MIC ခွင့်ပြုလုပ်ငန်းများမှ နှစ်စဉ် ပို့ကုန်တန်ဖိုး ၅၅ ရာခိုင်နှုန်းကျော် ပါဝင်သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှု ကျဆင်းခြင်းကြောင့် ၃၃ ရာခိုင်နှုန်းကျော်အထိ လျော့နည်းခဲ့

MIC ခွင့်ပြုလုပ်ငန်းများမှ နှစ်စဉ် ပို့ကုန်တန်ဖိုး ၅၅ ရာခိုင်နှုန်းကျော် ပါဝင်သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှု ကျဆင်းခြင်းကြောင့် ၃၃ ရာခိုင်နှုန်းကျော်အထိ လျော့နည်းခဲ့
Published 3 June 2018

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ပြည်ပပို့ကုန်ကဏ္ဍတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုခဲ့သည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ နှစ်စဉ် ပို့ကုန်တန်ဖိုး ၅၅ ရာခိုင်နှုန်းကျော် ပါဝင်သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှု ကျဆင်းခဲ့ခြင်းကြောင့် ၃၃ ရာခိုင်နှုန်းကျော်အထိ လျော့နည်းသွားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ရာ၌ ကုန်စည်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများအား အဓိက ဆောင်ရွက်ပြီး ၎င်းလုပ်ငန်းများမှ ထွက်ရှိသော ကုန်စည်များအား ပြည်ပသို့ နှစ်စဉ် တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန် တင်ပို့မှုအပေါ် အထောက်အကူပြု လျက်ရှိကြောင်း သိရသည်။

စုစုပေါင်းပို့ကုန်တန်ဖိုး ရာခိုင်နှုန်း ၈၀ ကျော်တင်ပို့သည့် ပင်လယ်ရေကြောင်းပို့ကုန် တင်ပို့မှုအပေါ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုသော လုပ်ငန်းများမှ တင်ပို့မှုတန်ဖိုးသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၅၄ ဒသမ ၂၈ ရာခိုင် နှုန်း၊ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ၅၉ ဒသမ ၉၇ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၆၂ ဒသမ ၇၄ ရာခိုင်နှုန်း၊၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆၆ ဒသမ ၅၅ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၄၆ ဒသမ ၀၂  ရာခိုင်နှုန်း၊၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၆၃ ဒသမ ၇၈ ရာခိုင် နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၃၃ ဒသမ ၄၉ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ပျမ်းမျှ ၅၅ ရာခိုင်နှုန်း ပါဝင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှု ကျဆင်းခဲ့ခြင်းကြောင့် လျော့နည်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ရရှိသော စာရင်းများအရ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၃၇ ဘီလျံ ရရှိခဲ့ကြောင်း သိရသည်။

MIC ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှ နှစ်အလိုက် ပင်လယ်ရေကြောင်း ပို့ကုန်တင်ပို့မှုတန်ဖိုး အခြေအနေသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇၂၀၇ ဒသမ ၁၁ သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၈၄၃ ဒသမ ၀၄ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၈၄၄၂ ဒသမ ၇၆ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၇၂၂၄ ဒ သမ ၁၂ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ၆၅၅၉ ဒသမ ၆၉ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၃၄၂၈ ဒသမ ၃၉ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင် ၆၉၄၇ ဒသမ ၅၁ သန်း ပါဝင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ရရှိသော စာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကို လာမည့် အောက်တိုဘာမှ စတင်မည်ဖြစ်ရာ လက်ရှိ ကြားကာလ ခြောက်လအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏကို ဒေါ်လာ ၁၃ ဘီလျံခွဲရရှိရန် မျှော်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

Most Read

Most Recent