<

၂၀၁၉ ခုနှစ်ခန့်တွင် စင်ကာပူအခြေစိုက် PUMA စွမ်းအင်ကုမ္ပဏီက မြန်မာနိုင်ငံ၌ LPG ရေနံဓာတ်ငွေ့ရည်ကို မီးဖိုချောင်သုံးအတွက် စတင်ဖြန့်ဖြူးရောင်းချမည်

သီလ၀ါဆိပ်ကမ်းရှိ PUMA နှင့် Asia Sun Energy တို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် P.E.A.S ကုမ္ပဏီ၏ လောင်စာသိုလှောင် စခန်းအား ၂၀၁၇ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

၂၀၁၉ ခုနှစ်ခန့်တွင် စင်ကာပူအခြေစိုက် PUMA စွမ်းအင်ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် ရေနံဓာတ်ငွေ့ရည် (LPG) ကို မီးဖိုချောင်သုံးအတွက် စတင်ဖြန့်ဖြူး ရောင်းချသွားနိုင်မည် ဖြစ်ကြောင်း ဇွန် ၂၁ ရက်က Union Business Centre တွင်ပြုလုပ်သည့် PUMA စွမ်းအင်ကုမ္ပဏီ၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“LPG နဲ့ပတ်သက်ပြီး လုပ်နေပြီလားဆိုတော့ ကျွန်တော်တို့ ဈေးကွက်တွေ လေ့လာနေပြီ။ ဘယ်လိုမျိုး ရင်းနှီးမြှုပ်နှံမှု လုပ်ရမယ် ဆိုတာကတော့ အကောင်အထည်ဖော်ဖို့လည်း ကြိုးစားနေပြီ။ အမြန်ဆုံးပေါ့။ ဘယ်အချိန်လဲဆိုတော့ ဖြစ်နိုင်မှာကတော့ may be ၂၀၁၉-၂၀၂၀ လောက်မှ ဖြစ်မှာပါ” ဟု PUMA စွမ်းအင်ကုမ္ပဏီ၏ Commercial Manager ဦးဝေလျံမင်းက ပြောကြားသည်။

PUMA စွမ်းအင်ကုမ္ပဏီ၏ ဈေးကွက်လေ့လာမှုများအရ မြန်မာနိုင်ငံတွင်လည်း မီးဖိုချောင်သုံးကဏ္ဍတွင် ဈေးကွက်အလားအလာ ကောင်းများရှိကြောင်း၊ ၎င်းတို့အနေဖြင့် ဈေးကွက်အတွင်းသို့ အရွယ်အစားမျိုးစုံဖြင့်  ဖြန့်ဖြူးရောင်းချမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အခုအချိန်အထိ လေ့လာသလောက်ကတော့ တခြားနိုင်ငံတွေမှာလည်း ကျွန်တော်တို့အရှေ့က အတွေ့အကြုံတွေအရ တကယ့်ဈေးကွက် အကြီးဆုံးကတော့ အိမ်သုံးပေါ့။ ဟင်းချက်တာတို့ ဘာတို့ပေါ့။ အဲဒါကတော့ အများဆုံးပဲ။ ကျွန်တော်တို့ စလင်ဒါ ပုံစံမျိုးစုံပေါ့။ ဒါကို အဓိကထားပါတယ်” ဟု ဦးဝေလျံမင်းက ပြောကြားသည်။

ရန်ကုန်မြို့၌ LPG Terminal တစ်ခုအား ဖွင့်လှစ်ပြီး တန် ၂၀၀၀ အထိ တင်ဆောင်နိုင်သည့် သင်္ဘောများဖြင့် သယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးရရှိထားသည့် အိမ်အများစုတွင် ထမင်း၊ ဟင်း ချက်ပြုတ်ရာတွင် လျှပ်စစ်မီးကိုသာ အသုံးပြုနေကြောင်း၊ ယင်းကဲ့သို့ လျှပ်စစ်မီးကို အသုံးပြုခြင်းထက် LPG ပိုမိုသုံးစွဲလာနိုင်ရန်အတွက် LPG ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေကြောင်း Yangon Investment Forum အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

“စက်မှုဇုန်တွေမှာ ညဘက်မှာ သုံးမယ်ဆိုရင် ဈေးလျှော့ပေးနိုင်မယ့် အခြေအနေမျိုး ဖြစ်မယ်ဆိုရင် စက်ရုံအလုပ်ရုံ တွေကလည်း ညဘက်မှာ လည်ပတ်မှုကိုတိုးပြီး ဆောင်ရွက်နိုင်ပြီး ထုတ်ကုန်ကိုလည်း တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လျှပ်စစ်နဲ့ပတ်သက်တဲ့ ကဏ္ဍနယ်ပယ်နဲ့ အခုအိမ်အများစုမှာ လျှပ်စစ်မီးဖိုနှင့် ချက်ပြုတ်နေတဲ့ စနစ်ကနေ LPG စနစ်နဲ့ ချက်ပြုတ်နိုင်တဲ့ စနစ်တွေကို ပြောင်းလဲသယ်ဆောင် သွားနိုင်ဖို့အတွက် ဒီရင်းနှီးမြှုပ်နှံမှုတွေ များစွာလိုအပ် နေပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

PUMA Energy International သည် နိုင်ငံပေါင်း ၄၇ နိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာ သိုလှောင်ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေး၊ ရောင်းချရေးကဏ္ဍများ ပေါင်းစပ်ထားသည့် စွမ်းအင်ကုမ္ပဏီကြီး ဖြစ်သည်။

 

June 23, 2018














Copy Protected by Chetan's WP-Copyprotect.