အခွန်စည်းကြပ်မခံတဲ့ နိုင်ငံခြားကုမ္ပဏီ၊ ဈေးတက်တဲ့ ဆေးဝါးနဲ့ မြန်မာ့စီးပွားရေးကိုနှိပ်စက်တဲ့ ဒေါ်လာ

အခွန်စည်းကြပ်မခံတဲ့ နိုင်ငံခြားကုမ္ပဏီ၊ ဈေးတက်တဲ့ ဆေးဝါးနဲ့ မြန်မာ့စီးပွားရေးကိုနှိပ်စက်တဲ့ ဒေါ်လာ
Published 19 August 2018

ရွှေပြည့်စုံဈေးတွင် ရောင်းချနေသည့် ဆေးဝါးအရောင်းဆိုင်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-လွင်မျိုးသူ)

World Justice Project စစ်တမ်းအရ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးအညွှန်းကိန်း ပြီးခဲ့တဲ့ နှစ်ကထက် ကျဆင်းနေတယ်လို့ ထုတ်ပြန်ခဲ့တဲ့ ဒီရက်သတ္တပတ်မှာ မြန်မာတစ်နိုင်ငံလုံးကို ဂယက်ရိုက် အထိနာစေတာကတော့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုပါ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျော့ကျ၊ ပြည်ပခရီးသွားဝင်ရောက်မှု လျော့ကျလို့ နိုင်ငံခြားငွေရလမ်း ပျောက်ရှနေချိန်မှာ ပြည်သူတွေကြားမှာ ကြီးမြင့်လာတဲ့ ဆန်ဈေးတွေကြောင့် အမှုအခင်း ရင်ဆိုင်နေရ သူတွေတောင် ရှိလာနေပြီဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ပြည်ပကြွေးမြီ လက်ကျန်အခြေအနေက များလာနေတာကြောင့် ကြွေးမြီ ခံနိုင်ရည်ရှိ မှုအတိုင်းအတာအတွင်း ဖြစ်နေသေးပေမယ့် နောင်အချိန်မှာ ငွေချေးယူလိုရင် အခက်အခဲတွေရှိလာမှာကို စိုးရိမ်ပူပန်ရတဲ့ အခြေအနေ ဆိုက်ရောက်နေချိန်မှာ တင်ဒါတွေ မစိစစ်နိုင်တဲ့ ဂယက်တွေနဲ့ ပြည်ပအကူအညီ ချေးငွေတွေနဲ့ ရယူဆောင်ရွက်တဲ့ စီမံကိန်းတွေကို လျာထားချက်နဲ့အညီ အကောင်အထည်ဖော်နိုင်မှုမရှိတဲ့ အခြေအနေတွေကို ကြပ်မတ်ဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ အကြံပြုဆွေးနွေးရတဲ့အဆင့်ကို ရောက်နေတာ တွေ့ရပြန်ပါတယ်။

တစ်ဖက်မှာလည်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို အထွေထွေ အကျပ်အတည်းအဖြစ် ပြောဆိုမှုတွေ ရှိလာနေချိန်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးစီးပွားရေး အကြံပေး ရှောင်တာနယ်က ကမ္ဘာတစ်ဝန်းလုံးမှာ ဒေါ်လာဈေး ဆက်လက်မြင့်တက်နေပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ဆက်ဖြစ်နေမယ်ဆို အထွေထွေကျပ်တည်းမှုတွေ ရှိလာမယ်လို့ ပြောလာခဲ့တဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်မှာ အခွန်စည်းကြပ်မခံတဲ့ နိုင်ငံခြားကုမ္ပဏီတွေအကြောင်း၊ ဈေးတက်တဲ့ ဆေးဝါးတွေနဲ့ မြန်မာ့စီးပွားရေးနဲ့ ပြည်သူကို နှိပ်စက်တဲ့ ဒေါ်လာဈေး မြင့်တက်မှုဂယက်တွေ အကြောင်းကို ဖော်ပြချင်ပါတယ်။

 

■ အခွန်စည်းကြပ်မခံတဲ့ နိုင်ငံခြားကုမ္ပဏီ

တစ်နှစ်ထက်တစ်နှစ် အခွန်အခတွေ ပိုရလာနေတယ်ဆိုပေမယ့် တကယ်အဓိကပေးနေရတာက ပြည်သူတွေပါ။ အခွန် Baee ချဲ့မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ အခွန်တွေ ကောက်လာရာမှာ ကုမ္ပဏီတွေ ဘက်က အခွန်ရှောင်တာရှိသလို အခွန်ဝန်ထမ်းတွေဘက်မှာလည်း အဂတိပြဿနာ ရှိနေပြန်ပါတယ်။ တစ်ဖက်မှာလည်း အခွန်စည်းကြပ်တဲ့ စနစ်တွေက ခေတ်မမီတော့တဲ့ ပြဿနာရင်ဆိုင်နေရချိန်မျိုးမှာ တိုင်းပြည်ရဲ့ အခွန်ရရှိရေး ဝန်ထုပ်ဝန်ပိုးဟာ ပြည်သူတွေရဲ့ ခေါင်းပေါ်မှာ တရစ်ဝဲ၀ဲပါ။ ပြည်တွင်းမှာ ကုမ္ပဏီတွေကို ကြည့်မယ်ဆို ပြည် တွင်းကုမ္ပဏီတွေက အခွန်စည်းကြပ်မှု မခံတာရှိသလို ပြည်ပကုမ္ပဏီတွေကလည်း အခွန်စည်းကြပ်မခံ တာတွေရှိနေပြီး ပြည်ပကုမ္ပဏီတွေမှာဆို ၆၀၀၀ ကျော်မှာ ၁၀၀၀ လောက်ပဲ အခွန်စည်းကြပ်စိစစ်မှု ခံယူနေပါတယ်။

အခွန်ရှောင်လွှဲလို့မရတဲ့ ပြည်သူတွေက အခွန်ပိုပေးနေရတယ်လို့ ခံစားနေရချိန်တွေမှာ ဒီလိုအခွန် စည်းကြပ်စိစစ်မှု မခံယူဘဲ လွတ်နေတဲ့ကုမ္ပဏီတွေ ရှိနေတာက ဆိုးရွားလှသလို အခွန်ထမ်းနေရတဲ့ ပြည်သူတွေကို စိတ်ပျက်စေမှုတွေသာ ပေးစွမ်းပါတယ်။

အခွန်စည်းကြပ်စိစစ်မှု ခံယူနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေမှာလည်း အခွန်တကယ်ပေးဆောင်နေတာက ရာဂဏန်းပဲရှိနေတာမို့ အခွန်စည်းကြပ်မှုက ကင်းလွတ်နေတဲ့နိုင်ငံခြားကုမ္ပဏီတွေကို ဘယ်လိုဆောင်ရွက် မှုမျိုးနဲ့ အခွန်စည်းမျဉ်းပေါ်ဆွဲ ခေါ် ပြမလဲဆိုတာ သိချင်မိပါတယ်။

 

■ ဈေးတက်တဲ့ ဆေးဝါး

ဒေါ်လာဈေးတက်ရင် ဆေးဈေးတက်မယ်။ ဒေါ်လာဈေးကျရင် ဆေးဈေးမကျဘူးဆိုတာ မြန်မာနိုင်ငံမှာ ပုံမှန်အခြေအနေလို ဖြစ်နေတာပါ။ တစ်ခါ ဆေးဈေးတွေကို ဒေါ်လာဈေးကြည့်ပြီး ရောင်းချင်သလို ရောင်းနေတော့ မဖြစ်မနေဝယ်ယူသုံးစွဲရတဲ့ ပြည်သူတွေ ဝန်ပိစေပါတယ်။

“အဓိကကတော့ ကုမ္ပဏီတွေ က ၁၅ ရက်တစ်ခါ ရာခိုင်နှုန်းတစ်မျိုးစီ ပြောင်းပြီး ဈေးနှုန်းချပြီး ရောင်း ချပေးနေတယ်။ အရောင်းအဝယ်ကတော့ လုံးဝမရှိဘူး။ ဈေးနှုန်းတက်နေတာကတော့ လက်ရှိကုမ္ပဏီတွေ ကနေပြီး ငွေဈေးပေါ်ကြည့်ပြီး ဈေးနှုန်းတွေ သုံးရက်တစ်ခါ၊ ငါးရက်တစ်ခါ ပြောင်းလဲမှုတွေတော့ ရှိတယ်။ ဆေးတွေကိုတော့ ကုမ္ပဏီတွေက ကန့်သတ်ချက်၊ အရေအတွက်နဲ့ နည်းနည်းပဲပေးတော့တယ်။ ရာခိုင်နှုန်းတင်ပြီး ရောင်းတာပေါ့။ ကြိုက်သလိုဝယ်ခွင့်မပေးဘူးပေါ့။ အမြဲတမ်းဝယ်တဲ့သူကိုတောင် အရေအတွက် နည်းနည်းပဲပေးတယ်။ ဆေးဝါးလောကကတော့ စီးပွားရေးကျဆင်းနေတယ်” လို့ Golden Tamarind ဆေးဆိုင်ပိုင်ရှင် ဦးမြင့်လှိုင်က ဆိုပါတယ်။

ဆေးဈေးတွေ တက်နေသလို တစ်ဖက်မှာလည်း ကုမ္ပဏီအချို့က အရောင်းအဝယ်တွေ ပိတ်ထားကြ ပါသေးတယ်။ ဈေးကွက်ထဲ မထည့်ဘဲ အရောင်းအဝယ်ပိတ်ထားချိန်မှာ ဆေးတွေက ဈေးကွက်ထဲမှာ ပြတ် မယ်။ ဝယ်လိုအား၊ ရောင်းလိုအားသဘောအရ အဝယ်များလာတာနဲ့ ဈေးပိုပြီးတက်မယ်ဆိုတဲ့ အခြေအ နေမျိုးက နောက်ဆုံးမှာ ပြည်သူတွေပဲ ခံနေရပြီး ဒီလိုမျိုးဖြစ်စဉ်တွေအ တွက်တော့ စားသုံးသူ အကာအ ကွယ်ပေးရေးအဖွဲ့အစည်းတွေ၊ ဥပဒေတွေနဲ့ ယှဉ်ပြိုင်မှုဥပဒေတွေ နှုတ်ဆိတ်နေတာကတော့ ပြည်သူတွေပဲ ပိုပြီးအထိနာစေတာ မြင်ရမှာ ဖြစ်ပါတယ်။

“တရုတ်လိုင်းက ကုမ္ပဏီတွေကတော့ လိုသလောက် ရောင်းပေးတယ်။ ဈေးကတော့ တခြားနိုင်ငံခြား ဆေးတွေနဲ့ မတူဘူး။ ဈေးနည်းနည်းပဲတက်တယ်။ အစ်မတို့ ရောင်းတဲ့အခါမှာလည်း လိုသလောက်ရောင်း ပေးတယ်။ တက်တဲ့ဈေးနဲ့ပေါ့။ အရင်က ၂၈၅၀ နဲ့ဝယ်တဲ့ဟာတွေက အခု ၃၁၅၀ နဲ့ ဝယ်ရတယ်။ အစ်မတို့ ပြန်ရောင်းတဲ့အခါမှာကျတော့ ၃၁၅၀ နဲ့ ဝယ်ထားတဲ့ဟာဆိုရင် ၃၂၀၀ နဲ့ ရောင်းပေးတယ်။ ပုံမှန်ပဲ အစ်မတို့အမြတ်ယူတာက ၅၀ လောက်ပဲ။ ဆေးတွေကကျတော့ အများကြီးဈေးတက်ပြီးရောင်းလို့ မရဘူးလေ။ ဈေးတက်တာက မကြာသေးဘူး။ တရုတ်လိုင်းဘက်ကကျ တစ်ပတ်လောက်ပဲ ရှိသေးတယ်။ ဒါပေမဲ့ နိုင်ငံခြားဆေးလိုင်းတွေကတော့ တက်တာကြာပြီ။ နိုင်ငံခြား ဆေးလိုင်းတွေကကျတော့ အရောင်းပိတ်ထားတာတွေရှိတယ်။ ကန့်သတ်ပြီး ရောင်းနေတာတွေ ရှိတယ်။ ဒေါ်လာဈေးတက်တယ်ဆိုတော့ ကုန် သွားလို့ရှိရင် မရောင်းရတော့မှာစိုးလို့ အချို့က ကန့်သတ်ရောင်းနေတာတွေရှိတယ်။ ဆေးအရောင်း အဝယ်ကကျတော့ ဒေါ်လာဈေးတက်ပြီးကတည်းက အရောင်းပါးတယ်။ အရင်ဝယ်နေကျ ၁၀ ဘူးဝယ်ရင် အခု ငါးဘူးပဲ ဝယ်တော့တယ်။ ကုမ္ပဏီတချို့က ဈေးတက်ပြီးသွားရင် ဈေးကျဖို့ အစီအစဉ် သိပ်မရှိတော့ဘူး။ သူတို့ကုမ္ပဏီက ၁၀၀၀ တက်ထားတဲ့ပစ္စည်းဆိုရင် ဒေါ်လာဈေးကျသွားရင် သူတို့က အဲဒီတစ်ထောင်ကို ဈေးမချတော့ဘဲ တစ်ထောင်နဲ့တန်းတူ ဆေးထပ်ပြီး ပေးတာတွေရှိတယ်” လိ့ု ရွှေပြည့်စုံဈေးမှာ ဆေးရောင်းချနေတဲ့ ကိုဖိုးလှဆေးဆိုင်က မမိုးမိုးက ပြောပါတယ်။

