စပါး၊ ပဲနှင့် ဆီထွက်သီးနှံများအတွက် မျိုးစေ့ထုတ်လုပ်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မိုးရာသီတွင် စပါးသီးနှံဧက ၇၆၀၀၀ ကျော်၊ ဆီထွက်သီးနှံဧက ၁၁၀၀ ကျော်နှင့် ပဲမျိုးစုံသီးနှံဧက ၃၇၀၀ ကျော်ထုတ်ရန် လျာထား

စပါး၊ ပဲနှင့် ဆီထွက်သီးနှံများအတွက် မျိုးစေ့ထုတ်လုပ်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မိုးရာသီတွင် စပါးသီးနှံဧက ၇၆၀၀၀ ကျော်၊ ဆီထွက်သီးနှံဧက ၁၁၀၀ ကျော်နှင့် ပဲမျိုးစုံသီးနှံဧက ၃၇၀၀ ကျော်ထုတ်ရန် လျာထား
Published 24 June 2018

သနပ်ပင်မြို့နယ်ရှိ ပဲတီစိမ်းစိုက်ခင်း တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မောင်အေး)

ပြည်တွင်း၌ စပါး၊ ပဲနှင့် ဆီထွက်သီးနှံများအတွက် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မိုးရာသီတွင် စပါးသီးနှံဧက ၇၆၀၀၀ ကျော်၊ ဆီထွက်သီးနှံဧက ၁၁၀၀ ကျော်နှင့် ပဲမျိုးစုံ သီးနှံဧက ၃၇၀၀ ကျော်အတွက် မျိုးစေ့ထုတ်ရန် လျာထားဆောင်ရွက်မည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

“တောင်သူများ အရည်အသွေးကောင်းမွန်တဲ့ စပါးနဲ့ အခြားသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ပြီး လူမှုဘ၀ မြင့်မားလာစေရေးအတွက် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်နိုင်ရန်နဲ့ အပြည့်အ၀ သုံးစွဲနိုင်ရန် ဌာနပိုင်ခြံများနှင့် စိုက်ကွင်းများ၌ ထုတ်လုပ်ခြင်း၊ ဌာနနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်း၍ မျိုးစေ့ထုတ်လုပ်ခြင်း၊ တောင်သူအစုအဖွဲ့အလိုက် မျိုးစေ့ထုတ်အသင်းများ ထူထောင်၍ ထုတ်လုပ်ခြင်း စသည့်နည်းလမ်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၆- ၂၀၁၇ ခုနှစ်၌ စပါးသီးနှံမျိုးစေ့ ထုတ်လုပ်ခြင်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ စုစုပေါင်းစိုက်ဧက တစ်သောင်းကျော် စိုက်ပျိုးခဲ့ပြီး အထွက်တင်းပေါင်း ရှစ်သိန်းကျော် စိုက်ပျိုးထုတ်လုပ် နိုင်ခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ မိုးစပါးရာသီမှာ စပါးသီးနှံမျိုးစေ့ ထုတ်လုပ်ခြင်းကို မျိုးစေ့ထုတ်လုပ်သူများအသင်း၊ ကုမ္ပဏီ၊ ပုဂ္ဂလိက၊ အကျိုးတူလယ်ယာစနစ်၊ အကျိုးဆောင်တောင်သူ၊ မျိုးသန့်စံပြရွာ၊ ပြည်ပစီမံကိန်း အကူအညီ၊ ဌာနပိုင်ခြံနဲ့ တောင်သူ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တို့နဲ့ စုစုပေါင်း ဧက ခုနစ်သောင်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တင်းပေါင်း ငါးသန်းကျော် ထုတ်လုပ်နိုင်ခဲ့ပါတယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ခုနှစ်မိုးရာသီတွင် စပါးသီးနှံ ၇၆၁၂၁ ဧက၊ ဆီထွက်သီးနှံ ၁၁၂၂ ဧက နှင့် ပဲမျိုးစုံသီးနှံ ၃၇၈၅ ဧက မျိုးစေ့ထုတ်ရန် လျာထားဆောင်ရွက်မည်ဖြစ်ပြီး မျိုးကောင်း မျိုးသန့်ထုတ်လုပ်မှု တိုးတက်ရေးနှင့် သုံးစွဲမှု မြင့်တက်လာရေး မျှော်မှန်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယခုနှစ် နွေစပါးရာသီတွင် နိုင်ငံတစ်ဝန်း၌ နွေစပါးဧက၂ ဒသမ ၇ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ဧကနှစ်သိန်းကျော် ရိတ်သိမ်းပြီးစီးမှု အပေါ်တွင် တစ်ဧက အထွက်နှုန်း ၉၂ ဒသမ ၉၉ တင်းနှုန်း ထွက်ရှိကြောင်း  သိရသည်။

မိုးစပါးရာသီတွင် စပါးမျိုးစေ့ ထုတ်လုပ်သူများအသင်း ၃၀၃ သင်းမှ ဧက ၇၀၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပြီး မျိုးစေ့ထုတ်အသင်းများ (Seed Grower Association) များကို  မျိုးစေ့ထုတ် သမဝါယမအသင်းများအဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး၊  ပြည်နယ် ၁၀ ခု၊ မြို့နယ် ၉၃ ခုတွင် အသင်းသားပေါင်း ၂၂၅၀ ဖြင့် အသင်းပေါင်း ၁၀၈ သင်း ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ခုနှစ် ဆောင်းရာသီတွင်  မျိုးစေ့ထုတ်လုပ်ငန်း အနေဖြင့် ဆီထွက်သီးနှံ ဧက ၁၃၀၀ နှင့် ပဲမျိုးစုံသီးနှံ ၃၄၇၇ ဧကစိုက် ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent