ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များထံ ဒေါ်လာ သန်းရာဂဏန်း ထုတ်ချေးမည်ဟု သတင်းထွက်သော်လည်း ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး ဆက်တက်ခြင်းကြောင့် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၇၅ ကျပ် အထိပြန်တက်

ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များထံ ဒေါ်လာ သန်းရာဂဏန်း ထုတ်ချေးမည်ဟု သတင်းထွက်သော်လည်း ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး ဆက်တက်ခြင်းကြောင့် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၇၅ ကျပ် အထိပြန်တက်
Published 14 August 2018

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်ရလိုင်စင်ရှိသော ပုဂ္ဂလိကဘဏ်များကို ဒေါ်လာ သန်း ၃၀၀ မှ ၄၀၀ အထိ ချေးငွေ ထုတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်လာသော်လည်း ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး ဆက်တက်ခြင်းကြောင့် သြဂုတ် ၁၃ ရက် နံနက်ပိုင်းတွင် ၁၄၆၆ ကျပ် ဖြစ်ပေါ်နေရာမှ မွန်းလွဲပိုင်းတွင် ၁၄၇၅ ကျပ်အထိ ပြန်လည် မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

သြဂုတ် ၁၃ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၁၃ လအတွင်း အမြင့်ဆုံးနှုန်းအဖြစ် ၉၆ ဒသမ ၃၅ ပွိုင့်ဝန်းကျင် ရောက်ပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း လေးရက်အတွင်း ကျပ် ၂၀ ဝန်းကျင် ပြန်တက်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ အရှိန်ကောင်းစဉ် တူရကီဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ပေါ်လာမှုက ဒေါ်လာကို ပိုမို အားကောင်းစေခဲ့သည်။ တူရကီ လိုင်ရာငွေတန်ဖိုး ကစဉ့်ကလျား ဖြစ်နေစဉ် ယူရိုငွေပါ တစ်နှစ်အတွင်း အနိမ့်ဆုံးနှုန်းသို့ ထိုးဆင်းသွားပြီး ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာ၊ ယန်း နှင့် ဆွစ်ဖရန့်ငွေများ ဝယ်လိုအား တက်နေသည်။ တရုတ်ဗဟိုဘဏ်က ယွမ်ငွေအား အလွန်အကျွံ မကျအောင် ထိန်းသိမ်းနေသည့် ကြားမှာပင် ယွမ်ငွေသည် ၁၄ လအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့သည်။ တရုတ်ယွမ်ငွေမှာ သြဂုတ် ၁၃ ရက်တွင် ဒေါ်လာနှင့် ယှဉ်လျှင် တစ်ဒေါ်လာ ၆ ဒသမ ၈၇ ယွမ်ဝန်းကျင် ဖြစ်နေကာ ကျပ် ၁၀၀ လျှင် ၀ ဒသမ ၄၆ ယွမ်ဝန်းကျင် ဖြစ်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ် စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် ၁၄၄၃ ကျပ်၊ သြဂုတ် ၁ ရက်တွင် ၁၄၄၇ ကျပ်၊ သြဂုတ် ၂ ရက်တွင် ၁၄၅၁ ကျပ်၊ သြဂုတ် ၃ ရက်တွင် ၁၄၆၅ ကျပ်၊ သြဂုတ် ၇ ရက်တွင် ၁၄၇၅ ကျပ်အထိ စံချိန်တင် ဆက်လက် မြင့်တက်ခဲ့သည်။ သြဂုတ် ၁၀ ရက်တွင် ၁၄၅၅ ကျပ်အထိ ကျဆင်းခဲ့သော်လည်း သြဂုတ် ၁၃ ရက်တွင် ၁၄၇၅ ကျပ်အထိ ပြန်လည် မြင့်တက်ခဲ့သည်။

ဈေးကွက်အတွင်း ဒေါ်လာဈေး မြင့်တက်မှုကြောင့် နိုင်ငံတော် ဗဟိုဘဏ်သည် ပြည်တွင်းဘဏ်များ လေလံဈေးကွက်မှ တစ်ဆင့် နေ့စဉ် ဒေါ်လာတစ်သိန်း ထုတ်ရောင်းနေရာမှ ပုဂ္ဂလိကဘဏ်များကို ဒေါ်လာများ ထုတ်ချေးရန် စီစဉ်လာခြင်း ဖြစ်သည်။ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များအား ဒေါ်လာထုတ်ချေးမည့်ကိစ္စနှင့် ပတ်သက်၍ Daily Eleven က မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း အစည်းအဝေးများ ဆက်တိုက်လုပ်နေသဖြင့် ဖြေကြားပေးနိုင်ခြင်း မရှိဟု ၎င်း၏ ရုံးဝန်ထမ်းက ပြောကြားသည်။

Most Read

Most Recent