးက ကြမ်းခင်းဈေး ၅၀၀ ဖြစ်သွားလိုက်တော့ တောင်သူတွေက သူတို့စိုက်စရိတ်တွေနဲ့ ရှုံးပြီး  အပုပ်အနာအဆာများတဲ့ တောင်သူ၊ စရိတ်မရှိတဲ့တောင်သူ၊ အကြွေးဆပ်ရမည့် တောင်သူတွေက အရမ်းရောင်းပစ်လိုက်တယ်။ အဲဒီအချိန်တုန်းကပေါ့။  ဘယ်လိုဖြစ်လဲဆိုတော့ တချို့တောင်သူကျတော့ ကုန်သည်ကြီးတွေ စကား အသံနားထောင်ပြီး ရောင်းကြတယ်။ ဒီဘက်က ကြက်သွန်ကုန်သည် ပွဲစားတွေကျတော့ ဈေးက အရမ်းပေါနေတော့ ဈေးကွက်မှာ ကြက်သွန် အကျိုးအမြတ် မရှိပေမဲ့ ကိုယ်အလုပ်သမားတွေ အလုပ်အကိုင် အဆင်ပြေရေးအတွက် တစ်ပိဿာ တစ်ဆယ်မြတ်မြတ် ငါးကျပ်မြတ်မြတ်ဆိုပြီး တိုင်းသုံးတိုင်းက ကုန်သည်အများစုက တရုတ်ဘက်ကို နယ်စပ်ကုန်သွယ်ရေး ကနေတစ်ဆင့် ဈေးမရဘဲနဲ့ ဧပြီကနေ သြဂုတ်အထိ ဖြစ်သလို ရောင်းချရတယ်။ ဖြစ်သလို ရောင်းချတော့ ကုန်မထိန်းသိမ်းနိုင်ဘဲနဲ့ တရုတ်ဘက် စီးဆင်းမှုအား ပိုများသွားတာပေါ့။ ပိုများတဲ့ အခါကျတော့ တောင်သူက သူတို့လက်ကျန် ကြက်သွန်ကို ထိန်းနိုင်သွားတယ်။  စိုက်စရိတ် ဘဏ်အကြွေးတွေ ဆပ်တဲ့သူတွေကလည်း ရောင်းချဆပ်ပစ်လိုက်တဲ့ အခါကျတော့ တောင်သူဘက်က ကုန်ပစ္စည်းအပေါ် တောင့်ခံနိုင်တဲ့ဘက် ပြန်ရောက်သွားတယ်” ဟု စားဖိုချောင်သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

“ဒီနှစ် ကုန်သည်တွေက ကြက်သွန်ကို ကြောက်ပြီး မလှောင်ရဲကြဘဲ တောင်သူလက်ထဲမှာပဲ ကြက်သွန်က ထိန်းသိမ်းထားခဲ့ပြီးတော့ အကျိုးအမြတ် အရမ်းနစ်နာနေတဲ့ အခါကျတော့ သူတို့လည်း တစ်ဆယ်ပိုရရ ဆုပ်ကိုင်ထားတဲ့ အခါကျတော့ သြဂုတ်လနောက် ပိုင်းကနေ စပြီးတော့ ဝယ်လိုအား မြင့်တက်လာပြီးတော့ နယ်စုံမှာ ရောင်းစရာမရှိဘူး ဖြစ်သွားတယ်။ တောင်သူက ထိန်းပြီး ရောင်းတော့ ၅၀၀ ကနေ တောက်လျှောက် ကုန်သည် လိုက်ဝယ်ရာကနေ တောင်သူက ၁၀၀၀ ကျမှ ပြန်ထွက်လာတယ်။ အဲလိုဖြစ်သွားတဲ့ ပြဿနာ ကလည်း ကုန်သည်တွေက ဒီနှစ် ကြက်သွန် လှောင်မထားတဲ့အတွက် ဖြစ်သွားတာ လှောင်ထားရင် တောင်သူ ၅၀၀ ကနေ ၆၀၀၊ ၇၀၀ ဈေးခေါ်တောင် ကိုယ်ဆီမှာရှိရင် မဝယ်ဘဲနဲ့ ထုတ်ရောင်းပေးလို့ရတယ်။ ဒီနှစ်ကျတော့ လှောင်ထားတာ ကိုယ်ဂိုဒေါင်ထဲ မရှိတော့ မန္တလေး ရန်ကုန်လို မြို့ကြီးတွေမှာ တစ်နေ့ တစ်နေ့ ငါးသောင်းနဲ့ တစ်သိန်းကြား ရောင်းချနေရတော့ ကုန်က နေ့စဉ်မဝင်နိုင်တော့  တောင်သူခေါ်တဲ့ ဈေးလိုက်ဝယ်ရတော့ ဒီအပတ် ၁၀ ရက်အတွင်း မှာ တစ်ပိဿာ ၅၀၀ လောက် တက်သွားတယ်။ တောဈေးက တစ်ပိဿာ တစ်ထောင်ပေါ့။ မန္တလေး၊ ရန်ကုန်မြို့ကြီးတွေ ဈေးကထိပ်စ ၁၂၀၀၊ ၁၃၀၀ လောက် ဖြစ်သွားတယ်” ဟု စားဖိုချောင်သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။

ပြည်တွင်းကြက်သွန်နီဈေး မြင့်နေချိန်တွင် မြန်မာနိုင်ငံသို့ တရုတ်ကြက်သွန်များ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး  ဈေးနှုန်းချိုသာစွာ ရောင်းချနေသော်လည်း ပြည်တွင်း ကြက်သွန်နီထက် အရည်အသွေး မမီသည့်အတွက်  ဈေးနှုန်းချိုသာသော်လည်း ဈေးကွက်တွင် နေရာမရရှိကြောင်း  မန္တလေးမြို့ ကြက်သွန်ကုန်သည်များက ပြောကြားသည်။

ကြက်သွန်နီကို မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် အဓိကထား အများဆုံး စိုက်ပျိုးကြပြီး လာမည့် နိုဝင်ဘာလခန့်တွင် ကျောက်ဆည် မြစ်သား၊ နွားထိုးကြီးမှ ကြက်သွန်ပေါ်မည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent