ထိုင်းဘတ်ငွေဈေး မြင့်တက်လာခြင်းကြောင့် ဆိုင်ကယ်အပါအဝင် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ ယခင်လထက် ဈေးမြင့်တက်ပြီး အရောင်းအဝယ်အေး

ထိုင်းဘတ်ငွေဈေး မြင့်တက်လာခြင်းကြောင့် ဆိုင်ကယ်အပါအဝင် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ ယခင်လထက် ဈေးမြင့်တက်ပြီး အရောင်းအဝယ်အေး
Published 12 August 2018

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင်း တစ်နေရာကို တွေ့ရစဉ်

ကမ္ဘာ့ငွေကြေးဈေးကွက်တွင် ဒေါ်လာဈေးနှင့်အပြိုင်  ထိုင်းဘတ်ငွေဈေး မြင့်တက်လာခြင်းကြောင့် ဆိုင်ကယ်အပါအဝင် ထိုင်းနိုင်ငံ ထုတ်ကုန်ပစ္စည်းများ ယခင်လထက် ဈေးမြင့်တက်ပြီး အရောင်းအဝယ် အေးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့ ဈေးကွက်ရပ်ဝန်းတွင် ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေ နှစ်မျိုးဖြင့် သုံးစွဲနေကြသော်လည်း ကုန်ပစ္စည်းများကို ဘတ်ငွေနှုန်းဖြင့်သာတွက်ပြီး မြန်မာကျပ်ငွေဖြင့် အရောင်းအဝယ် ပြုလုပ်ကြသည်။

“ဆိုင်ကယ်တွေ အရောင်းအဝယ်ပါးတာက ဘတ်ဈေးကြောင့်ပါ။ ဘတ်ငွေနဲ့ဝယ်ရင် ဈေးအပြောင်း အလဲမရှိပေမယ့် မြန်မာငွေနဲ့ လာ ဝယ်တဲ့သူတွေက ဘတ်ငွေဈေး အမြင့်ကို လိုက်ပေးရတဲ့အတွက် ယခင်လကထက် သုံးလေးသောင်း မြင့်တက်သွားပါတယ်။ ဆိုင်ကယ် အများစုက ထိုင်းဘက်မှ တင်သွင်း ရောင်းချတယ်ဆိုပေမယ့် ဗီယက်နမ်၊ လာအိုနိုင်ငံထုတ် ဆိုင်ကယ်အသစ် တွေလည်း ရောင်းချကြပါတယ်” ဟု ဆိုင်ကယ်အသစ် တရားဝင် ရောင်းချသူတစ်ဦးက ပြောကြားသည်။

ယခင် ဇူလိုင်လဆန်းက ထိုင်းဘတ်ငွေဈေးမှာ မြန်မာကျပ်ငွေ ၁၀၀ လျှင် ၂ ဒသမ ၃၅ ဘတ်၊ ထိုင်း ဘတ်ငွေ ၂၃၅၀ လျှင် မြန်မာငွေ ကျပ်  ၁၀၀၀၀၀ ရှိရာမှ  သြဂုတ်  ၇ ရက်တွင် ကျပ်တစ်ရာလျှင် ထိုင်း ဘတ်၂ ဒသမ ၂၈၅၊ ၂၂၈၅ ဘတ် လျှင် မြန်မာငွေ ကျပ် ၁၀၀၀၀၀ အထိ  ထိုင်းငွေဈေး မြင့်တက်ခဲ့သည်။

မြဝတီမြို့မှ တစ်ပတ်ရစ်ဆိုင် ကယ်ရောင်းချသူတစ်ဦးဖြစ်သည့် ကိုညွန့်သိန်းက “ဆိုင်ကယ်တွေ  အရောင်းအဝယ် အေးတာတော့ မပြောပါနဲ့တော့။ ဘတ်ဈေးက မြင့်တက်တာကိုးဗျ။ ဘတ်နဲ့ဝယ်ထားကြပြီးတော့ မြန်မာငွေနဲ့ ရောင်းတာလေ။ ဘတ်ဈေးတက်တော့ အရင်လကထက် ဆိုင်ကယ်တစ်စီးကို သုံးလေးသောင်း ဈေးမြင့်သွားတာပေါ့။ ဒီကြားထဲ ရေကလည်းကြီးနေတော့ အရောင်းအဝယ် လုံးလုံးကိုမရှိဘူး” ဟု ဆိုသည်။

လက်ရှိ ဘုရင့်နောင်ဈေးကြီးအတွင်း ရောင်းချလျက်ရှိသည့် ထိုင်းကုန်စည်ဈေးနှုန်းများမှာ စားဆီ ၁၀ ပိဿာဝင်ပ လတ်စတစ်ပုံးကြီး တစ်ပုံး ကျပ် ၁၈၀၀၀၊ အထုပ် ၃၀ ပါ မားမားခေါက်ဆွဲ ခြောက်ဖာ တစ်ပါကင် ကျပ် ၃၀၅၀၀၊ ဗျိုင်းတံဆိပ် နို့ဆီလေးဒါဇင်ပါ  တစ်ပါကင် ကျပ်  ၃၂၅၀၀၊ ၂၅ ကီလိုပါ  Jump ဆပ်ပြာ မှုန့်ဖာကြီး တစ်ပါကင်  ကျပ် ၂၇၀၀၀၊ M150 အချိုရည် အလုံး ၅၀ ပါ တစ်ပါကင် ကျပ် ၁၆၀၀၀၊ A1 ငါး သေတ္တာ ၂၄ လုံးပါ တစ်ပါကင် ကျပ် ၁၅၀၀၀၊ A1 ငါးသေတ္တာ အသေးအလုံး ၁၀၀ ပါ တစ်ပါကင် ကျပ်  ၄၀၀၀၀ ဈေးနှုန်းများဖြင့် အသီးသီး ရောင်းချလျက်ရှိပြီး ပစ္စည်းတစ်မည် (တစ်ဖာလျှင်) ကျပ်တစ်ထောင်နှင့် အထက် မြင့်တက်သွားသည်ဟု သိရသည်။

ထို့အတူ ဘုနောင်ဈေးနှင့် မြို့တွင်း၌ ရောင်းချလျက်ရှိသော ရွှေဈေးနှုန်းများမှာ ထိုင်းရွှေ တစ်ကျပ်သားလျှင် ဘတ် ၁၉၂၀၀၊ မြန်မာငွေ  ကျပ် ၈၄၀၀၀၀၊ မြန်မာရွှေ မီးလင်းတစ်ကျပ်သားလျှင် ကျပ် ၉၄၂၀၀၀ ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent