နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၇၅ ကျပ်အထိ စံချိန်တင်ဆက်လက်မြင့်တက်ပြီး ပို့ကုန်ရငွေ ၁၄၇၈ ကျပ်၊ စင်ကာပူဘဏ်စာရင်းဈေး ၁၄၈၄ ကျပ်အထိ ရောက်လာ

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၇၅ ကျပ်အထိ စံချိန်တင်ဆက်လက်မြင့်တက်ပြီး ပို့ကုန်ရငွေ ၁၄၇၈ ကျပ်၊ စင်ကာပူဘဏ်စာရင်းဈေး ၁၄၈၄ ကျပ်အထိ ရောက်လာ
Published 8 August 2018

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ရေးကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

သြဂုတ် ၇ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၇၅ ကျပ်အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့ပြီး ပို့ကုန်ရငွေ ၁၄၇၈ ကျပ်၊ စင်ကာပူဘဏ်စာရင်းဈေး (Away) ကျပ် ၁၄၈၄ အထိ ရောက်ရှိလာကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

အမေရိကန်တွင် အတိုးနှုန်း ဆက်လက်တိုးမြှင့်မည့်အခြေအနေနှင့် အမေရိကန်-တရုတ်အကြား ဖြစ်ပေါ်နေသည့် ကုန်သွယ်ရေး စစ်ပွဲအခြေအနေ အရှိန်မြင့်တက်မှုတို့က ဒေါ်လာကို ဆက်လက်အားကောင်းစေလျက်ရှိပြီး တရုတ်ယွမ်ငွေမှာ ဒေါ်လာနှင့်ယှဉ်ပါက ဆက်လက်ကျဆင်းနေသည်။ တရုတ်ယွမ်ငွေမှာ သြဂုတ် ၇ ရက်တွင် ဒေါ်လာနှင့် ယှဉ်လျှင် တစ်ဒေါ်လာ ၆ ဒသမ ၉၅ ယွမ်ဝန်းကျင်ဖြစ်နေကာ ကျပ် ၁၀၀ လျှင်  ၀ ဒသမ ၄၇ ယွမ်ဝန်းကျင် ဖြစ်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀  ဖြင့် ချိုးခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် ၁၄၄၃ ကျပ်၊ သြဂုတ် ၁ ရက်တွင် ၁၄၄၇ ကျပ်၊ သြဂုတ် ၂ ရက်တွင် ၁၄၅၁ ကျပ်၊ သြဂုတ် ၃ ရက်တွင် ၁၄၆၅ ကျပ်၊ သြဂုတ် ၇ ရက်တွင် ၁၄၇၅ ကျပ်အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန်လဒုတိယပတ်မှ စတင်ကာ ဒေါ်လာဈေးများ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၁ ရက်မှ သြဂုတ် ၇ ရက်အထိ တစ်ဒေါ်လာ ၁၂၉  ကျပ် အထိမြင့်တက်ခဲ့ကာ ယင်းကာလအတွင်း မြန်မာကျပ်ငွေ တန်ဖိုး ၉ ဒသမ ၅၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင်  ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသမ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင်တွင် ၉၅ ဒသမ ၃၉ ပွိုင့်ဝန်းကျင်ဖြစ်ပေါ်ခဲ့ကာ သြဂုတ် ၇ ရက်မွန်းလွဲပိုင်းအထိ ၉၅ ပွိုင့်အထက်၌ ရှိနေဆဲဖြစ်သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက်အများဆုံး ဖြစ်ခဲ့သည်။

ပြည်တွင်းဈေးကွက်တွင် ဇွန်လလယ်မှစ၍ ဒေါ်လာဈေးသိသိသာသာ စတင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် ဇွန်၂၈ ရက်တွင် ၁၄၀၇ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင် ၁ ရက်တွင် ၁၃၈၄ ကျပ်အထိ ကျဆင်းခဲ့ပြီး ဇူလိုင်  ၁၀ ရက်တွင် ကျပ် ၁၄၀၀၊ ဇူလိုင် ၁၂ ရက်တွင် ကျပ် ၁၄၁၀၊ ဇူလိုင် ၁၈ ရက်တွင် ၁၄၂၆ ကျပ်၊ ဇူလိုင် ၂၄ ရက်တွင် ၁၄၃၂ ကျပ်၊ ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀၊ ဇူလိုင် ၃၁ ရက်တွင် ၁၄၄၄ ကျပ်၊ သြဂုတ် ၁ ရက်တွင် ၁၄၄၇ ကျပ်၊ သြဂုတ် ၂ ရက်တွင် ၁၄၅၁  ကျပ်၊ သြဂုတ် ၃ ရက်တွင် ၁၄၆၅ ကျပ်၊ သြဂုတ် ၇ ရက်တွင် ၁၄၇၅ ကျပ်အထိ မြင့်တက်ခဲ့သည်။ သြဂုတ် ၇ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းမှာ ၁၄၃၈ ကျပ်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း သြဂုတ် ၇ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၆၈၅ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၇၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၅၆ ကျပ်၊ ထိုင်းဘတ် ၄၄ ဒသမ ၂၅ ကျပ်၊ တရုတ်ယွမ် ၂၁၂ ကျပ်၊ ဂျပန် ယန်း ၁၃ ကျပ်၊ တောင်ကိုရီးယားဝမ် ၁ ဒသမ ၄၀ ကျပ် ဖြစ်သည်။

 

Most Read

Most Recent