အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် နှစ်လဆက်တိုက် ထိပ်ဆုံး၌ ရပ်တည်ခဲ့သော မြန်မာနိုင်ငံ စီးပွားရေးအရှိန် ပျော့လာခြင်းကြောင့် မေလညွှန်းကိန်းတွင် အဆင့်လေးနေရာအထိ ကျဆင်း

အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် နှစ်လဆက်တိုက် ထိပ်ဆုံး၌ ရပ်တည်ခဲ့သော မြန်မာနိုင်ငံ စီးပွားရေးအရှိန် ပျော့လာခြင်းကြောင့် မေလညွှန်းကိန်းတွင် အဆင့်လေးနေရာအထိ ကျဆင်း
Published 10 June 2018

ရန်ကုန်မြို့ရှိ စားသောက်ကုန် ထုတ်လုပ်သော စက်ရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

၂၀၁၈ ခုနှစ် မတ်၊ ဧပြီ အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI (Manufacturing Purchasing Manager’s Index - ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) ညွှန်းကိန်းတွင် နှစ်လဆက်တိုက် ထိပ်ဆုံး၌ ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် စီးပွားရေးအရှိန် ပျော့လာခြင်းကြောင့် မေလညွှန်းကိန်းတွင် အဆင့်လေးနေရာအထိ ကျဆင်းခဲ့ကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော IHS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

၂၀၁၈ ခုနှစ် မေလ အာဆီယံထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် ဗီယက်နမ်နိုင်ငံက ၅၃ ဒသမ ၉၊ ဖိလစ်ပိုင်နိုင်ငံက ၅၃ ဒသမ ၇၊ စင်ကာပူနိုင်ငံက ၅၂ ဒသမ ၈၊ မြန်မာနိုင်ငံက  ၅၂ ဒသမ ၆၊ အင်ဒိုနီးရှားနိုင်ငံက ၅၁ ဒသမ ၇၊ ထိုင်းနိုင်ငံက ၅၁ ဒသမ ၁၊ မလေးရှားနိုင်ငံ က ၄၇ ဒသမ ၆ ရရှိခဲ့ပြီး စစ်တမ်းကောက်ယူသည့် အာဆီယံနိုင်ငံ ခုနစ်နိုင်ငံတွင် မြန်မာနိုင်ငံက အဆင့်လေးသာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထုတ်လုပ်ရေး PMI အလိုက် နိုင်ငံများ၏ ထိပ်သီးအဆင့်ကို ဗီယက်နမ်က ထုတ်လုပ်ရေးကဏ္ဍ မေလတွင် အရှိန်ပိုရလာခဲ့ခြင်းဖြင့် မြန်မာနိုင်ငံထံမှ ရယူလိုက်သည်။ ဖိလစ်ပိုင်သည် လုပ်ကိုင်မှု အခြေအနေများ လျင်မြန်စွာ တိုးတက်လာနေကြောင်း မှတ်တမ်းတင်နိုင်ခဲ့လျက် ကပ်ပြီးလိုက်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် အားကောင်းနေဆဲ ဖြစ်သော်လည်း ဧပြီနှင့် နှိုင်းယှဉ်လျှင်  စီးပွားရေးအရှိန် ပျော့လာခဲ့သောကြောင့် အဆင့်သတ်မှတ်မှုတွင် စတုတ္ထနေရာသို့ ဆင်းပေးလိုက်ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်းသည် ၂၀၁၇ ခုနှစ် မတ်လတွင် ၅၃ ဒသမ ၁ အထိရှိခဲ့ရာမှ ဧပြီ လတွင် ၅၂ ဒသမ ၉၊ မေလတွင် ၅၂ ဒသမ ၀၀ ရှိခဲ့ကာ ဇွန်လတွင် ၄၉ ဒသမ ၄၊ ဇူလိုင် လတွင် ၄၉ ဒသမ ၁ အထိ ဆက်တိုက်ပြန်လည် ကျဆင်းခဲ့သည်။ ထို့နောက် သြဂုတ်လတွင် ၄၉ ဒသမ ၃၊ စက်တင်ဘာလတွင် ၄၉ ဒသမ ၄၊ အောက်တိုဘာလတွင် ၅၁ ဒသမ ၁ အထိ၊ နိုဝင်ဘာလတွင် ၅၁ ဒသမ ၆ အထိ ပြန်လည် မြင့်တက်ခဲ့သော်လည်း ဒီဇင်ဘာလတွင် ၅၁ ဒသမ ၁ အထိ ကျဆင်းခဲ့သည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ၅၁ ဒသမ ၇၊ ဖေဖော်ဝါရီ လတွင် ၅၂ ဒသမ ၆ အထိ၊ မတ်လတွင် ၅၃ ဒသမ ၇၊ ဧပြီလတွင် ၅၅ ဒသမ ၅ (၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့သည့် စစ်တမ်းကာလအတွင်း အမြင့်ဆုံး) အထိ မြင့်တက်ခဲ့ကာ မေလတွင် ၅၂ ဒသမ ၆ အထိ လျှောဆင်းခဲ့ခြင်းဖြစ်သည်။

မေလစစ်တမ်းဒေတာသည် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်း၌ တိုးတက်မှုအရှိန် ကျဆင်းလာမှုကို အချက်ပြနေပြီး သုံးလတာအတွက် အားအပျော့ဆုံး ဖြစ်ခဲ့သည်။ ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ ဦးမော့လာမှုမှာ ခြုံပြောရလျှင် တိုးတက်မှုနှုန်း အမြင့်ပိုင်းတွင် ရှိသော်လည်း အားပျော့လာခဲ့သည်။ လက်ကျန် အလုပ်များမှာ သိသာသည့်အရှိန်ဖြင့် ကျဆင်းလာခဲ့ပြီး အလုပ်နေရာ တိုးတက်ခန့်ထားမှုမှာ လွန်ခဲ့သည့် နိုဝင်ဘာမှစပြီး အနှေးဆုံးသို့ အားပျော့သွားခဲ့သည်။ ယင်းအတောအတွင်း ထည့်သွင်းကုန်ဈေးနှုန်း ဖောင်းပွမှုသည် အရှိန်ရလာပြီး ကုန်ကျစရိတ်များမှာ လေးလအတွင်း အမြန်ဆုံးနှုန်းဖြင့် မြင့်တက်ခဲ့သည်။

ထို့အတူ ထုတ်လုပ်ရေး တိုးတက်မှု မသိမသာ နှေးလာခဲ့သည်နှင့်အမျှ အလုပ်နေရာ တိုးခန့်မှုလည်း အနည်းငယ် အားပျော့ခဲ့ရာ အလုပ်နေရာသစ် ဖန်တီးနှုန်းသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာမှစပြီး အနှေးဆုံး ဖြစ်ခဲ့သည်။ ထုတ်လုပ်ရေး စွမ်းအားများအပေါ် ဖိအားပေးမှု နည်းလာခြင်း၏ ရောင်ပြန်ဟပ်မှုကို လက်ကျန်အလုပ်များ သိသာစွာ ကျဆင်းလာမှုတွင်ပါ တွေ့မြင်နိုင်ခဲ့သည်။ လုပ်ငန်းများတွင် အကောင်းမြင်စိတ် မသိမသာ မြင့်တက်ခဲ့သော်လည်း လုပ်ငန်းဆိုင်ရာ ယုံကြည်မှုမှာ အားနည်းလျက်ရှိသည်။

Most Read

Most Recent