ဆေးဈေးကွက်ကို ပြန်ကြည့် မယ်ဆိုရင် ပြည်ပက တရားဝင်တင်သွင်းနေတာကိုက တစ်နှစ်မှာ ဒေါ် လာသန်း ၄၀၀ ဖိုးလောက်ရှိနေပါ တယ်။ တရားမဝင် တင်သွင်းနေတဲ့ ဆေးဝါးတွေ၊ FDA ခွင့်ပြုချက်မရဘဲ ရောင်းချနေတဲ့ ဆေးဝါးတွေနဲ့ MLM ကုမ္ပဏီတွေကနေ ထင်သလို ကြေညာပြီး ရောင်းချနေတဲ့ ဆေးဝါးတွေကို ပြန်ကြည့်မယ်ဆိုရင် ဒေါ်လာသန်းထောင်ဂဏန်းဆီ ရောက်သွားနိုင်ပါတယ်။ ဒီလိုဖြစ်နေတဲ့ ဈေးကွက်ဟာ လူအများကြီး လက်ထဲမှာတော့မဟုတ်ဘဲ လူအနည်းစုကပဲ ထိန်းချုပ်ထားတဲ့ အခြေအနေမျိုးပါ။ ဒေါ်လာဈေးတက်တိုင်း ဆေးဈေးတက်၊ ဒေါ်လာဈေးကျတော့ ဆေးဈေးမကျသလို ဘာပဲဖြစ်ဖြစ် ရောင်းလိုအား၊ ဝယ်လိုအား အကြောင်းပြ ဈေးကွက်စီးပွားရေးမို့လို့ပါလို့ပဲ ကြွေးကြော်တတ်ကြတဲ့ အခြေအနေဆိုးကနေ အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ပဲ တက်လာတဲ့ ဆေးဈေးတွေကြားမှာ ဆုတောင်းပေးချင်ပါတယ်။

 

■ မြန်မာ့စီးပွားရေးကိုနှိပ်စက်တဲ့ ဒေါ်လာ

ပြီးခဲ့တဲ့ ရက်သတ္တပတ်တစ်ခုလုံးမှာ လှုပ်ခတ်နေတာက မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းပြီး ဒေါ်လာဈေးမြင့်တက်မှုဂယက်ပါ။ ဆန်ဈေး၊ စက်သုံးဆီဈေး အပါအဝင် ဘက်စုံကုန်ဈေးနှုန်းမြင့်တက်မှုတွေနဲ့  လှုပ်ခတ်နေတဲ့ အခြေအနေတွေဟာ ကျပ်ငွေတန်ဖိုး ကျပ် ၁၅၆၀ အထိ ထိုးဆင်းခဲ့မှုအထိ ဖြစ်ခဲ့ပါတယ်။

တစ်ဖက်မှာ ဒေါ်လာဈေးမြင့် တက်မှုအခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးနယ်ပယ်ကပုဂ္ဂိုလ်တွေ တွေ့ဆုံမယ်လို့ သတင်းထွက်မှုမှာ ကျပ် ၁၅၆၀ အထိ ဖြစ်လာတဲ့ ဒေါ်လာဈေးက ခုန်ဆင်းခဲ့ပြီး ၁၅၃၀ အထိ ဖြစ်သွားခဲ့တာကို မြင်ခဲ့ရပါတယ် ။ ဒီလို မြင်ခဲ့ရမှုဟာ ဘာကိုပြသလဲဆိုရင် ဒေါ်လာဈေးဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ မြင့်တက်မှုမဟုတ်ဘဲ အထိန်းအကွပ် မရှိလို့ ဈေးကစားသူတွေကြောင့် ဖြစ်နေခဲ့တဲ့ နှုန်းထားဆိုတာကို မြင်ရတဲ့သဘောဖြစ်သလို နာရီပိုင်းအတွင်း ခုန်ဆင်းခုန်တက်နေတဲ့ပုံစံကလည်း ဈေးကွက်ပေါက်ဈေးမဟုတ်ဘဲ ဈေးကစားတဲ့ ပုံစံဆိုတာကို မြင်သာစေ ခဲ့ပါတယ်။

