Grab က အငှားယာဉ်လုပ်ငန်း ချဲ့ထွင်ခြင်း အပါအဝင် အခြား ပြည်တွင်း၌ လုပ်ကိုင်မည့် လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည်

Grab က အငှားယာဉ်လုပ်ငန်း ချဲ့ထွင်ခြင်း အပါအဝင် အခြား ပြည်တွင်း၌ လုပ်ကိုင်မည့် လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည်
Published 26 August 2017

အရှေ့တောင်အာရှ၏ သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော Grab က အငှားယာဉ်လုပ်ငန်း ချဲ့ထွင်ခြင်း အပါအဝင် အခြားပြည်တွင်း၌ လုပ်ကိုင်မည့် လုပ်ငန်းများအတွက် လာမည့် သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်လုပ်ကိုင်မည့် လုပ်ငန်းများမှာ မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့ကြီးများတွင် အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းများ ချဲ့ထွင်ခြင်း၊ Grab Pay အပါအဝင် Grab Suite မှ တစ်ဆင့် အခြားဝန်ဆောင်မှု စနစ်များ အသုံးပြုနိုင်ရန် လုပ်ကိုင်ခြင်း၊ ရှေ့ဆက်လုပ်ကိုင်သွားမည့် လုပ်ငန်းများကို ဦးစီးဆောင်ရွက်ရန်အတွက် ဒေသတွင်း ဝန်ထမ်းပေါင်း ၂၀၀ ခန့် ပါဝင်သော အဖွဲ့အစည်း တည်ဆောက်ခြင်း စသည့်လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်သည်။

ရန်ကုန်မှာဆိုရင် လူတိုင်းနီးပါးက Grab ကို အသုံးပြုလာကြပါတယ်။ ကျွန်တော်တို့ ကတိပေးနိုင်တာက Grab နဲ့ ဒေသတွင်း အဖွဲ့အစည်းတွေ နှစ်ဖက်စလုံးအတွက် အကျိုးရှိမယ့် ဝန်ဆောင်မှု အသစ်တွေကို ဖန်တီးပေးသွားမှာပါ။ နောက်ပြီးတော့ ဒေသတွင်းမှာရှိတဲ့ သူတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးသွားမှာပါ” ဟု Grab ၏ Co-Founder နှင့် CEO Anthony Tan က ပြောကြားသည်။

Grab သည် အငှားယာဉ်မောင်းများဖြင့် အငှားယာဉ်ဝန်ဆောင်မှု ဈေးကွက်ဝေစု ၉၅ ရာခိုင်နှုန်းနှင့် ကိုယ်ပိုင်ယာဉ်မောင်းများဖြင့် အငှားယာဉ်ဈေးကွက်ဝေစု ၇၅ ရာခိုင်နှုန်း ရရှိထားပြီး အရှေ့တောင်အာရှ၏ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည်။ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် အငှားယာဉ်ဝန်ဆောင်မှုနှင့် တက္ကစီဝန်ဆောင်မှု Application များတွင် Grab ကို အများဆုံး အသုံးပြုကြကြောင်း သိရသည်။ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ခုနစ်နိုင်ငံရှိ မြို့ပေါင်း ၈၇ မြို့တွင် မိတ်ဖက်ယာဉ်ပေါင်း ၁ ဒသမ ၂ သန်းကျော်ဖြင့် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လျက် ရှိသည်။

“အခုလို Grab တစ်ခုတည်းက အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက် ရင်းနှီးမြှုပ်နှံလိုက်ရင် အရင်ကတည်းက ရှိနေကြတဲ့ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေသူတွေ ရပ်တည်ဖို့ လွယ်တော့မှာ မဟုတ်ပါဘူး။ အများပိုင် မဟုတ်ဘဲ ဒီလိုအင်နဲ့အားနဲ့ ကြီးကြီးမားမား မဟုတ်တဲ့ ဈေးကွက်ထဲကို ဝင်လာတော့ လက်ဝါးကြီးအုပ်သလို ဖြစ်ပြီး Taxi လုပ်ငန်းတွေပါ ပျက်စီးသွားနိုင်ပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး စည်းကမ်းတွေ တိတိကျကျ ဘယ်လိုသတ်မှတ်မလဲ။ ရှိနှင့်ပြီးသား Taxi လုပ်ငန်းမှာ တစ်ပိုင်တစ်နိုင် မြှုပ်နှံလုပ်ကိုင်ကြသူတွေနဲ့ အပြန်အလှန် ထိန်းညှိပေးဖို့ Competition Law အရ ချိန်ညှိစိစစ်သင့်ပါတယ်” ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။