MIC ဥက္ကဋ္ဌသစ် ဦးသောင်းထွန်း တာဝန်ယူပြီးနောက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ စတင်ခွင့်ပြုခဲ့ပြီး ခုတင် ၅၀၀ ဆံ့ ပုဂ္ဂလိကဆေးရုံ ဝန်ဆောင်မှု လုပ်ငန်းများနှင့် မြေသြဇာအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း အပါအဝင် ခွင့်ပြုမိန့်၊ အတည်ပြုမိန့်ရှစ်ခု ခွင့်ပြု

MIC ဥက္ကဋ္ဌသစ် ဦးသောင်းထွန်း တာဝန်ယူပြီးနောက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ စတင်ခွင့်ပြုခဲ့ပြီး ခုတင် ၅၀၀ ဆံ့ ပုဂ္ဂလိကဆေးရုံ ဝန်ဆောင်မှု လုပ်ငန်းများနှင့် မြေသြဇာအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း အပါအဝင် ခွင့်ပြုမိန့်၊ အတည်ပြုမိန့်ရှစ်ခု ခွင့်ပြု
Published 24 June 2018

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌသစ်အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တာဝန်ယူပြီးနောက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ စတင်ခွင့်ပြုခဲ့ရာ ခုတင် ၅၀၀ ဆံ့ ပုဂ္ဂလိကဆေးရုံ ဝန်ဆောင်မှု လုပ်ငန်းများနှင့် မြေသြဇာအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း အပါအဝင် ခွင့်ပြုမိန့်၊ အတည်ပြုမိန့် ရှစ်ခုအား ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ် ဆွေးနွေးစိစစ်မှုပြုရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၈/၂၀၁၈)ကြိမ်မြောက် အစည်းအဝေးကို ဇွန် ၂၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူက တင်ပြလာသော ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် လျှောက်ထားလွှာများအား စိစစ်ခြင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့် ရရှိပြီးသော ကုမ္ပဏီများမှ တင်ပြလာသည့် အထွေထွေ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်း Boe Myanmar Co.,Ltd က ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ခုတင် ၅၀၀ ဆံ့ ပုဂ္ဂလိကဆေးရုံ ဝန်ဆောင်မှုလုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်အတွင်း ဂရန်းမန္တလေး ကုမ္ပဏီလီမိတက်မှ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ပုဂ္ဂလိကဆေးရုံ ဝန်ဆောင်မှုလုပ်ငန်းကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အတွင်း FLP Tharkayta Co.,Ltd က ရုံးခန်းနှင့် ကုန်သိုလှောင်ရုံ တည်ဆောက်ပြုပြင်ခြင်း၊ ငှားရမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း လုပ်ငန်းကို ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လည်းကောင်း၊ မြောင်းတကာ သံမဏိ စက်မှုဇုန်တွင် ကြေးအိုးကြီးပက်ထရို လီယမ်ပရိုဒိတ် ကုမ္ပဏီလီမိတက်က မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် အင်ဂျင်ဝိုင် ရောစပ်ထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကိုလည်းကောင်း အတည်ပြုပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်း Summit SPA Motors Limitd က Container Boxes တပ်ဆင်ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းကို ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်အတွင်း Great Wall-Zhong Neng Company Limited က ဖက်စပ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် သြဂဲနစ်မြေသြဇာနှင့် မြေသြဇာအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်အတွင်း Khin Maung Nyunt Steel Products & Galvanizing Company Limited က ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် သွပ်ရည်စိမ်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချခြင်း နှင့် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း Myanmar Electrical Business Group Public Company Limited က နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် လျှပ်စစ်သွယ်တန်းရာတွင် အသုံးပြုသော ကြွေသီး၊ ပိုလီမာ လျှပ်စစ်ကာ ပစ္စည်းများ၊ ဗို့အားမြှင့်လိုင်း ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာ မိန်းခလုတ်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကိုလည်း အသီးသီး လုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့သည်။

ပြည်ထောင်စု အစိုးရအဖွဲ့သည် ၂၀၁၈ ခုနှစ် ဇွန် ၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၉/၂၀၁၈ ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းအား ဥက္ကဋ္ဌအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

Most Read

Most Recent