ဒီလိုဈေးကစားချင်တိုင်း ကစားနေတဲ့ ဒေါ်လာဈေးကို ဈေးကွက်စီးပွားရေးစနစ်မို့လို့ ထိန်းဖို့ မဖြစ်နိုင်ဘူးတို့၊ အရင်အစိုးရတုန်းက လုပ်ခဲ့တာတွေကြောင့်တို့၊ ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲတို့၊ အရန်ငွေမရှိဘူးတို့ဆိုတဲ့ ဆင်ခြေတွေနဲ့ လွှတ်ပေးလို့မရတာကို သတိချပ်ဖို့ လိုအပ်ပါတယ်။ မြန်မာ့စီးပွားရေးဟာ သေးကွေးလွန်းသလို ဈေးကစားတဲ့ဒဏ်ကို တောင့်ခံနိုင်စွမ်းမရှိပါဘူး။ မဖြစ်သင့်တဲ့ ဒေါ်လာဈေး ကျပ် ၁၅၀၀ အထက် မြင့်တက်မှုမှာ  ပြည်သူတွေ ပဲ အထိနာသလို အစိုးရဘက်က တာဝန်ရှိသူတွေ ပြောနေသလို ပို့ကုန်သမားတွေအတွက်လည်း ထူးထူးခြားခြားအကျိုးမဖြစ်တာ မြင်ရမှာပါ။ တိုင်းပြည်တစ်ပြည်အတွက် လိုအပ်နေတာက ငွေလဲနှုန်းတည် ငြိမ်ရေးပါ။ ၁၅၀၀ ဖြစ်မှ၊ ၂၀၀၀ ဖြစ်မှ စီးပွားရေးတိုးတက်မယ်ဆိုတဲ့ စကားသံမျိုးကို အစိုးရတစ်ရပ်အနေ နဲ့ မယုံဖို့လိုအပ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို ဒေါ်လာဈေးကို ခဏခဏဆွဲတင်နေတဲ့ နိုင်ငံမျိုးမှာ အရင်တုန်းက ဒေါ်လာဈေးဆွဲတင်တော့ ဘယ်သူတွေမှာ အကျိုးရှိခဲ့လဲ။ ပြည်သူနဲ့ အစိုးရအကျိုးရှိခဲ့လား တွေးဆတတ်ဖို့လိုအပ်ပါတယ်။ အနီးစပ်ဆုံး တိုင်းပြည်အထိနာမှု ပြောရရင် လက်ရှိ ၂၀၁၈ ဘဏ္ဍာ နှစ်တိုအတွက် ဘတ်ဂျက်ကို ကျပ် ၁၃၈၀ နဲ့ ဆွဲထားတာပါ။ အခု ၁၅၀၀ အထက် ဖြစ်လာနေချိန်မှာ တစ်ဒေါ်လာကို အနည်းဆုံး ၁၅၀ လောက် နစ်နာနေပြီဖြစ်ပါတယ်။ တစ်ဖက်မှာလည်း တိုင်းသူပြည်သားတွေရဲ့ ဝင်ငွေနဲ့ ပိုင်ဆိုင်မှုအပေါ် ဆိုးဆိုးရွားရွား သွားပြီးထိခိုက်ပါတယ်။ ဒီလိုမျိုး ဘက်စုံဆိုးကျိုးဖြစ်စေတဲ့ ဒေါ်လာဈေးကို ဘယ်သူ့အတွက် ကြည့်ပြီးတော့မှ ဆွဲမတင်ကြပါနဲ့။ ဈေးကစားနေတာတွေကိုလည်း ဈေး ကွက်စီးပွားရေးအကြောင်းပြပြီး လက်ပိုက်ကြည့်မနေဘဲ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်ပါလို့ တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

 

 

Most Read

Most Recent