<

မိုးရွာသွန်းမှုကြောင့် ကုန်သွယ်မှု နှောင့်နှေးနေသော်လည်း လက်ရှိဘဏ္ဍာနှစ် ဇူလိုင်၂၀ ရက်အထိ မြ၀တီနယ်စပ်မှ ဒေါ်လာ ၂၆၁ ဒသမ ၇၅၅ သန်းဖိုး ကုန်သွယ်နိုင်ခဲ့

ရေအကျကို စောင့်ဆိုင်းနေသည့် ကုန်တင်တွဲယာဉ်များအား သြဂုတ် ၄ ရက်က တွေ့ရစဉ်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ကာ ဂျိုင်း (ကော့ကရိတ်) ပွန်တွန်းတံတားမှ ကုန်တင်ယာဉ်များ ဖြတ်သန်းရန် ခက်ခဲသဖြင့် ကုန်သွယ်မှု ရပ်တန့်နေသည်မှာ နှစ်ပတ်နီးပါး ရှိလာသော်လည်း လက်ရှိဘဏ္ဍာနှစ် ဇူလိုင်၂၀ ရက်အထိ မြ၀တီနယ်စပ်မှ အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ ၇၅၅ သန်းဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ထိုင်းနိုင်ငံနှင့် ထိစပ်နေသော ကုန်သွယ်ရေး စခန်းများအနက် ကုန်သွယ်မှု အများဆုံးဖြစ်သော မြ၀တီနယ်စပ်စခန်းမှ ဘဏ္ဍာနှစ်သစ်ဖြစ်သည့် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၀ ရက်အထိ အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ  ၇၅၅ သန်း ကုန်သွယ်နိုင်ခဲ့၍ ယခင်နှစ်ကာလတူ (ဒေါ်လာ ၂၄၃ ဒသမ ၃၅၃သန်း) နှိုင်းယှဉ်ပါက ဒေါ်လာ ၁၈ ဒသမ ၄၀၂ သန်း ပိုမိုကုန်သွယ်ထားကြောင်း သိရသည်။

သို့သော် ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံဖြစ်ကာ ကုန်သွယ်မှု ရပ်တန့်စပြုသော ဇူလိုင်ဒုတိယပတ်တွင် ကုန်သွယ်မှု စတင်လျော့ကျလာကာ ယခင်အပတ်ကထက် ဒေါ်လာ ၁ ဒသမ ၇၃ သန်း ကုန်သွယ်မှု လျော့ကျလာခဲ့ကြောင်း၊ ဇူလိုင်နောက်ဆုံးပတ်တွင် ကုန်သွယ်ယာဉ်တွဲကားများ ရေအကျကို စောင့်ဆိုင်းနေရခြင်းကြောင့် ကုန်သွယ်မှု ပိုမိုလျော့ကျလာမည် ဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်း၌ တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ဂျိုင်း (ကော့ကရိတ်) တံတား ဂျုံဒိုးဘက်တွင် ၁၀ ရက် ကျော်စောင့်ဆိုင်းနေရသူ ကုန်တင်ယာဉ်မောင်း တစ်ဦးက “ရေအကျကို စောင့်ဆိုင်းနေရတာ ၁၀ ရက်ကျော်နေပါပြီ။ အနေဆင်းရဲ အစားဆင်းရဲနဲ့ နေရသလို ကုန်စည်တွေ ရပ်ဆိုင်းနေတာကြောင့် ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ တက်လာမှာ စိုးရိမ်ပါတယ်။ ပုပ်သိုးပျက်စီးနိုင်တဲ့ ကုန်ပစ္စည်းတွေကို ကားလေးတွေနဲ့ ကဲ့သယ်သူရှိသလို ကုန်မာတင်ဆောင် လာသူတွေကတော့ ခုထိစောင့်ဆိုင်း နေရတုန်းပါပဲ” ဟု သြဂုတ် ၄ ရက်က ပြောကြားသည်။

မြ၀တီနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဂျိုင်း (ကော့ကရိတ်) တံတားပတ်ဝန်းကျင် ရေပြည့်ရေလျှံ နေဆဲဖြစ်ကာ ပွန်တွန်းတံတားပေါ်မှ ကုန်တင်ယာဉ်များ သွားလာ၍ မရသေးခြင်းကြောင့် ကုန်တင်ယာဉ် ရာပေါင်းများစွာမှာ သြဂုတ် ၄ ရက်အထိ စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဂျိုင်း (ကော့ကရိတ်) ပွန်းတွန်းတံတား ချဉ်းကပ်လမ်းပေါ်တွင် ရေအနက် ငါးပေခန့် ကျော်နေဆဲဖြစ်သဖြင့် ဖြတ်သန်းသွားလာ၍ မရရှိသေးခြင်းကြောင့် ကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှု ရပ်တန့်လျက်ရှိသလို ကျုံဒိုးတံတားမှ ကျားကလေး လမ်းဆုံအထိ လမ်းပိုင်းတွင်လည်း ရေကျော်နေသည့်နေရာ သုံးနေရာ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

 

 

August 5, 2018














Copy Protected by Chetan's WP-Copyprotect.