မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အိန္ဒိယက အထူးသီးသန့်လိုင်စင်ဖြင့် ဆက်ဝယ်နေသည့်အပြင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် နီပေါတို့မှ အဝယ်လိုက်သဖြင့် မတ်ပဲတစ်တန်လျှင် ကျပ်ငါးသောင်းနီးပါး ဈေးမြင့်တက်

မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အိန္ဒိယက အထူးသီးသန့်လိုင်စင်ဖြင့် ဆက်ဝယ်နေသည့်အပြင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် နီပေါတို့မှ အဝယ်လိုက်သဖြင့် မတ်ပဲတစ်တန်လျှင် ကျပ်ငါးသောင်းနီးပါး ဈေးမြင့်တက်
Published 23 September 2018

ပခုက္ကူမြို့နယ်ရှိ ပဲစင်းငုံစိုက်ခင်းကို တွေ့ရစဉ်(ဓာတ်ပုံ-သက်ထိန်ဝင်း)

မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံက အထူးသီးသန့်လိုင်စင်ဖြင့် ဆက်လက် ဝယ်ယူလျက် ရှိသည့်အပြင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် နီပေါနိုင်ငံတို့မှ အဝယ်လိုက်လာနေပြီး ပြည်တွင်းဈေးကွက်၌လည်း မတ်ပဲဈေးမှာ သြဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ဈေးထက် ကျပ်ငါးသောင်းနီးပါး ဈေးတက်လာကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ သိရသည်။

“အဓိကက ဇွန်လပိုင်းမှာ ထွက်လိုက်တဲ့ အမိန့်ကြော်ငြာစာမှာတော့ မတ်ပဲတန်ချိန် တစ်သိန်းခွဲ၊ ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲ၊ ပဲ စင်းငုံက တန်ချိန်နှစ်သိန်းကို သြဂုတ်လကုန်ပိုင်း နောက်ဆုံးထားပြီး ပစ္စည်းပို့ရမယ်ဆိုပြီး စာထွက်တယ်။ မတ်ပဲက ဇွန်လပိုင်းလလယ်ကနေ သြဂုတ်လပိုင်းလောက် အထိမှာ တန်ချိန်တစ်သိန်းခွဲနီးပါး တင်ပြီးသွားပြီ။ တင်ပြီးတဲ့အချိန်မှာ စက်တင်ဘာလပိုင်း လဆန်းမှာ ဘာထပ်ထွက်လာလဲဆိုတော့ သူတို့ခွဲခြမ်း စက်ရုံတွေကို သီးသန့်လိုင်စင်အနေနဲ့ ထုတ်ပေးတဲ့ ဝယ်ယူခွင့် ထွက်လာတာ တွေ့ရတယ်။ စက်တင်ဘာလပိုင်း ထဲမှာလည်း မတ်ပဲက ဆက်ဝယ်တဲ့အခါ သြဂုတ်လပိုင်းဈေးထက် အခုချိန်မှာ ပိုရတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

“လက်ရှိမှာ မတ်ပဲက FAQ တစ်တန် ကိုငါးသိန်းလောက်သွားတယ်။ သြဂုတ်လပိုင်းမှာ လေးသိန်း၊ လေးသိန်းခွဲပ တ်လည်ပဲ ရှိတယ်။ ပဲစင်းငုံလည်း ထို့အတူပါပဲ။ လေးသိန်းရှစ်သောင်း လောက်ရှိတယ်။ သြဂုတ်လပိုင်းတုန်းက လေးသိန်းငါးသောင်း လောက်ပဲရှိတယ်။ ပြောရရင်တော့ အိန္ဒိယဘက်က တန်ချိန်နှစ်သောင်း၊ တန်ချိန်တစ်သောင်းခွဲ စသည့်ဖြင့် သီးသန့်လိုင်စင်လေးတွေ ထွက်လာတဲ့ အခါကျတော့  သူတို့က ဆက်ဝယ်တာလည်းပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ နီပေါတို့ကလည်း အထိုက်အလျောက် ဝယ်လာတယ်။ အဝယ်များလာတော့ ပြည်တွင်းဈေးလည်း အထိုက်အလျောက် ပြန်တက်လာတယ်” ဟု ၎င်းကဆိုသည်။

၂၀၁၈ ခုနှစ် ဧပြီလဆန်းတွင် အိန္ဒိယနိုင်ငံက ပဲ Quota ပြန်လည်သတ်မှတ်ခြင်း မပြုသည့်အတွက် ဧပြီလတွင် ကျပ် ၄၅၆၀၀၀၊ မေလတွင် ကျပ် ၃၈၂၀၀၀ အထိ ကျဆင်းခဲ့ပြီး မေ ၄ ရက်တွင် အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းခွင့် Quota ကို မတ်ပဲ၊ ပဲတီစိမ်းတန်ချိန်သုံး သိန်းတင်သွင်းရန် ကြေညာလိုက်သည့်အတွက် မတ်ပဲဈေး အနည်းငယ် ပြန်တက်လာရာ ၂၀၁၈ ခုနှစ် ဇွန်လလယ်တွင် ပဲဈေး ငါးသိန်းကျော်အထိ ပြန်တက်လာခဲ့သည်။

၂၀၁၈ခုနှစ် စက်တင်ဘာ ၇ ရက်တွင် မတ်ပဲ FAQ ကျပ် ၄၅၅၅၀၀၊ မတ်ပဲ SQ ကျပ် ၆၂၃၀၀၀ အထိ ဈေးရှိခဲ့သည်။ စက်တင်ဘာ ၁၀ ရက်က မတ်ပဲ FAQ ကျပ် ၅၀၃၅၀၀၊ မတ်ပဲ SQ ကျပ် ၆၇၆၀၀၀ ဈေးရှိခဲ့ရာမှ စက်တင်ဘာ ၁၈ ရက်တွင် မတ်ပဲ FAQ ကျပ် ၅၀၀၀၀၀၊ မတ်ပဲ SQ ကျပ် ၆၇၉၀၀၀ အထိ ဈေးရှိခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ ထုတ်ပြန်ချက်များအရ သိရသည်။ စက်တင်ဘာ ၂၁ ရက်က မတ်ပဲ FAQ ကျပ် ၄၉၉၅၀၀၊ မတ်ပဲ SQ ကျပ် ၆၆၆၀၀၀ အထိ ဈေးတက်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုသည် စုစုပေါင်း စိုက်ပျိုးသီးနှံ ထုတ်လုပ်မှု၏ ၂၁ ရာခိုင်နှုန်းခန့် စိုက်ပျိုးလျက်ရှိသည်။ မြန်မာနိုင်ငံသည် အာရှတွင် ပဲအများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ကနေဒါပြီးလျှင် ပဲအများဆုံး တင်ပို့သည့် နိုင်ငံဖြစ်သည်။

 

Most Read

Most Recent