<

မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးစင်္ကြံလမ်း ဖောက်လုပ်ရန် MoU ကို နှစ်နိုင်ငံ အပြီးသတ် သဘောတူညီမှု ရရှိထားပြီး ယခုနှစ်အတွင်း လက်မှတ်ရေးထိုးနိုင်မည်

မြန်မာ-တရုတ်နှစ်နိုင်ငံ စီးပွားရေးစင်္ကြံလမ်း ဖောက်လုပ်မည့် စီမံကိန်းအတွက် နားလည်မှု စာချွန်လွှာ (MoU) ကို နှစ်နိုင်ငံ အပြီးသတ် သဘောတူညီမှု ရရှိထားပြီး ယခုနှစ်အတွင်း လက်မှတ်ရေးထိုးနိုင်မည် ဖြစ်ကြောင်း ဇူလိုင် ၉ ရက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

“တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက တရုတ်ပြည်သွားပြီးတော့မှ နားလည်မှု စာချွန်လွှာကို အပြီးသတ် ညှိထားခဲ့ပြီးပြီ။ လက်မှတ်ထိုးဖို့ ကျန်တယ်ပေါ့။ လက်မှတ်ထိုးမယ့်ဟာကတော့ နှစ်ဦးနှစ်ဖက် မဆုံးဖြတ်ရသေးဘူး။ ဖြစ်နိုင်ခြေရှိတာကတော့ ၂၀၁၈ ခုနှစ်ထဲမှာ လက်မှတ်ထိုးဖြစ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ရက်ဘာညာကတော့ နှစ်ဦးနှစ်ဖက် သတ်မှတ်ထားတာ မရှိသေးဘူး။ ညှိနှိုင်းထားပြီးတော့မှ အားလုံးနှစ်ဦးနှစ်ဖက်က သဘောတူပြီးပြီ။ ကျွန်တော်တို့ အစိုးရဘက်က MoU ကို အတည်ပြုထားပြီးပြီ။ အလားတူပဲ တရုတ်နိုင်ငံဘက်ကလည်း သူတို့ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အတည်ပြုတဲ့ လုပ်ငန်းတွေ လုပ်ထားပြီးသွားပြီ နှစ်ဖက်စလုံးကတော့ အဆင်သင့်ဖြစ်နေပြီ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးစင်္ကြံန်လမ်း ဖောက်လုပ်ရေး လုပ်ငန်းအတွက် ၂၀၁၈ ခုနှစ်အတွင်း လက်မှတ်ရေးထိုးနိုင်မည် ဖြစ်ကြောင်း သိရသည်။

“နှစ်ဖက်အကြီးအကဲတွေအားလုံး အကြောင်းညီညွတ်တဲ့နေ့ပေါ့။ ဒါက နှစ်နိုင်ငံလုံးအတွက် အရေးကြီးတဲ့လုပ်ငန်း ဖြစ်တဲ့အတွက် နှစ်ဖက်အကြီးအကဲတွေရဲ့ ရှေ့မှောက်မှာ ကျွန်တော်တို့က လက်မှတ်ထိုးဖြစ်ဖို့ပေါ့။ ဒီနှစ်ထဲဖြစ်ဖို့များပါတယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

July 10, 2018














Copy Protected by Chetan's WP-Copyprotect.